(ကင်ဘာရာ၊ မတ်လ ၁၂-ရက်)
သြစတြေးလျနိုင်ငံ၏ အလုပ်လက်မဲ့နှုန်းသည် ဇန်န၀ါရီလအတွင်း ၅ ဒသမ ၂-ရာခိုင်နှုန်းရှိခဲ့ရာမှ ဖေဖော်ဝါရီလတွင် ၅ ဒသမ ၃-ရာခိုင်နှုန်းသို့ မြင့်တက်လာကြောင်း မတ်လ ၁၁-ရက်နေ့က ထုတ်ပြန်သည့် စာရင်းဇယားများ၌ ဖော်ပြသည်။
ဖေဖော်ဝါရီလတွင် ယင်းနိုင်ငံ၌ အလုပ်အကိုင်သစ် ၁၀၀၀၀- ဖန်တီးခြင်းနှင့်အတူ အလုပ်လက်မဲ့နှုန်းမှာ ၅ ဒသမ ၄-ရာခိုင်နှုန်း အထိ မြင့်တက်ဖွယ်ရှိသည်ဟု စီးပွားရေး ပညာရှင်များက မတ်လ ၁၁-ရက်နေ့ ခန့်မှန်းထားသည်။ (အင်တာနက်)
*** ဆေးခြောက် ၈ ဒသမ ၅-တန် တူရကီတပ်ဖွဲ့ သိမ်းဆည်းရမိ ***
(အင်ကာရာ၊ မတ်လ ၁၂-ရက်)
တူရကီလုံခြုံရေးတပ်ဖွဲ့သည် တူရကီနိုင်ငံအရှေ့ပိုင်း ဒီရာဘက်ကာပြည်နယ် လစ်မြို့ကျေးရွာတစ်ရွာ၌ ဆေးခြောက် ၈ ဒသမ ၅-တန်နီးပါးကို မတ်လ ၁၁-ရက်နေ့တွင် သိမ်းဆည်းရမိကြောင်း အနာတိုလီယာသတင်းစာက ဖော်ပြသည်။ အဆိုပါ စစ်ဆင်ရေးအတွင်း မသင်္ကာသူခြောက်ဦးကိုပါ ဖမ်းဆီးလိုက်သည်ဟုဆိုသည်။ တူရကီနိုင်ငံသည် အာရှမှအရှေ့အလယ်ပိုင်းသို့ မူးယစ်မှောင်ခိုတင်သွင်းရာ အဓိကလမ်းကြောင်းတစ်ခုဖြစ်သည်။ (ဆင်ဟွာ)
*** ကင်ညာငါးဖမ်းသင်္ဘောတစ်စင်း ဆိုမာလီဓားပြများ အပိုင်စီးပြန် ***
(နိုင်ရိုဘီ၊ မတ်လ ၁၂-ရက်)
ကင်ညာနိုင်ငံမှ သင်္ဘောသား ၁၆-ဦး လိုက်ပါလာသည့် ငါးဖမ်းသင်္ဘောတစ်စင်းကို ဆိုမာလီဓားပြများက ဆိုမာလီယာနိုင်ငံကမ်းလွန် အိန္ဒိယသမုဒ္ဒရာတစ်နေရာတွင် အပိုင်စီးကြောင်း ဒေသဆိုင်ရာ ရေကြောင်းဌာနမှ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက မတ်လ ၉-ရက်နေ့၌ ပြောကြားသည်။ ယင်းသင်္ဘောမည်သည့်အချိန် တွင်အပိုင်စီးခံရသည်ကို သဲကွဲစွာ မသိရကြောင်း၊ သို့ရာတွင် ကင်ညာရေပြင်ပိုင်နက်၌ အပိုင်စီးခံရဖွယ်ရှိသည်ဟု ၄င်းက ဆင်ဟွာသို့ပြောကြားသည်။ ယင်းသင်္ဘောပေါ်တွင် ကင်ညာနိုင်ငံသား ၁၀-ဦး၊ စပိန်မာလိန်မှူးတစ်ဦး၊ ပိုလန်အင်ဂျင်နီယာချုပ်တစ်ဦး၊ ဆီနီဂေါနိုင်ငံသား နှစ်ဦး၊ နမီးဘီးယားတစ်ဦးနှင့် ကိပ်ဗာဒီတစ်ဦးတို့ လိုက်ပါလာကြသည်ဟု ဆိုသည်။ (အင်တာနက်)
*** ရေနံဈေးနှုန်း အနည်းငယ်ပြန်တက် ***
ကမ္ဘာ့ဈေးကွက်တွင် ရေနံဈေးနှုန်းအနည်းငယ်ပြန်တက်လျက်ရှိရာ အမေရိကန်နိုင်ငံ နယူးယောက်မြို့ဈေးကွက်၌ မတ်လ ၁၂-ရက် ဈေးပိတ်ချိန်တွင် ရေနံတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၈၂ ဒေါ်လာအထိ တက်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** ကမ္ဘာ့ဈေးကွက်၌ ရွှေဈေးနှုန်း ကျဆင်း ***
ကမ္ဘာ့ဈေးကွက်တွင် ရွှေဈေးနှုန်းများ အနည်းငယ်ကျဆင်းလျက်ရှိရာ တရုတ်ဈေးကွက်၌ မတ်လ ၁၂-ရက်ဈေးပိတ်ချိန်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၁၀၇ ဒသမ ၀၈ ဒေါ်လာသို့ ကျဆင်းခဲ့ကြောင်း တရုတ်ငွေကြေးအရာရှိများက သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-မောင်ချစ်ကြည် ***
*** သြစတြေးလျ အလုပ်လက်မဲ့နှုန်း ဖေဖော်ဝါရီလ၌ ၅ ဒသမ ၃ ရာခိုင်နှုန်းရှိ ***

No comments:
Post a Comment