(မတ်လ ၁၂-ရက် ၂၀၁၀) ဖြစ်ရပ်-၁။ ။ မြန်မာပြည်မှ ၀ါရင့်သတင်းစာဆရာကြီးနှင့် NLD ၏ CEC တစ်ဦးဖြစ်သော ဟံသာဝတီ ဦးဝင်းတင်၏ အသက် (၈၀)ပြည့်မွေးနေ့ အထိမ်းမှတ် `ဘာလဲဟဲ့ လူ့ငရဲ´အမည်ရှိ စာအုပ်မိတ်ဆက်ပွဲကို ထိုင်း-မြန်မာနယ်စပ် အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)၌ ယနေ့ ကျင်းပသည်။ (မြန်မာပြည်သား)
ဖြစ်ရပ်-၂။ ။ ထိုင်းနိုင်ငံတွင် လူထောင်ချီသော အစိုးရဆန့်ကျင်ရေးဆန္ဒပြသူများ (အနီရောင်ရှပ်အင်္ကျီဝတ်များ)က ဘန်ကောက်မြို့တော်မှာ အချက်အချာကျသော ၅-နေရာ၌ ယနေ့စုရုံးနေကြကြောင်း၊ ထိုင်းအစိုးရကလည်း ရဲတပ်ဖွဲ့ဝင် (၅၀၀၀၀)ခန့်ကို ချထားကြောင်း သတင်းရရှိသည်။ (VOA)
(မတ်လ ၁၁-ရက် ၂၀၁၀) ဆန္ဒပြ အနီရောင်ဝတ် (ရှပ်နီ) ထိုင်းအစိုးရ ဆန့်ကျင်ရေးသမားများ ကြားတွင် တွေ့ရသည့် ရွှေ့ပြောင်း အလုပ်သမား များကို ထောင်ဒဏ် ၅ နှစ်နှင့် အလုပ်ရှင်အား ဘတ်ငွေ တသိန်း (ကျပ် သိန်း ၃၀ ဝန်းကျင်) ပြစ်ဒဏ် ချမှတ်မည် ဖြစ်ကြောင်း ထိုင်းအလုပ်သမား ၀န်ကြီးက ပြောကြားလိုက်သည်။ (ဧရာဝတီအင်တာနက်)
(မတ်လ ၁၀-ရက် ၂၀၁၀) ထိုင်း-မြန်မာနယ်စပ် ဖုတ်ဖရားမြို့နယ် ၄၄-ကီလိုမီတာကျေးရွာတွင် ယမန်နေ့ နံနက် ပိုင်းက မြန်မာအလုပ်သမား (၈၀)ဦးခန့်အား လည်းကောင်း၊ ဖုတ်ဖရားမြို့နယ်ပိုင်း အနီးရှိ အခြားကျေးရွာများ ဖြစ်ကြသည့် ၈-ကီလိုမီတာတိုက်နယ်ကျေးရွာကြီးနှင့် ဆောလက်တက်ကျေးရွာ၊ မော်ကဲ ကျေးရွာ၊ စသည်တို့တွင် မြန်မာအလုပ်သမား (၁၀၀)ခန့်အားလည်းကောင်း၊ ယနေ့ မွန်းလွဲပိုင်းတွင်လည်း စီခိုထိုင်း(မြန်မာတို့အခေါ်) ၃၅-ကီလိုမီတာ ကျေးရွာတွင် မြန်မာအလုပ်သမား (၅၀)ခန့်အားလည်းကောင်း၊ ဒေသခံပြည်သူ့စစ်၊ လ၀ကနှင့် နယ်ခြားစောင့်တပ်ဖွဲ့တို့မှ ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။ (မြန်မာပြည် သား)
(မတ်လ ၉-ရက် ၂၀၁၀) ဖြစ်ရပ်-၁။ ။ ထိုင်းရေပိုင်နက်အတွင်း ၀င်ရောက်လာသော ရိုဟင်ဂျာ (၉၃)ဦးပါဝင်သည့် လှေတစ်စင်းကို အစာရေစာအချို့ ပေးပြီး နိုင်ငံတကာ ရေပိုင်နက်အတွင်းသို့ သွားရောက်စေလွတ်ခဲ့ကြောင်း၊ ၄င်းတို့သည် ယခုအခါ မလေးရှားနိုင်ငံ ရေပိုင်နက်ထဲမှာ ရှိနေကြောင်း ထိုင်းကမ်းခြေစောင့်တပ်ဖွဲ့က ယနေ့ ပြောကြားသည်။ (BBC)
ဖြစ်ရပ်-၂။ ။ မလေးရှားနိုင်ငံ ပီနန်မြို့အကျဉ်းထောင်တွင် အသက် ၃၅-နှစ်အရွယ် ကိုဆန်းဦးအမည်ရှိ အကျဉ်းသားတစ်ဦးမှာ နေမကောင်းသဖြင့် ယခုလ ၄-ရက်နေ့က သေဆုံးသွားကြောင်း သတင်းရရှိသည်။ (မဇ္ဇျိမ)
(မတ်လ ၈-ရက် ၂၀၁၀) မြန်မာနိုင်ငံအကျဉ်းထောင်များတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ အပါအ၀င် အမျိုးသမီးနိုင်ငံရေးအကျဉ်းသား (၁၇၇) ဦးရှိကြောင်း ထိုင်း-မြန်မာနယ်စပ် အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)က ယနေ့ကျရောက်သော နိုင်ငံတကာ အမျိုးသမီးများနေ့၌ သတင်းထုတ်ပြန်ကျေညာလိုက်သည်။ (RFA)
(မတ်လ ၇-ရက် ၂၀၁၀) မြန်မာအရေးဆိုင်ရာ အာဆီယံပါလီမန် အမတ်များအဖွဲ့ဥက္ကဌ (AIPMC)ဥက္ကဌ ခရိုင်ဆတ်ချူဟာဝမ်က ထိုင်း-မြန်မာနယ်စပ် ထဆောင်ယန်းမြို့နယ် နောင်ဘိုဒုက္ခသည်စခန်းသို့ ယနေ့ရောက်ရှိလာပြီး စစ်ပြေးဒုက္ခသည်များကို နေရပ်သို့ ပြန်မပို့သင့်သေးကြောင်း ပြောဆိုသည်။ (BBC)
(မတ်လ ၆-ရက် ၂၀၁၀) ဖြစ်ရပ်-၁။ ။ မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ စားအုန်းဆီထုတ်လုပ်သူများက စားအုန်းဆီပိုမိုထုတ်လုပ်နိုင်ရန် ဖက်စပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မတ်လ ၆-ရက်နေ့က သဘောတူညီချက်လက်မှတ်ရေးထိုးကြသည်။ (အင်တာနက်)
ဖြစ်ရပ်-၂။ ။ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးအား မလေးရှားနိုင်ငံခြားရေးဝန်ကြီးက လက်ခံတွေ့ဆုံစဉ် (၆)နိုင်ငံဆွေးနွေးပွဲ၌ ပြန်လည်ပါဝင်ပါရန် တိုက်တွန်းသွားကြောင်း သတင်းရရှိသည်။ မလေးရှားနိုင်ငံနှင့် ရင်းနှီးသော ဆက်ဆံရေးရှိသည့် မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီူးအား ဆာဘားပြည်နယ်၏ မြို့တော်၌ လက်ခံတွေ့ဆုံစဉ် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်း ပြောကြားခြင်းဖြစ်သည်။ (RFA)
(မတ်လ ၁၃-ရက် ၂၀၁၀) ၂၂ ကြိမ်မြောက် မြန်မာပြည်လူ့အခွင့်အရေးနေ့ (၀ါ) ဗိုလ်ဖုန်းမော်နေ့ အခမ်းအနားတရပ်ကို ထိုင်း-မြန်မာနယ်စပ် တနေရာတွင် ယနေ့ ကျင်းပကြကြောင်း သတင်းရရှိသည်။ (မြန်မာပြည်သား)

No comments:
Post a Comment