***(ဇာ၊ ၄၉၉- သိဝိဇာတ်) ပစ္စုပ္ပန်ဝတ္ထု ***
မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်း၌ သီတင်းသုံးစဉ်- ပသေနဒီကောသလမင်းကြီး၏ အသဒီသဒါနကို အကြောင်းပြု၍ ဟောတော်မူသည်။
***အတိတ်ဇာတ်***
်သိဝိတိုင်း အရိဌပူရမြို့၌ သိဝိမင်းကြီး မင်းပြုစဉ်- မင်းကြီးသည် အလှူမဏ္ဍပ်ခြောက်ဆောင်ဆောက်၍ တစ်နေ့လျှင် အသပြာ ခြောက်သိန်းကုန် စွန့်ကြဲ လှူဒါန်းနေ၏။ ဤသို့နေ့စဉ်မပြတ် လှူဒါန်းနေတော်မူသော်လည်း အလှူ၌ မရောင့်ရဲနိုင်သေး၍ နံနက်အခါ ရာဇပလ္လင်ထက်၌ ကြံစည်တော်မူသည်ကား ငါသည် အပြင်ပဖြစ်သော ၀တ္ထုကိုသာ လှူဒါန်းပေးရသေး၏။ ကိုယ်တွင်းဖြစ်သော နှလုံးကို အလှူခံသူအား ပဒုမ္မကြာငုံကို ကပ်ကြေးဖြင့် ဖြတ်သကဲ့သို့ ဖြတ်၍လှူရသော် ကောင်းလေစွဟု ကြံတော်မူ၏။
**မျက်စိအလှူခံ ရောက်လာပြန်***
ထိုသိဝိမင်း၏ စိတ်အတွင်းအကြံကို သိကြားမင်းသိ၍ သိဝိမင်းကြီးအလှူမဏ္ဍပ်သို့ ထွက်တော်မူသောအခါ မျက်စိချိုတဲ့သော သူအိုဟန်ဖန်ဆင်း၍ မျက်စိတဖက်ကို လှူတော်မူပါဟု အလှူခံလေ၏။ မင်းကြီးသည် ၀မ်းမြောက်ဝမ်းသာပင် ဤအလှူမဏ္ဍပ်တွင် မျက်စိကိုထုတ်ရန် မသင့်လျော်၊ နန်းတော်သို့ သွားကြအံ့ဟု အလှူခံပဏ္ဏားကိုခေါ်ဆောင်ပြီး ရွှေနန်းတော်ရင်ပြင်သို့ ရောက်သောအခါ ဆေးဆရာသိဝိကကို ခေါ်တော်မူပြီး….
`ငါ၏ မျက်စိကိုထုတ်ပေးလေ၊ မျက်လုံးထက်ပင် သဗ္ဗညုတဥာဏ်တော်ကို ငါမြတ်နိုးတော်မူသည်။ လှူတော့မည်´ဟု အမိန့်ရှိ၏။
ဘုရင်မင်းမြတ်၊ လှူစရာ ရတနာ ခုနှစ်ပါး များစွာပင် ရှိပါသည်။ လှူဒါန်းတော်မူပါ။ မျက်စိကို မလှူပါလင့်´ဟု မောင်းမမိဿံအပေါင်းတို့ ငိုကြွေးတောင်းပန်ကြသော်လည်း ပယ်တော်မူပြီး…..
`ဆရာသိဝိက အချိန်ဆွဲမနေပါနှင့် ယခုပင် ထုတ်ယူ၍ ငါ့လက်သို့ ဆက်ဘိလော့´ဟု မိန့်တော်မူ၏။
သိဝိကလည်း မင်း၏ မျက်စိကို ဓားဖြင့် မထိစကောင်းဟု ဆေးများကို ကွင်းလျက် လင်္ကျာဘက်မျက်စိကိုထုတ်သောကာလ ဘုရားလောင်းတော်သည် ပြင်းထန်သော ဒုက္ခဝေဒနာကို သည်းခံ၍ သဗ္ဗညုတဥာဏ်တော်အတွက် လင်္ကျာဘက် မျက်စိကျွတ်ထွက်လာချိန်တွင် ဆေးဆရာသိဝိကသည် လက်တော်သို့ ဆက်လေ၏။ မင်းကြီးသည် လက်ဝဲဘက်မျက်စိဖြင့် စေ့စေ့ကြည့်ပြီး၊ ပုဏ္ဏားအား လင်္ကျာဘက်မျက်လုံးကို လှူလေ၏။
ထို့နောက်တွင် တစ်ဖန် လက်ဝဲဘက်မျက်လုံးကို ထုတ်စေတော်မူပြီး ဒါနပါရမီကို ဖြည့်ဆည်း လှူဒါန်းတော်မူပြန်၏။
***သစ္စာပြုရန်တိုက်တွန်းပြန်***
မင်းကြီး၏ ရောဂါလည်း မကြာမီပင် အသားနုတက်၏။ မင်းကြီးမှာ မျက်လုံးနှစ်ဘက်စလုံး ကွယ်သေးသဖြင့် `ငါ့ကို နန်းမှချ၍ မင်္ဂလာရေကန်သို့ပို့ကြကုန်၊ မျက်ကန်းမင်းပြုသဖြင့် တိုင်းပြည်တွင် အကျိုးမရှိနိုင်´ဟု မိန့်တော်မူပြီး မင်္ဂလာရေကန်ဝယ် ထက်ဝယ်ဖွဲခွေနေတော်မူပြီး ဒါန အာနိသင်ကို ဆင်ခြင်တော်မူရာ သိကြားမင်းရောက်လာပြီး….
`မင်းကြီး၊ အကျွန်ုပ်သည် မိုးသိကြားမင်း ဖြစ်ငြားသော်လည်း မျက်စိကို ဖန်ဆင်ခြင်းငှာမတတ်နိုင်ပါ၊ သစ္စာကိုသာ ပြုတော်မူပါ´ဟု တိုက်တွန်း၏။
ထိုအခါ သိဝိမင်းက သစ္စာအဓိဌာန်ပြုလေသည်မှာ……..
`ငါသည် ပုဏ္ဏားအား မျက်စိလှူသောအခါ၌ သဒ္ဒါရွှင်လန်း ၀မ်းမြောက်ဝမ်းသာ လှူဒါန်းခဲ့ပါ၏။ ဤမှန်သောသစ္စာစကားကြောင့် ငါ့မျက်စိအား အသစ်ဖြစ်စေသော်´ဟု သစ္စာဆိုလိုက်သည်နှင့် တစ်ပြိုင်နက် မျက်စိနှစ်ဘက်စလုံး ပေါ်ပေါက်လာပြီး ထင်ထင်ရှားရှား မြင်ရလေတော့၏။
သိကြားမင်းသည်လည်း မိမိတန်ခိုးအားဖြင့် တိုင်းနံရံ တောင်ကမ်းခြားရာသို့ တစ်ယူဇနာတိုင်တိုင် မြင်စေသော်ဟု ဆုပေးပြီး တာဝတိံသာနတ်ပြည်သို့ ပြန်သွားလေသည်။
သိဝိမင်းကြီးလည်း နန်းထက်သို့တက်၍…..
`မလှူဒါန်းဘဲ မသုံးဆောင်ကြနှင့်´ဟု ပြည်သူပြည်သားတို့အား ဆုံးမစကား ပြောကြားလေ၏။
***ဇာတ်ပေါင်းသော်***
သိဝိကဆေးဆရာသည် - အာနန္ဒာ
သိကြားမင်းသည် - အနုရုဒ္ဓါ
ပရိသတ်သည် - ငါဘုရားပရိသတ်
သိဝိမင်းသည် - ငါဘုရားဖြစ်လာ၏ဟု ဇာတ်တော်ကိုပေါင်း၏။
*** ဦးလှခင် - ဆန်းညွန့်ဦး ***
*** သိဝိမင်း၏ သစ္စာစကား ***

No comments:
Post a Comment