လီဗာပူးလ်အသင်းသည် တော့တင်ဟမ် ဟော့စပါး အလယ်တန်းလူ နစ်ကိုကရန်ဂျာအား ခေါ်ယူရန် ပြင်ဆင်နေကြောင်း သိရသည်။ နည်းပြသစ် ဂျရတ်ဟူလီယာ လက်အောက်တွင် အသစ်ပြန်လည် ဖွဲ့စည်းနေသော အက်စ်တန်ဗီလာ အသင်းကလည်း ယင်းခရိုအေးရှား လက်ရွေးစင်ကို စိတ်ဝင်စားနေရာ လီဗာပူးလ်နှင့်အပြိုင် ကြိုးပမ်းလာဖွယ် ရှိနေသည်။ လက်ရှိအချိန်တွင် တန်းဆင်းဇုန်အတွင်း ကျရောက်နေသလို အသင်းတွင် ဘဏ္ဍာရေး အကြပ်အတည်းများ ကြုံတွေ့ပြီး ပိုင်ရှင်အပြောင်းအလဲ အရှုပ်အထွေးများ ရှိနေသော်လည်း နည်းပြကြီး ရွိုင်ဟော့ဂ်ဆန်က အသက်(၂၆)နှစ်ရှိ ကွင်းလယ်ဖန်တီးရှင်ကို ၀ယ်ယူနိုင်မည်ဟု မျှော်လင့်နေသည်။
** ဘန်ဇီးမားအား တော့တင်ဟမ်ကလည်း ခေါ်ယူလို **
ရီးယဲလ်မက်ဒရစ် တိုက်စစ်မှူး ကာရင်မ်ဘန်ဇီးမားအား စိတ်ဝင်စားနေသည့် အသင်းများအနက် တော့တင်ဟမ် ဟော့စပါးလည်း ပါဝင်လာပြီဖြစ်သည်။ ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူးသည် အိုလံပစ် လိုင်ယွန်မှ စပိန်ထိပ်တန်း ကလပ်အသင်းသို့ ယူရို(၃၅)သန်းဖြင့် ပြောင်းရွှေ့လာပြီးနောက် ဘာနေဗျူးကွင်းကြီးတွင် ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးကာ ခြေစွမ်းအမှန်ရရန်လည်း ရုန်းကန်ခဲ့ရသည်။ ယင်းကို မန်ချက်စတာ ယူနိုက်တက်၊ အင်တာမီလန်၊ ဂျူဗင်းတပ်စ်စသည့် အသင်းများက ချိတ်ဆက်နေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိပြီး ယခုအခါ စပါးနည်းပြ ဟယ်ရီရက်နပ်ကပါ အသင်း၏ တိုက်စစ်ကို အားဖြည့်ရန်အတွက် စိတ်ဝင်စားလာခြင်းဖြစ်သည်။
** ဇာတ်ကားသစ်တစ်ခုတွင် ဘရတ်ပစ်နှင့်ဂျိုလီ တွဲဖက်သရုပ်ဆောင်ဖွယ်ရှိ **
(၅)နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဇာတ်ကားတစ်ခုတွင် ဘရတ်ပစ်တ်နှင့် အန်ဂျလီနာဂျိုလီတို့ ပထမဆုံးအကြိမ် ပြန်လည်တွဲဖက် သရုပ်ဆောင်ဖွယ် ရှိနေကြောင်း သိရသည်။ Tigerဟု အမည်ပေးထားသော ဇာတ်ကားတွင် ပါဝင်ရန်အတွက် Curious Case of Benjamin Button မင်းသား ပစ်တ်က လက်မှတ်ရေးထိုးထားပြီးဖြစ်သည်။ Tiger ဇာတ်ကား၏ ဇာတ်ညွှန်းရေးဆရာ ဂွီလာမို အာရီဂါက ယင်းဇာတ်ကားတွင် Salt စတား ဂျိုလီသည်လည်း သူမနှင့် နှစ်ရှည်လများ တွဲနေသည့် ပစ်တ်နှင့်အတူ ပါဝင်လာဖွယ် ရှိနေကြောင်း အရိပ်အမြွက် ပြောကြားသွားသည်။
** ဒိန်းမတ်ဂိုးသမားအား မန်ယူကင်းထောက်များ အကဲဖြတ် **
မန်ချက်စတာယူနိုက်တက် အသင်း၏ ကစားသမားသစ် ရှာဖွေရေး ကင်းထောက်များသည် ဒိန်းမတ်ဂိုးသမား အန်းဒရက်စ် လင်ဒါဂတ်ဒ်၏ နိုင်ငံတကာ ပြိုင်ပွဲအဆင့် စွမ်းဆောင်ရည်နှင့် ပတ်သက်ပြီး သွားရောက်အကဲဖြတ်ခဲ့ကြောင်း သိရသည်။ လင်ဒါဂတ်ဒ်သည် ယူနိုက်တက် နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်၏ ကာလရှည်ကြာစွာ စိတ်ဝင်တစား စောင့်ကြည့်မှုကို ခံနေရပြီး ယူနိုက်တက်မှ ဒတ်ခ်ျဝါရင့် ဂိုးသမားကြီး အက်ဒွင်ဗန်ဒါဆား၏ နေရာကို အစားထိုးနိုင်ရန် ရည်ရွယ်ထားသည်။
** 7 Day သတင်းဂျာနယ်မှ ကူးယူဖော်ပြသည်။ **
** တော့တင်ဟမ်အလယ်တန်းလူအား လီဗာပူးလ်နှင့် ဗီလာတို့က အပြိုင်ခေါ်ယူရန်ပြင် **

No comments:
Post a Comment