**လူငယ်တွေကို မနာလိုဘူး**
ကောင်းလိုက်တာလို့ ၀မ်းသာအားရတွေးမိတယ်။ အင်တာနက် ကျေးဇူးကြောင့် နှစ်ပေါင်းများစွာ အဆက်အသွယ်ပြတ်နေတဲ့ မိတ်ဟောင်းဆွေဟောင်းတွေနဲ့ ပြန်ပြီး အဆက်အသွယ်ရတယ်။ မိတ်ဆွေသစ်တွေလည်း တိုးလာနိုင်တယ်။ နိုင်ငံပေါင်းစုံရောင်းနေတဲ့ လူတွေချင်း သတင်းဖလှယ်နိုင်တယ်။ ဗဟုသုတတွေ ရှာဖွေနိုင်တယ်။ အဲဒီကတစ်ဆင့်တက်ရင် ၀ါသနာ တူရာတူရာ စုပေါင်းပြီး လူမှုရေးလုပ်ငန်း မျိုးတွေ၊ ပရဟိတလုပ်ငန်းမျိုးတွေ အများကြီး ဆောင်ရွက်နိုင်ကြတယ်။ ဒါကြောင့်လည်း ဒီခေတ်ကို အင်တာနက်ခေတ်လို့ ခေါ်ကြတာကိုး။ ကိုယ့်အသက်ကို နှစ်ပေါင်းလေး ငါးဆယ်လောက်နောက်ပြန်၊ ဆုတ်ထားချင်စိတ်တွေ တစ်ဖွားဖွားပေါ်လာခဲ့တယ်။ လူငယ်တွေကို အားကျလိုက်တာ၊ အင်တာနက်ခေတ်က သူတို့နဲ့မှ လိုက်ဖက်တာလေ။ လူအိုလူမင်းတွေဆိုတော့ လူငယ်တွေလို ဘယ်လိုလုပ်ပြီး ကွန်ပြူနာရှေ့ အကြာကြီးထိုင်နိုင်မှာလဲ။ လူငယ်တွေသာ အင်တာနက်လှိုင်းစီးရတဲ့ အရသာကို ခံစားနိုင်ကြမှာပေါ့။ အင်တာနက်လှိုင်းနဲ့အတူ လိုက်ပါစီးမျောရင်း နယ်ပယ်သစ်တွေကို သူတို့ပဲ ရှာဖွေတွေ့ရှိကြမှာလေ။ သူတို့ကို မနာလိုတောင် ဖြစ်ရတယ်။
**ဘာဆိုဘာမှမဆိုင်**
အသက်ကြီးလို့ ခေတ်နောက်ကျန်နေရစ်တယ်ဆိုတာမျိုး မဖြစ်ချင်လို့ ခေတ်နောက်ကို အပြေးလိုက်ပါတယ်။ ဒါပေမယ့် စိတ်သာရှိတယ်။ ခန္ဒာကိုယ်က မပါတော့ဘူး။ ကွန်ပြူတာရှေ့ ခဏလေး ထိုင်ရသေးရုံနဲ့ ခါးကနာလာပြီ၊ မျက်စိက ၀ါးလာပြီ၊ လက်ကိုင်ဖုန်းဆိုတာများ လူအိုများနဲ့ ဘာမှကို မဆိုင်ဘူး။ ကလေးတွေများ လက်တစ်ဖက်တည်းနဲ့ လက်ကိုင်ဖုန်းကိုနှိပ်လိုက်၊ လက်မကိုင်ဘဲ ပုခုံးနဲ့ ညှပ်ပြီး ပြောလိုက်နဲ့ လွယ်ကူလိုက်ကြတာ။ လူအိုတွေအဖို့တော့ လက်တစ်ဖက်နဲ့ သေသေချာချာကိုင်ပြီး နောက်လက်တစ်ဖက်နဲ့ သေသေချာချာ ဂရုစိုက်တာတောင်မှ တလွဲသွားသွားနှိပ်မိသေးတယ်။ အမ်ပီသရီးတို့ ဖိုးတို့ ဆိုတာတွေများ ပိုတောင်ဆိုးသေး အနှိပ်မှားသွားတာနဲ့ အကုန်လုံး ပျောက်သွားရော၊ ဘာမှ ဆက်မလုပ်တတ်တော့ လူငယ်တွေကိုမျှော်ရပြန်ပါတယ်။ သူတို့လုပ်မှ “လုပ်ပေးပါဦး”ဆို ထိုးပေးရတယ်လေ။
ကာလသားကြီးယောင်ဆောင်
ကိုယ့်ကိုယ်ကိုယ် ကာလသားကြီးအယောင်ဆောင်ပြီး ဒစ်ဂျစ်တယ် ခေတ်ကြီးနောက် အပြေးလိုက်နေပေမယ့် အဖိုးအိုကတော့ အဖိုးအိုပါပဲ။ မျက်စိလည်းအို နားလည်းအိုပြီ၊ လက်ကလည်းအို ဒူးကလည်းအို၊ ခါးကလည်းအိုပြီ၊ အိုတာကို ခုချိန်ထိတော့ ဘယ်ေးဆ၀ါးတွေနဲ့မှ မတားနိုင်သေးပါဘူး။ ဆံဖြူကို ဆေးဆိုးလိုက် သွားမရှိတာကို အံကပ်လေး တပ်လိုက်နဲ့ ဖုံးကွယ်ထားနိုင်ရုံလောက်ပဲ တတ်နိုင်တယ်။ ဖုံးကွယ် ဟန်ဆောင်တယ်ဆိုတာလည်း လွယ်တာ မဟုတ်ဘူး။ ငွေကုန်လူပန်းဖြစ်ရပါတယ်။ မကောင်းပါဘူး။
**လူအိုပေးတဲ့ဒုက္ခ**
မကောင်းမှန်းသိပေမယ့် ခက်တာက အလျော့မပေးချင်တဲ့စိတ်၊ ငါအိုပြီ၊ မလုပ်နိုင်တော့ဘူး။ မတတ်နိုင်တော့ဘူးလို့ ၀န်မခံချင်ဘူး။ လူအိုလေ ခေါင်းမာလေပဲ။ ခေါင်းမာလေးပဲ။ သူများတွေတော့ မသိဘူး။ ကိုယ်တိုင်ကတော့ ခေါင်းမာရုံသာ မဟုတ်တော့ဘူး။ ကာလသားလိုလည်း ပေတေတေနိုင်သေးတယ်။ ညတစ်ချက်ခွဲနှစ်ချက်မှာ ကန်တဲ့ ဘောလုံးပွဲကို အိပ်ရေးပျက်ခံ မကြည့်သင့်ဘူးဆိုတာ သိသိကြီးနဲ့ ပေတေပြီး ကြည့်ဖြစ်အောင် ကြည့်တယ်။ နှစ်ရက်လောက် ဆက်ကြည့်လိုက်တော့ နေမကောင်းဖြစ်ရော၊ ဒီတော့ အိမ်က ကလေးတွေ ဒုက္ခများကြရောလေ။ အိမ်ထောင်စုတိုင်းမှာ ဒီလိုပဲ လူအိုတွေပေးတဲ့ ဒုက္ခတွေကို လူငယ်တွေ တော်တော်ခံကြရတယ်။ လူငယ်တွေက နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာမှာကို သိလို့ မလုပ်စေချင်တာတွေကို လူအိုတွေကလည်း အလျော့မပေးချင်တဲ့စိတ်နဲ့၊ ငါလုပ်နိုင်တယ်။ ငါအလကား မဖြစ်သေးဘူးဆိုတာတွေ ပြချင်တဲ့ စိတ်မျိုးတွေနဲ့ လုပ်ဖြစ်အောင် လုပ်တတ်ကြတယ်။ နောက်ဆုံး ထိခိုက်မိတော့ အိပ်ရာထဲ လဲရော၊ ဒုက္ခရောက်ကြရတာက လူငယ်တွေသာ ဖြစ်ကြတယ်။
**ခေါင်းမာလို့ မရတော့**
အင်တာနက်ခေတ်၊ ဒစ်ဂျစ်တယ်ခေတ်၊ နည်းပညာတွေက နေရာတကာ အသုံးကျရုံတင်မကဘူး။ လူအိုကြီးတွေကိုလည်း အသိတရား ရှိလာအောင် ပြုပြင်ပေးတယ်။ ကိုယ်မစွမ်းဆောင်နိုင်တော့တာတွေကို ကိုယ့်ဟာကိုယ်သိမြင် သဘောပေါက်လာစေတယ်။ ဒီလို ကိုယ့်ဟာကိုယ် သဘောပေါက်တာက အင်မတန် တန်ဖိုးရှိပါတယ်။ အထက်မှာ ပြောခဲ့သလိုပဲ လူအိုလေ ခေါင်းမာလေ ဖြစ်တယ်။ သူများတွေက ကြီးပါပြီ၊ အိုပါပြီလို့ပြောရင် မခံချင်စိတ်နဲ့ လက်ခမောင်း ထခတ်ပြီး အစွမ်းအပြချင်တတ်ကြ သေးတာ။ အမ်ပီသရီး၊ အမ်ပီဖိုးတို့ လက်ကိုင်ဖုန်းတို့နဲ့ကျတော့ လူအိုကြီးတွေ ခေါင်းမာလို့ မရတော့ဘူး။ ဒါတွေဟာ သူတို့နဲ့ မအပ်စပ်တော့ဘူး။ ဒီခေတ်ဟာ သူတို့ခေတ်မဟုတ်တော့ဘူးဆိုတာကို ကောင်းကောင်းကြီး သဘောပေါက်ပြီး လက်ခံ လိုက်ကြရတော့တယ်။
**ကိုယ်စွမ်းရာ ကိုယ်သန်တာ**
လူတွေမှာ ကိုယ့်ကိုယ်ကိုယ် သိဖို့ဆိုတဲ့ အချက်က အရေးကြီးဆုံးပါပဲ။ လောကကြီးထဲက အရာအားလုံးမှာ “အကန့်အသပ်”ဆိုတာ ရှိမြဲဖြစ်တယ်။ အသက်မှာ အပိုင်းအခြား အကန့်အသပ်ရှိသလို အစွမ်းအစဆိုတာမှာလည်း အကန့်အသပ်ရှိတယ်။ အသက်ခြောက်ဆယ် ခုနစ်ဆယ်အရွယ်က ဆယ့်ခြောက်နှစ်သားလို ဘယ်စွမ်းမှာလဲ။ အလားတူပဲ ကျောင်းဆရာက ကျောင်းဆရာလောက်ပဲ စွမ်းနိုင်မယ်၊ ဆရာဝန်လို မစွမ်းနိုင်ဘူး။ ဆရာဝန်ကလည်း သူ့အလုပ်မှာသာ သူ ကျွမ်းမယ်။ အင်ဂျင်နီယာအလုပ် ၀င်လုပ်လို့မရဘူး။ ဒီလောက်တော့ မသိဘဲ နေမလားလို့ ပြောစရာရှိတယ်။ ဘယ်လိုပဲပြောပြော တကယ်ကျတော့ မသိသူတွေ များပါတယ်။ မသိလို့သာ ကိုယ့်အလုပ်မဟုတ်တာတွေ ၀င် ၀င် လုပ်နေကြသူတွေ နေရာတကာမှာ အများကြီးမြင်တွေ့နေရတာ ဖြစ်တယ်။ အဝေးကြီး မကြည့်နဲ့ ဒီနေ့ဂျာနယ်တွေပဲ လှန်လှောကြည့်လိုက်။ နိုင်ငံရေးအကြောင်း ဘာမှ မသိသူတွေက နိုင်ငံရေးအကြောင်း ရေးနေတာတွေ၊ စီးပွားရေးအကြောင်း ဘာမှမသိဘဲနဲ့ စီးပွားရေးအကြောင်း ရေးနေတာတွေ တစ်ပုံကြီးတွေ့နေ ဖတ်နေရတယ် မဟတ်လား။ တိုင်းတို့ နယူးစ်ဝိခ်တို့ အီကောနောမစ်တို့က အင်တာနက်က ရေးထားတဲ့ သုံးသပ်ချက်တွေ လောက်ဖတ်ပြီး လူတွင်ကျယ် လုပ်နေကြတာများတယ်။ ကျမ်းရင်းတွေကို ဖတ်ဖူးခဲ့ကြတာ မဟုတ်ပါဘူး။ ရောမ ခေါမခေတ်သမိုင်းကို ပယ်ပယ်နယ်နယ် လေ့လာမထားဘဲနဲ့ ဒီမိုကရေစီအကြောင်း ဘယ်လိုမှ မသိနိုင်ပါဘူး။ အမေရိကန် ဒီမိုကရေစီနဲ့ အင်္ဂလိပ် ဒီမိုကရေစီလောက်ကို ဒီမိုကရေစီအစစ်လို့ ထင်နေသူဟာ ဒီမိုကရေစီအကြောင်း တကယ်သိသူ မဟုတ်ပါဘူး။ ကားလ်မတ်ရဲ့ အနုပဋိလောမ သဘောတရားနဲ့ ကွန်မြူနစ်ကြေညာစာတမ်းကို မဖတ်ဖူးဘဲနဲ့ မိတ်ဆက်နိဒါန်းဆိုတဲ့ စာအုပ်မျိုးလောက်ဖတ်ပြီး ကွန်မြူနစ်ဝါဒအကြောင်း သိတယ်လို့ မပြောနိုင်သလို၊ အရင်းကျမ်း ဆိုတဲ့စာအုပ်ကြီး မဖတ်ဖူးဘဲနဲ့လည်း စီးပွားရေးအကြောင်း ပိုင်ပိုင်နိုင်နိုင် သိတယ်လို့ မဆိုနိုင်ပါဘူး။ အရေးကြီးတာက ဘာပဲလေ့လာလေ့လာ မူရင်းကျမ်းကြီးတွေ ဖတ်ပြီး လေ့လာဖို့ဖြစ်ပါတယ်။ အဖွင့်ကျမ်းတို့ မိတ်ဆက်နိဒါန်းတို့ဆိုတဲ့ စာအုပ်တွေဖတ်ပြီး ပညာရှင်လုပ်လို့ မရပါဘူး။
**လူရယ်စရာ ဖြစ်တတ်တယ်**
လူ့လောကမှာ ခက်နေတာက လူတွေဟာ ကိုယ့်ကိုယ်ကိုယ် မသိခြင်းပဲ ဖြစ်တယ်။ စောစောက ပြောခဲ့သလိုပဲ အဖွင့်ကျမ်းတို့၊ မိတ်ဆက်နိဒါန်း စာအုပ်တို့ အနှစ်ချုပ်စာအုပ်တို့ဆိုတာတွေလောက် ဖတ်ပြီး ငါတော်လှပြီ၊ ငါသိလှပြီလို့ အထင်ရောက်နေကြတာက များတယ်။ ကိုယ့်ဟာကိုယ် ထင်တစ်လုံးနဲ့ သွေးနထင်ရောက်နေရုံဆို ကိစ္စမရှိပါဘူး။ ကိုယ့်ကိုယ်ကိုယ် ပညာရှင်လို့ ကင်ပွန်းတပ်ပြီး ပေါက်တတ်ကရတွေ လျှောက်ရေးနေရင်တော့ အန္တရာယ်ရှိပါတယ်။ တတ်သိနားလည် သူတွေကတော့ ပြုံးနေကြပါလိမ့်မယ်။ လူအိုက ကိုယ့်ကိုယ်ကိုယ် လူအိုမှန်းမသိရင် လူရယ်စရာ ဖြစ်တတ်ပါတယ်။ အလားတူပဲ မသိဘဲနဲ့ လူတွင်ကျယ်လုပ်ရင်လည်း (Laughing Stock)ဆိုတဲ့ ရယ်စရာသတ္တ၀ါဖြစ်တတ်တဲ့ အကြောင်း ရေးလိုက်ရပါတယ်။
**လူထုဦးစိန်ဝင်း**
(၂၅၊ ၇၊ ၂၀၀၉- လူထုရနံ့ စာစုများမှ)
“Facebook ထဲမှာ ဆရာ့ပုံတွေ စာတွေတင်ထားတာတွေ့တယ်” ဂျာနယ်တစ်စောင်က လူငယ်တစ်ယောက် စာမူလာယူရင်း ပြောလိုက်တာပါ။ ခုတစ်လောမှာ ကွန်ပြူတာ မဖွင့်ဖြစ်ဘူး။ မီးလာတဲ့အချိန်မှာ စာတွေရေးဖို့က အရေးကြီးတာကြောင့် အင်တာနက်နဲ့ အဆက်ပြတ်နေပါတယ်။ လူငယ်လေး ပြောသွားမှ ဘာတွေများပါလိမ့်လို့ သိချင်တာကြောင့် ဖွင့်ကြည့်လိုက်ပါတယ်။ သြဂုတ်လထဲမှာကျတဲ့ မွေးနေ့အတွက် နယူးယောက်နေ တပည့်တစ်ယောက်က တင်လိုက်တာပါ။ သူတင်လိုက်တာကို တွေ့တော့ နိုင်ငံပေါင်းစုံမှာ ရောက်ရှိနေကြတဲ့ တပည့်ဟောင်းတွေက တစ်ယောက်ပြီး တစ်ယောက် သူတို့ဓာတ်ပုံနဲ့ အမှာစကားလေး တစ်ကြောင်း နှစ်ကြောင်း ရေးပို့ကြပါတယ်။

No comments:
Post a Comment