လက်မှတ်ရေးထိုး **
(မက္ကဆီကိုစီးတီး၊ နိုဝင်ဘာလ ၂၃-ရက်)
မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီး၌ နိုဝင်ဘာလ ၂၂ ရက်က ကျင်းပသည့် မြို့ကြီးများ၏ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာကြသော ကမ္ဘာတစ်ဝန်းမှ နိုင်ငံနှင့် ဒေသ ၄၃ ခုမှ မြို့တော်ဝန် ၁၃၈ ဦးတို့က မက္ကဆီကိုစီးတီးသဘောတူညီချက်ဟုခေါ်သည့် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးလိုက်ကြသည်။ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးအတွက် ပိုမိုကြိုးပမ်းပြီး ယခုထက် ပိုမိုကောင်းမွန်အောင် စီစဉ်ဆောင်ရွက်ကြရန် မြို့တော်ဝန်များက သဘောတူညီကြသည်။ လေထုအတွင်း ဖန်လုံအိမ်အာနိသင် ဓာတ်ငွေ့ထုတ်လွှတ်မှု လျော့ပါးအောင် ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့တော်ဝန်များက အာမခံပြောကြားကြသည်။ (အင်တာနက်)
** နိုင်ငံတကာလေဆိပ်သစ်ကြီး မွမ်ဘိုင်းမြို့၌ တည်ဆောက်မည် **
(နယူးဒေလီ၊ နိုဝင်ဘာလ ၂၃-ရက်)
အိန္ဒိယနိုင်ငံ၏ စီးပွားရေးအချက်အချာကျရာ မွမ်ဘိုင်းမြို့၌ အမေရိကန်ဒေါ်လာ နှစ်ဘီလီယံ ကုန်ကျမည့် ဒုတိယမြောက် နိုင်ငံတကာ လေဆိပ်ကြီးတည်ဆောက်ရန် အိန္ဒိယအစိုးရက သဘောတူလိုက်ပြီဖြစ်ကြောင်း နိုဝင်ဘာလ ၂၂ ရက်က အင်တာနက်၌ သတင်းဖော်ပြသည်။ အဆိုပါ လေဆိပ်ကိုနာဗီဗွမ်ဘိုင်းဟု အမည်ပေးမည်ဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းကို ယနေ့ပင် စတင်ကြောင်း
အိန္ဒိယပတ်ဝန်းကျင်ရေးရာဝန်ကြီး ဂျိုင်းရမ်ရာမက်ခ်ျက နယူးဒေလီမြို့၌ နိုဝင်ဘာလ ၂၂ ရက်က ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များအား ပြောကြားသည်။ အဆိုပါ လေဆိပ်စီမံကိန်းသည် လူဦးရေ ၁၈ သန်းနေထိုင်ရာ မွမ်ဘိုင်းမြို့လယ်မှ အရှေ့တောင်ဘက်မိုင် ၃၀ အကွာ၌ တည်ရှိသည်။ နာဗီမွမ်ဘိုင်း လေဆိပ်သို့ တစ်နှစ်လျှင် ခရီးသည် သန်း ၄၀ ၀င်ထွက်သွားလာနိုင်မည် ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်တွင် လုပ်ငန်းအပြည့်အ၀ လည်ပတ်နိုင်မည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။ (အင်တာနက်)
** စည်ပေါင်း ၃၄ ဘီလီယံထွက်မည့် ရေနံသိုက်ကြီး အီရန်နိုင်ငံ၌ ရှာဖွေတွေ့ရှိ **
(တီဟီရန်၊ နိုဝင်ဘာလ ၂၃ ရက်)
အီရန်နိုင်ငံ ပင်လယ်ကွေ့ရှိ ကမ်းလွန်ဓာတ်ငွေ့ လုပ်ကွက်၌ ရေနံစည်ပေါင်း ၃၄ ဘီလီယံထွက်ရှိမည့် ရေနံသိုက်ကြီးတွေ့ရှိကြောင်း နိုင်ငံပိုင် မီဒီယာက နိုဝင်ဘာလ ၂၂ ရက်တွင် သတင်းထုတ်ပြန်သည်။ အဆိုပါ ရေနံသိုက်ကြီးသည် ဘူရှီးဟာ ဆိပ်ကမ်းမြို့၏ တောင်ဘက်အနီး ကမ်းရိုးတန်း ရေပိုင်နက်၌ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ပါးစ်ရေနံနှင့်သဘာဝ ဓာတ်ငွေ့ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ အလီဗာကီလီ၏ ပြောကြားချက်ကို အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားဝက်ဘ်ဆိုက်က ကိုးကားဖော်ပြသည်။ (အင်တာနက်)
** နိုင်ဂျာမြစ်ဝရှိ အဓိက ရေနံချက်စက်ရုံသို့ပို့သည့် ပိုက်လိုင်း သူပုန်များဖျက်ဆီး **
(လေဂို့စ်၊ နိုဝင်ဘာလ ၂၃-ရက်)
နိုင်ဂျာမြစ်ဝရှိ အဓိကရေနံချက်စက်ရုံသို့ပေးပို့သည့် ရေနံပိုက်လိုင်းကို တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း နိုင်ဂျာမြစ်ဝလှုပ်ရှားမှုသူပုန်အဖွဲ့ (အမ်အီးအန်ဒီ)က နိုဝင်ဘာလ ၂၃-ရက်နေ့တွင် ပြောကြားလိုက်သည်။ အဆိုပါ နိုဂျီးရီးယား လက်နက်ကိုင်သူပုန်အဖွဲ့ဖြစ်သည့် အမ်အီးအန်ဒီအဖွဲ့ဝင် ၂၀၀ ခန့်သည် နိုဝင်ဘာလ ၂၁-ရက်နေ့က အိုဘီဒီရေနံချက်စက်ရုံနှင့် ဆက်သွယ်ထားသော အဓိက ရေနံပိုက်လိုင်းကို တိုက်ခိုက် ဖျက်ဆီလိုက်ကြောင်း ၄င်းအဖွဲ့က အီးမေးလ်မှတစ်ဆင့် မီဒီယာများသို့ ပြောကြားသည်။ (အင်တာနက်)
** ကနေဒါ၌ ဆီးနှင်းများ ဆိုးရွားစွာကျဆင်း **
(တိုရွန်တို၊ နိုဝင်ဘာလ ၂၃-ရက်)
ကနေဒါနိုင်ငံ အနောက်ပိုင်းကမ်းခြေဒေသများနှင့် အလယ်ပိုင်းဒေသများတွင် နိုဝင်ဘာလ ၂၃-ရက်နေ့က ဆီးနှင်းများထူထပ်သိပ်သည်းစွာကျဆင်းခဲ့သဖြင့် မော်တော်ယာဉ်သွားလာမှုများ ပြတ်တောက်ခဲ့ကြောင်း ကနေဒါအရာရှိများက ပြောကြားသည်။ (အင်တာနက်)
** ကန် ဆက်သွယ်ရေးဂြိုဟ်တု အာကာသသို့ အောင်မြင်စွာလွှတ်တင် **
(နယူးယောက်၊ နိုဝင်ဘာလ ၂၃-ရက်)
အရွယ်အစားကြီးမားသည့် ဂြိုဟ်တုတစ်လုံးကို အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် ကိတ်ကာနေဗယ်လ် လေတပ်အခြေစိုက်စခန်းမှ နိုဝင်ဘာလ ၂၃-ရက်နေ့က အာကာသသို့ အောင်မြင်စွာလွှတ်တင်လိုက်ကြောင်း အမေရိကန်အရာရှိများက သတင်းထုတ်ပြန်သည်။ ဒေလ်တာ ၄ ဒုံးပျံဖြင့် သယ်ဆောင်သွားသည့် ၄င်းဂြိုဟ်တုသည် အလေးချိန် ခုနစ်တန်ရှိပြီး အာကာသအတွင်း ဆက်သွယ်ရေးလုပ်ငန်းများကို ပိုမိုလျင်မြန်သောနှုန်းဖြင့် ဆောင်ရွက်ပေးနိုင်မည် ဖြစ်သည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- မိုးမြင့်လင်းလက် **
** ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရေး ကမ္ဘာ့မြို့တော်ဝန် ၁၃၈ ဦးတို့သဘောတူ

No comments:
Post a Comment