မဟာဇော် တယောက် ယနေ့ ဘယ်လိုဖြစ်မှန်းမသိ၊ အောက်မြေဘုံရိပ်သာလေးထဲမှာ တစ်ယောက်တည်း စာဖတ်ရင်း ပျော်နေမိ၏။ ဘာ့ကြောင့်ပါလိမ့်၊ အကြောင်းရင်းကိုရှာလိုက်တော့မှ၊ မိမိမှာ ပိုက်ဆံ ပြတ်သွား၍ ပျော်မိကြောင်း သိလာရ၏။ လူအများနှင့်ဆန့်ကျင်ဘက်ဖြစ်၍။ လူတွေက ပိုက်ဆံရလာရင်၊ ပိုက်ဆံတွေ ပေါရင်ပျော်ကြ၏။ စာရေးသူက ဒီလိုမဟုတ်။ ပိုက်ဆံသုံးစရာ မရှိတော့ရင် အလွန်ပျော်ပါ၏။ သည့်အတွက်ကြောင့်လည်း တယောက်တည်း ပျော်ပျော်ရွှင်ရွှင် အထက်ပါသီချင်းလေးကိုဆိုရင်း၊ ပါးစပ်မြူးဇစ်သံလေးနဲ့ ဟာမိုနီလိုက်ပြီး၊ ပျော်နေမိရာက မကြာမီ တန်ဆောင်မုန်းလ ရောက်တော့မည်။ သည်လ သည်ရာသီရောက်ပြီဆိုမှဖြင့် ငယ်ငယ်တုံးက “တက်ဝင်” ရွာလေးရဲ့ တန်ဆောင်တိုင်ည၊ ဆေးအပေါင်း ပ, အောင် ဆေးပေါင်းခတဲ့ည အဖြစ်ကလေးကို တွေးမိရာက စာဖတ်သူများသို့ စေတနာ ဝေဖြာ၍ ရွှေပေလွှာဆက်လိုက်ချင်တာက ဒီလိုပါတဲ့ ခင်ဗျား…။
ဒါကြောင့် (ကိုင်း…. ရွာစားကျော်၊ စိန်ဘော့ပင်ရေ၊ ပုဇွန်လက်မ ကက်ကရ၊ မျက်နှာဝနှင့် ခွင်ညီတော့၊ ၀င်စည်တော်ယွန်း) ဗေပုံထီးန်၊ ဗေပုံထီးန်…။
တက်ဝင်ရွာဆိုတာ အထက်အညာရေနံချောင်းမြို့နယ် ပင်းချောင်း နားမှာရှိပါ၏။ ကတ္တရာလမ်းဘေးမှာ ရှိ၍လည်း။ ခရီးလမ်းပမ်းအဆက်အသွယ် ကောင်းပါသည်။ ပင်းချောင်းကို အမှီသဟဲပြုပြီး၊ ကိုင်းသီးနှံများလည်း အလွန်ထွက်၏။ အထူးသဖြင့် ကြက်သွန်နီ အဓိက ထွက်တဲ့ဒေသပါ။ ထညက်(ထန်းလျက်)နဲ့ ကြက်သွန်နီအများအပြားထွက်တော့ စီးပွားရေးလည်း အဆင်ပြေပါတယ်။ ရွာက အိမ်ခြေ ၁၀၀ ကျော်လောက်ရှိတဲ့ရွာ ငယ်လေးပါ။ ရွာလေးက ငယ်ပေမယ့် ပြဿနာက မငယ်လှပါဘူး။ အဓိက ပြဿနာမကြာ မကြာရှင်းပေးနေရတာကတော့။ “ကိုတာကြီး နဲ့ တပည့်ကျော် ပေစိ”နှစ်ဦးပါ။ ကိုတာကြီးက အသက် ၄၀ ပါတ်ဝန်းကျင် လူပျိုကြီး၊ ရွာလည်ခေါင်မှာ ကိုယ့်အိမ်နဲ့ကိုယ် တစ်ယောက်တည်းသမား၊ မိဘအမွေးအနှစ်ဖြစ်တဲ့ ယာ၊ ကိုင်းတို့ကို လုပ်ဖက်ချစား ဘာအလုပ်မှ မယ်မယ်ရရမလုပ်ပါဘူး။ ဗေဒင်လိုလို အောက်လမ်းလိုလို အလုပ်တွေလည်းလုပ်ရဲ့၊ အိမ်ရှေ့မှာ ဆိုင်းဘုတ်ရေးပြီး ချိတ်ထားတာကြည့်တော့ “ဆရာတာကြီး အာတပ္ပန္နဗေဒင်၊ နေမြင် လမြင် ဟောနိုင်သည်”တဲ့
ဒီဆိုင်းဘုတ်ကိုကြည့်ပြီး ရွာထဲက “ဆိတ်သိုး”က ပြောသေးတယ်။ “နေနဲ့ လနဲ့ မြင်တာကတော့ ခွေးတွေတောင် မြင်သေး၊ သူပြောမှလား”တဲ့
ရွာထဲက အပျိုတွေကလည်း “ကိုတာကြီး ဆို ဝေးဝေက ရှောင်၊ အိုအောင် မဆင်းရဲ”လို့တောင် စာချိုးကြတယ်။ ကိုတာကြီးရဲ့ အဖြစ်က အဲသလောက် ချစ်ကံခေပါတယ်။ ဒါကြောင့်လည်း ဒီအသက်ဒီအရွယ်ထိအောင် ဂေါ်မစွံ လူပျိုကြီးဖြစ်နေတာပါ။ ဒီနေ့လည်း တန်ဆောင်မုန်းလပြည့်နေ့ ရွာထဲက လူတွေ ကုသိုလ်ကောင်းမှုလုပ်ဖို့ မီးထွန်းဖို့၊ ကထိန်ပွဲခင်းဘို့၊ တိုင်ပင်ကြ၊ လုပ်ကြကိုင်ကြ၊ အုတ်အုတ်ကျက်ကျက် တပျော်တပါး၊ ကိုတာကြီးနဲ့ တပည့်ကျော် ပေစိတို့က ဒါတွေစိတ်မ၀င်စားပါဘူး။ နှစ်ယောက်သား တီးတိုးတိုင်ပင်နေကြလေရဲ့။
“ပေစိ ရာ ငါပြောသလိုသာ လုပ်စမ်းပါကွာ- ဒီယတြာအလွန်ကောင်းတဲ့ ယတြာပါ။ မင်းကငါ့တပည့်မို့ပေးတာ၊ လူတိုင်းကို ငါမပေးဘူး သိလား။ ဆရာတာကြီးဆိုတာ ဒီချောင်းရိုးတလျှောက်မှာ နာမည်ကြီးပါကွ”
ပေစိက ရိသဲ့သဲ့ပြုံးရင်း “နာမည်ကြီးတယ်ဆိုတာ နာမည်ကို စာလုံးကြီးကြီးနဲ့ ရေးလို့လား ဆရာတာကြီး”ဆိုလိုက်တော့…
“ဟေ့ကောင်… တော်တန်တိတ်၊ ငါးကြော်ပန်းကန်ဖိတ် အလုပ်ကို စိတ်ဝင်စားစမ်း ကြားလား၊ ငါပြောတဲ့အတိုင်း လုပ်ရင် ဇီးဂွက်မက မင်းကို ကြွေသွားမှာမလွဲဘူး” ဆရာတာကြီး ပေစီအတွက် ယတြာလုပ်ပေးနေပါတယ်။ သူ့ရဲ့ ယတြာက…
ဝါးဆစ်ပိတ် ၀ါးရင်းတုတ်အစို ၂ တောင်တိတိဖြတ်၊ နေ့ ၁၂ နာရီမှာ လမ်းဘေးကနေ ဂါထာရွတ် နောက်ပြန်ခေါင်းပေါ်ကျော်ပြီး မျက်စိမှိတ်ထားပြီး ပစ်ရန်ဖြစ်၏။ ဆရာတာကြီးက သူ့ရဲ့အစွမ်းထက်ဂါထာကို ရှေ့ကတိုင်ပေး၏။
“ပေစိ လိုက်ဆိုကွာ (ဥုံ အထက်မှာသကြား၊ အောက်မှာထညက်၊ အလယ်ခေါင်မှာ မြေပဲယို)၃ ခါဆိုပြီး မျက်စိမှိတ် နောက်ပြန်ပစ်ပေတော့၊ မင်းကြိုက်နေတဲ့ ဇီးဂွက်မ မင်းကိုကြွေပြီးသာမှတ်ပေတော့…”
“ဆရာတကြီး မြေပဲယိုချည့်ဘဲ မကောင်းဘူး နှမ်းပျစ်ကလေး ဘာလေး မပါဘူးလား”ပေစိက ပျက်ချော်ချော်မေးတော့
“ဟေ့ကောင်… သောက်စကားမများနဲ့ နှမ်းပျစ်က သွေးတိုးနဲ့ မတည့်ဘူး”တဲ့…
ပေစိ တယောက် ၀ါးရင်းတုတ်တစ်ချောင်းနဲ့ နေ့လည် ၁၂ နာရီမှာ ထွက်ခွာသွားပါပြီး။ ဒီယတြာအောင်မြင်ရင် သူကြိုက်နေတဲ့ အရီးသော့သမီး ဇီးဂွက်မ က သူ့ကိုကြွေပြီဆိုတဲ့ အတွေးနဲ့ လျှောက်လာလိုက်တာ ကတ္တရာလမ်းပေါ်ရောက်ပါပြီ။ ဒီအချိန်က ကားပြတ်ချိန်ဆိုတော့ ပေစိ လမ်းဘေးကပ်မတ်တပ်ရပ် ၀ါးရင်းတုတ်ကို ပေါင်ကြားကနေချ လမ်းပေါ်ထောက် မျက်စိကိုပိတ်ထားပြီး ပါးစပ်က ဂါထာရွတ်နေလိုက်တာ အဝေးက ကြည့်ရင် မတ်တပ်ရပ်ပြီး ရူရူပေါင်နေသလိုပါဘဲ…
(ဥုံ အထက်မှာသကြား၊ အောက်မှာထညက်၊ အလယ်ခေါင်မှာ မြေပဲယို)၃ ကြိမ်ဆိုပြီး တာနဲ့ “အောင်ပြီဟေ့”အော် ခေါင်းကိုကျော်ပြီး နောက်ပြန်ပစ်လိုက်တာ “၀ှီး” “ဒုတ်” “အား… အောင်မယ်လေး သေပါပြီဗျ” အော်သံနဲ့အတူ စက်ဘီးရောလူပါလဲကျသွားတာက ဈေးဝယ်ကပြန်လာတဲ့ “ဆိတ်သိုး”….
ဆိတ်သိုးက စက်ဘီးနဲ့အရောက်၊ ပေစိရဲ့ ၀ါးရင်းတုတ်ကလဲ အကျနဲ့ ဆုံမိလေတော့ ဆိတ်သိုး နဖူးကွဲပြီး ငှက်ကထညိုကြိး ဆုံးဖြတ်ချက်အရ ပေစိခမျာ မရှိမဲ့ ရှိမဲ့ငွေထဲက ငါးထောင်ကျပ်ကျပ် လျော်လိုက်ရပါသတည်း။
ပေစိ လက်မလျော့သေးပါ။ သူ့ဆရာ ကိုတာကြီးကို အကျိုးအကြောင်း သွားပြောရ၏။
“ဆရာတာကြီး ဘယ်လိုဆက်လုပ်ကြမလဲ”ဆိုတော့ ကိုတာကြီး “မပူပါနဲ့ကွာ- ငါကြံပြီးသားပါ။ လူကြံရင် ထရံတောင်ချေးသုတ်ခနောင်း ဖြစ်တယ်မဟုတ်လားကွ။ ဒီတော့… ဒီလိုလုပ်ရအောင် ဒီည လပြည့်ည၊ ဆေးပေါင်းခတဲ့ည ဒါတွေမင်းတို့သိသားဘဲ၊ အိမ်မှာ ရှိတဲ့ပစ္စည်းမဆို၊ ဒီညဆေးဖက်ဝင်တယ်ကွ၊ မင်းတို့ ဂေါ်မစွံကာလသားတွေစုထား၊ စကားတော့လုံပစေနော်၊ ဒီညအစီအစဉ်က ဆိုပြီး” ကိုတာကြီး ပေစိနား နားကပ်၊ တီးတိုးပြောနေ၏။ ပေစိကလည်း ခေါင်းတငြိမ့်ငြိမ့်နဲ့…
တန်ဆောင်မုန်းလပြည့်ည၏ လမင်းကြီးက ထိန်ထိန်သာလျှက်ရှိ၏။ တိမ်မြူကင်း၍ လမင်း အရောင်မှာ ဖြာထွက်နေပေရာ တက်ဝင်ရွာလေး၏ ရွာသူရွာသားများ ထွန်းညှိထားသော ဖယောင်းတိုင်မီး၊ ဆီမီးများနှင့် ပေါင်းစပ်လိုက်ပါက အလွန်ကြည်နူးစရာကောင်းလှပေ၏။
ရွာလယ်ခေါင် ကိုတာကြီးအိမ်မှာတော့ ပေစိနဲ့ ကာလသားအဖွဲ့စုမိပါပြီ။ “ဟေ့… မင်းတို့စု မသွားနဲ့ တစ်ယောက်ချင်းထွက်”လို့ ကိုတာကြီးက ခိုင်းတော့ “ဆရာတာကြီးဘယ်ကိုသွားရမှာလဲ”ဟု ပေစိကမေး၏။ “ဟိုး… ရွာ အရှေ့က ထန်းတော သိမ်ကိုသွား၊ ဖယောင်းတိုင်မီးချစ် များများယူ၊ ရေတပုံးနဲ့ ရေခပ်သွားကြ” ည ရှစ်နာရီလောက် ထန်းတောသိမ်မှာ ပေစိနဲ့အဖွဲ့စုမိပါပြီ။ သိမ်ထဲမှာ ဘုရားတင်ပြင်ခွေ သုံးဆူရှိ၏။ အောက်မှာသမံတလင်းနဲ့ဆိုတော့ အတော်ဟန်ကျ၏။ အားလုံးဝိုင်းထိုင်လိုက်ကြပါပြီ။ ကိုတာကြီးက ဆေးပေါင်းခတဲ့ ပစ္စည်းတွေ စစ်၏။ ဒန်အိုး၊ သံပန်းကန်ပြား၊ ဟင်းပန်းကန်၊ ကြေးဇွန်း ပစ္စည်းများစုံလင်လှ၏။
“ဟေ့… ဆိတ်သိုး မင်းက ဘာယူလာခဲ့တုန်း”ဆိုတော့ ဆိတ်သိုးက သူ့ပုဆိုးခြုံထဲက ကျောက်ငရုပ်ကျည်ပွေ့ကြီးကိုထောင်ပြရင်း
“အမေ့အလစ်မှာ ယူလာတာဗျ။ ဖြစ်တယ်မဟုတ်လား ဆရာတာကြီး”ဆိုတော့ အားလုံးဝိုင်းရယ်ကြ၏။
“ဟေ့ကောင်တွေ တိုးတိုးလုပ်စမ်း”ဆရာတာကြီးက ငေါက်ပြီးတာနဲ့
“ကဲ သမံသလင်းကို ရေဆွတ်၊ မင်းတို့ပစ္စည်းတွေကိုလဲ ရေဆွတ်ပြီး နာနာသွေး၊ သွေးပြီးသား ဆေးရည်တွေအလယ်ခေါင်က ခွက်ခဲကို အားလုံးစုထည့်ကြ”
“ဆရာတာ ဒီသွေးပြီးသား အရည်တွေ ကျုပ်တို့ ဘာလုပ်ရမှာတုန်း” ပေလံကမေးပြန်၏။
“မင်းတို့ မှတ်ထား၊ ဒီညက ဆေးပေါင်းခတဲ့ ည ဒီသွေးထားတဲ့ ဆေးရည်တွေကို ဘုရားမှာ ငါခဏ ကပ်မယ်။ ပြီးတာနဲ့ မင်းတို့မျက်နှာမှာအားရပါးရလိမ်း၊ အဲဒါ မျက်နှာပွင့်ဆေးဘဲ၊ အနက်ခင်းရောက်တာနဲ့၊ ရွာထဲက မင်းတို့ ဂေါ်နေတဲ့ ကောင်မလေးအိမ်သွား၊ မင်းတို့ကို တန်းပြီးတော့ (ဖျစ်)ကြွေသွားပြီလို့သာမှတ်ပေတော့” (ဖျစ်ဆိုတာက ကိုတာကြီး လက်ဖျောက်တီးလိုက်တာပါ)
“ကြိုက်သွားပြီ၊ ဒါမှ ဒို့ဆရာတာကြီးဟေ့ သွေးကြ၊ သွေးကြ”ပြောရင်း တဂျစ်ဂျစ် တဗျစ်ဗျစ်နဲ့ သမံတလင်းနဲ့ အိုးခွက်ပန်းကန် ပွတ်တိုက်သံများ ဆူညံနေလေတော့၊ ကိုတာကြီးမှာ သွားများကြိမ်းလွန်း၍ ပါးစပ်ကိုလက်နဲ့ ပိတ်ထားရ၏။
ကိုတာကြီး သွေးပြီးသားအရည်ခွက်ကို ကြည့်ပြီး လက်ကာပြ၏။
“ကဲတော်ပြီ တော်ပြီ၊ ဒီလောက်ဆို မင်းတို့ ခြောက်ယောက်လိမ်းလောက်ပြီ။ ငါ့သွားတွေလဲ ကျင်လှပြီ။ ပေးစမ်း ဆေးခွက်”ဆိုပြီး ဘုရားပေါင်ပေါ်တင်ပြီး ပါးစပ်ကလဲ ဘာတွေရွတ်မှန်းမသိ နူတ်ပွ နူတ်ပွနဲ့…
တအောင့်လောက်အကြာမှာတော့ ကိုတာကြီး ဘုရားကပ်ထားတဲ့ ဆေးခွက်(ခေါ်)ဒန်အိုး ဒန်ခွက် ဇွန်းပန်းကန်တွေ သွေးထားတဲ့၊ အရည်ညစ်ပတ်တွေယူပြီး သူ့တပည့်တွေကို ခေါ်လိုက်ပါတယ်။
“ကဲ… အားလုံးတန်းစီ၊ ဒီဆေးဟာ ဆေးပေါင်းခတဲ့ ပစ္စည်းတွေနဲ့ ဖေါ်စပ်ထားတဲ့ အစွမ်းထက်ဆေး ဒီတော့ မင်းတို့ ယုံယုံကြည်ကြည်နဲ့ မျက်နှာကိုလိမ်း ညအိပ်ကြ၊ မနက်မိုးလင်းရင်လဲ မျက်နှာမသစ်နဲ့ဦး၊ မင်းတို့ သဘောကျနေတဲ့ အမျိုးသမီးအိမ်ကိုသွားပေတော့ ကဲစလို့ ရပြီ”ပြောလိုက်တာနဲ့ သူ့ထက်ငါ အလုအယက်လိမ်းလိုက်ကြတာ၊ အရည်ခွက်လဲကုန်သွားပါပြီ။
“အား ဆရာတာကြီး၊ စပ်တယ်ဗျ”ဆိုတော့ ကိုတာကြီးက…
“အေး စပ်တာကောင်းတယ်၊ စပ်လေ၊ ဆေးစွမ်းထက်လေပေါ့ကွ”လို့ အားပေးပါတယ်။
“နူမလိုလိုနဲ့ ကိုယ်ပျက်လေခြင်း”
မနက်မိုးလင်းချိန်မှာတော့ တက်ဝင် ရွာတစ်ရွာလုံး တစ်ယောက်စကား၊ တစ်ယောက်နား၊ အုတ်အုတ်ကျက်ကျက် ဖြစ်ကုန်ပါပြီ။ “အောင်မယ်လေး ကိုယ်ကျိုးနဲပါပြီတော့ ကျုပ်ားလေး မျက်နှာကြည့်ပါဦး” ဆိတ်သိုးအမေငိုသံ၊ ပေစိအဖေကလဲ “ဘယ်မတုန်းက ငတာကြိး ကလေးတွေကို မြှောက်ပေးတယ်။ ခုတော့ မျက်နှာတွေယောင်ကိုင်းကုန်ပြီ၊ မဲပုပ်ပုပ်နဲ့ ဖါးပြုတ်ကျောကုန်းထလို့ ပျောက်အောင်ကုပေးရင်ပေး မပေးရင် ငါနဲ့တွေ့မယ်။”
ဒီလိုဒေါသထွက်ပြီး ကိုတာကြီးကို ရိုက်မယ် ပုတ်မယ်၊ ထိုးမယ် ကြိတ်မယ်၊ ကြုန်းဝါးကြတဲ့ အထဲမှာတော့ ရွာငှက်ကထ(ဥက္ကဌ)ညိုကြီးရဲ့ ဒေါသသံက ကြောက်စရာအကောင်းဆုံးပါ “ငတာကြီး၊ တန်ဆောင်တိုင်ညကို အရုပ်ဆိုးအောင် လုပ်တဲ့အကောင်၊ မင်းညိုကြီးအကြောင်း ကောင်းကောင်းသိရမယ်ဟေ့… ထမင်းဝအောင်စားထား၊ ကြားလား၊ ထမင်းဝအောင်စားထား၊ ထမင်းစားပြီးရင်၊ မင်းရေသောက်”တဲ့…….။
ဟာဒယနှလုံး ရွှင်ပြုံးနိုင်ကြပါစေ….
**မဟာဇော်(မကွေး)**
(အိုxxxx မြို့မိ၊ မြို့ဖ အပေါင်းတို့ရယ်xxxx ကျန်းမာတော်မူကြပါစကွယ်xxxx ချမ်းသာတော်မူကြပါစကွယ်xxxx ရန်ဘယာဘေး၊ ကွာဝေးxxxx မြန်မြန်မာပြေ အရေးဒို့အရေးxxxx ဂီတရိပ်သာxxxx ကိုယ့်ရိပ်သာမှာxxxx တောက်xxxx တောက်xxxx တောက်xxxx တောက်ဂျိန်း)၂

No comments:
Post a Comment