(လန်ဒန်၊ ဒီဇင်ဘာလ ၅ ရက်)
ဗြိတိသျှပါလီမန်လွှတ်တော်အမတ်တစ်ဦးထံတွင် တာဝန်ထမ်းဆောင်နေသော ရုရှားနိုင်ငံသူ မိန်းမပျိုတစ်ဦးကို ဗြိတိန်လုံခြုံရေးတာဝန်ရှိသူများက သူလျှိုမှုဖြင့် ထိန်းသိမ်းခဲ့ကြောင်း ဆန်းဒေးတိုင်းမ်စ်သတင်းစာက ယနေ့ဖော်ပြသည်။ ကာတီယာ ဇာတူလီဗက်တာ အမည်ရှိ အသက် ၂၅ နှစ် အရွယ် ရုရှားမိန်းမပျိုသည် ရုရှားထောက်လှမ်းရေးအဖွဲ့က ဗြိတိန်နိုင်ငံ၌ နှစ်ရှည်လများ မြုပ်နှံထားရှိသော ထောက်လှမ်းရေး သမားတစ်ဦးဖြစ်ကြောင်း ဆန်းဒေးတိုင်းမ်စ် သတင်းစာက ဖော်ပြသည်။ (အင်တာနက်)
** ဒုစရိုက်ကျူးကျော်ရပ်ကွက်များ ငြိမ်းချမ်းရေး ကိုဘရာဇီးစစ်ဘက် တာဝန်ယူမည် **
(ရီရိုဒီဂျနေးရိုး၊ ဒီဇင်ဘာလ ၅ ရက်)
လွန်ခဲ့သည့်လမှစ၍ မူးယစ်ဂိုဏ်းများကို စစ်ဆင်ရေးပြုလုပ်ခဲ့သော ရီရိုဒီဂျနေးရိုးမြို့တော် ကျုးကျော်ရပ်ကွက်များ၌ ဘရာဇီးစစ်ဘက်က ငြိမ်းချမ်းမှုထိန်းသိမ်းရေးတာဝန်များ ယူဆောင်သွားမည်ဖြစ်ကြောင်း ဘရာဇီးကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး နယ်လ်ဆင်ဂျိုဘင်းက ဒီဇင်ဘာလ ၄ ရက်နေ့တွင် ပြောကြားသည်။ (အင်တာနက်)
** အစ္စရေးတောမီးငြှိမ်းသတ်ရေး ကိုကမ္ဘာ့အကြီးဆုံး မီးသတ်လေယာဉ်ကြီးပါဝင်ကူညီ **
(ဂျေရုဆလင်၊ ဒီဇင်ဘာလ ၅ ရက်)
အစ္စရေးနိုင်ငံ၏ သမိုင်းတွင် အဆိုးရွားဆုံးဖြစ်သော တောမီးလောင်ကျွမ်းမှုကို နိုင်ငံတကာက ကူညီငြှိမ်းသတ်လျက်ရှိရာ အမေရိကန်နိုင်ငံ ဘိုးရင်းကုမ္ပဏီမှ ကမ္ဘာ့အကြီးဆုံး မီးသတ်လေယာဉ်ကြီးကလည်း ယနေ့ ပူးပေါင်းပါဝင်ကာ တောမီးကို ငြှိမ်းသတ်ခဲ့ကြောင်း သတင်းတွင်ဖော်ပြသည်။ ဟိုင်ဖာဆိပ်ကမ်းမြို့မြောက်ပိုင်းဒေသတွင် စတုတ္ထမြောက်နေ့အဖြစ် လောင်ကျွမ်းဆဲဖြစ်သော တောမီးကို ဘိုးရင်းကုမ္ပဏီမှ အငှားဖြင့် ခေါ်ယူထားသော ဧရာမရေသယ်လေယာဉ်ကြီးဖြင့် တားဆီးနိုင်ရန် မျှော်လင့်ထားသည်။ (အေအက်ဖ်ပီ)
** အစ္စရေးထောက်လှမ်းရေးကိရိယာများကို ဟစ်ဇ်ဘိုလာ တွေ့ရှိခဲ့ဟုဆို **
(ဘေရွတ်၊ ဒီဇင်ဘာလ ၅ ရက်)
ဟစ်ဇ်ဘိုလာ လက်နက်ကိုင်အုပ်စု၏ သီးသန့်အဝေးပြောဆက်သွယ်ရေး ကွန်ရက်ကို ကြားဖြတ်ထောက်လှမ်းရန် အစ္စရေးနိုင်ငံက လျှို့ဝှက်တပ်ဆင်ထားသော ကိရိယာများကို ဖော်ထုတ်တွေ့ရှိခဲ့ကြောင်း ဟစ်ဇ်ဘိုလာအဖွဲ့က ဒီဇင်ဘာလ ၃ ရက်နေ့တွင် ပြောကြားသည်။ အဆိုပါ ကိရိယာများသည် ဆက်သွယ်ရေးကွန်ရက်ကို ကြားဖြတ်ထောက်လှမ်းရန် ရည်ရွယ်ချက်ဖြင့် ထားရှိခြင်း ဖြစ်ကြောင်း လက်ဘနွန်စစ်ဘက်၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။ (အင်တာနက်)
** ပီရူးရဲတပ်ဖွဲ့ လက်ဖြောင့်သေနတ်သမား၏ လက်ချက်ကြောင့် ဘဏ်ကို စီးနင်းပြန်ပေးဆွဲသူ သေဆုံး **
(လီမာ၊ ဒီဇင်ဘာလ ၅ ရက်)
ပီရူးနိုင်ငံ လီမာမြို့တော်ရှိ ဘဏ်တစ်ခုကို ၀င်ရောက်ကာ လူပေါင်း ၃၄ ဦးတို့အား ဓားစာခံအဖြစ် ဖမ်းဆီးထိန်းသိမ်းခဲ့သော ဘဏ်ဓားပြတစ်ဦးကိ ပီရူးလက်ဖြောင့်တပ်သားတစ်ဦးက ပစ်ခတ်နှိမ်နင်းနိုင်ခဲ့ကြောင်း ဒီဇင်ဘာလ ၄ ရက်နေ့ သတင်းများတွင် ဖော်ပြသည်။ အဆိုပါ ဘဏ်ဓားပြသည် ၄င်းဘာလုပ်မည်ကို ကြိုတင်ခန့်မှန်းနိုင်ရန် ခက်ခဲသူဖြစ်ပြီး အမေရိကန် ဒေါ်လာ ၆၈၉၀၀၀ နှင့် ၄င်းထွက်ပြေးနိုင်ရန်အတွက် ရဟတ်ယာဉ်တစ်စင်းကို တောင်းဆိုခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ ပီရူးရဲတပ်ဖွဲ့ဝင်အချို့က ပြန်ပေးဆွဲသမား အာရုံပြောင်းလာစေရန် လုပ်ဆောင်နေစဉ် လက်ဖြောင့်တပ်ဖွဲ့ဝင်တစ်ဦးက ဘဏ်အဆောက်အအုံလေ၀င်ပေါက်တစ်လျှောက် တိတ်တဆိတ်တက်ရောက်ကာ ဘဏ်ဓားပြကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (အေပီ)
** စုစည်းဘာသာပြန်- အာကာကျော် **
** ဗြိတိသျှပါလီမန်တွင် တာဝန်ထမ်းဆောင်နေသော ရုရှားသူလျှိုမယ်ကို ဗြိတိသျှဖော်ထုတ်ခဲ့ဟုဆို **

No comments:
Post a Comment