မဟာပြိုင်ဖက် ရီးယဲလ်မက်ဒရစ်အား (၅)ဂိုးပြတ် ချေမှုန်းနိုင်အောင် စွမ်းဆောင်ပြခဲ့ပြီးနောက် ဘာစီလိုနာနည်းပြ ပက်ပ်ဂွာဒီယိုလာသည် ချယ်လ်ဆီးအသင်းပိုင်ရှင် ရိုမန်အေဗရာမိုဗစ်ခ်ျ၏ အလိုချင်ဆုံး နည်းပြဖြစ်လာကြောင်း သိရသည်။ လက်ရှိတွင် အင်္ဂလန်ချန်ပီယံ ကလပ်အသင်းသည် ရလဒ်များဆိုးရွားနေပြီး အီတလီသား နည်းပြကြီး ကာလိုအန်ဆလော့တီမှာ ဖိအားများ ကြုံနေရသည်။ ဂွာဒီယိုလာသည် ချယ်လ်ဆီးကို အောင်မြင်မှုများ ဆောင်ကြဉ်းပေးနိုင်ခဲ့သည့် နည်းပြဟောင်း ဂျို့စ်မော်ရင်ဟို ကိုင်တွယ်နေသော ရီးယဲလ်ကို အိမ်ကွင်းတွင် လှလှပပ အနိုင်ယူကာ (၅-၀)ဖြင့် ချေမှုန်းခဲ့ခြင်းဖြစ်သည်။ ယင်းအတွက် ပရိသတ်များက ချီးကျူးခဲ့ကြသလို ဂွာဒီယိုလာအား နည်းပြခန့်အပ်လိုသော ကလပ်အသင်းများစွာ ရှိလာခဲ့သည်။
** မက်ဒေါနားတည်ထောင်သည့် Gym စင်တာ မက္ကစီကိုတွင် ဖွင့်လှစ် **
မက်ဒေါနား ဦးစီးတည်ထောင်သည့် Gym အားကစားရုံတစ်ခုကို မက္ကစီကိုတွင် ပထမဆုံး ဖွင့်လှစ်လိုက်ပြီဟု သိရသည်။ နိုဝင်ဘာ (၂၉)ရက်နေ့တွင် မက္ကစီကိုစီးတီး မြို့တော်၌ Popဂီတ ကြယ်ပွင့်အဆိုတော်ကိုယ်တိုင် ဖွင့်ပွဲသို့ တက်ရောက်ပြီး လာရောက်လေ့ကျင့်သူများကို နှုတ်ခွန်းဆက်ခဲ့သည်။ Hard Candyဟု အမည်ပေးထားသည့် ကြံ့ခိုင်ရေး စင်တာသည် အခြားသော အဆင့်မြင့် ကြံ့ခိုင်ရေး စင်တာများနှင့် ကွာခြားမှု မရှိလှချေ။မက်ဒေါနားသည် ကြံ့ခိုင်ရေး စင်တာများ ဖွင့်လှစ်သွားရန် စီစဉ်ထားပြီး အမည်ကို သူမ၏ နောက်ဆုံးထုတ် အယ်လ်ဘမ်အမည်ပင် ပြန်ပေးထားသည်။ “ဒီနာမည်က ဆွဲဆောင်မှုရှိပြီး လူတွေလည်း သဘောကျတယ်လေ”ဟု အဆိုတော်၊ အကသမား၊ မင်းသမီးနှင့် အ၀တ်အစား ဒီဇိုင်နာဖြစ်သူ မက်ဒေါနားကဆိုသည်။ သူမသည် အသက် (၅၂)နှစ်အရွယ်အထိ ခန္ဓာကိုယ် အချိုးအစားကို ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်သည်။ မက်ဒေါနားသည် ယမန်နှစ်က ကမ္ဘာလှည့် ဖျော်ဖြေပွဲ Sticky & Sweet Tourကို နောက်ဆုံးကျင်းပခဲ့သည့် မက္ကစီကိုစီးတီးကို သဘောကျနေပြီး ပထမဆုံး ကြံ့ခိုင်ရေးစင်တာကို ဖွင့်လှစ်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
** Disney World သို့ အပျော်ခရီးထွက်ခဲ့သည့် မီဂန်ဖောက်စ် ဇနီးမောင်နှံ **
မီဂန်ဖောက်စ်နှင့် ဘရိုင်ယန်အော်စတင်ဂရင်းတို့ ဇနီးမောင်နှံသည် Disney World ဥယျာဉ်ကြီးသို့ အပျော်ခရီး ထွက်ခဲ့ကြကြောင်း သိရသည်။ နိုဝင်ဘာ (၂၈)ရက်နေ့က မီးခိုးရောင်တီရှပ် ဆင်တူဝတ်ထားသော စုံတွဲသည် အလွန်ပျော်ရွှင်နေဟန်ရှိကြောင်း မျက်မြင်များကဆိုသည်။ Desperate Housewivesဇာတ်ကားမှ မင်းသားဖြစ်သူ အသက်(၃၇)နှစ်အရွယ် ဂရင်းနှင့် Transformersစတားဟောင်း ဖြစ်ခဲ့သူ အသက်(၂၅)နှစ်အရွယ် မီဂန်တို့သည် မိုဘိုင်းလ်ဖုန်းနှင့် အမှတ်တရ ဓာတ်ပုံရိုက်ရင်း ရွှင်မြူးလျက်ရှိသည်။နွေရာသီက ဟာဝိုင်ယီတွင် လက်ထပ်ခဲ့သော စုံတွဲသည် Disney Worldသို့ လာရောက်သည့် အခြားဧည့်သည်များကဲ့သို့ မထင်မရှား ရောနှောနေရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ပရိသတ် အမြောက်အမြားက သူမတို့အား နှုတ်ဆက်ခဲ့သလို Twitterတွင်လည်း သူမတို့နှစ်ဦး၏ ဓာတ်ပုံကို လွှင့်တင်ခဲ့ကြသည်။ မီဂန်နှင့် ဂရင်းတို့သည် မီဂန့်အသက် (၁၈)နှစ်အရွယ်သာ ရှိသေးပြီး Hope & Faithကို ရိုက်ကူးနေစဉ်က စတင်တွေ့ဆုံ ချစ်ကျွမ်းဝင်ခဲ့ခြင်းဖြစ်သည်။ မီဂန်တို့စုံတွဲသည် စေ့စပ်ပြီး (၂)နှစ်အကြာ (၂၀၀၉)ခုနှစ်၊ ဖေဖော်ဝါရီလက လမ်းခွဲခဲ့ပြီး နောက်ပိုင်းတွင် ပြန်လက်တွဲခဲ့ခြင်းဖြစ်သည်။ ဇွန်လ (၁)ရက်နေ့ကမူ ဒုတိယအကြိမ် စေ့စပ်ခဲ့ပြီးနောက် လကုန်ပိုင်းတွင် ဟာဝိုင်ယီရှိ Four Seasons Resortဟိုတယ်တွင် လက်ထပ်ခဲ့ကြသည်။ သို့သော်လည်း မင်္ဂလာပွဲသည် မီဂန်အတွက် အပြည့်အ၀ ပျော်ရွှင်စရာတော့ မဖြစ်ခဲ့ချေ။ စိတ်လှုပ်ရှားပျော်ရွှင်နေသော မင်းသမီး၏ မင်္ဂလာအထိမ်းအမှတ် စိန်လက်စွပ်မှာ သဲသောင်ပြင်တွင် ကျပျောက်သွားကြောင်း သိရှိရသည်။
** လက်နက်ယူဆောင်လာမှုဖြင့် ဂျိုးဂျိုနက်စ် စစ်ဆေးခံရ **
အရှေ့အလယ်ပိုင်းဒေသ လေဆိပ်တစ်ခုတွင် ဂျိုးဂျိုနက်စ်မှာ လက်နက်ယူဆောင်လာမှုအတွက် တားဆီးစစ်ဆေးမှု ခံယူခဲ့ရကြောင်း သိရှိရသည်။ အမေရိကန် လူငယ်ဂီတအဖွဲ့ Jonas Brothersမှ ဂျိုးသည် အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE)နိုင်ငံ လေဆိပ်တွင် ပြဿနာ တက်ခဲ့ခြင်းဖြစ်သည်။ အဘူဒါဘီ လေဆိပ်တွင် ဂျိုး၏ ခရီးဆောင် အိတ်အတွင်း ချိစ်လှီးသည့် ဓားတစ်ချောင်း ပါလာသည့်အတွက် ရဲများက စစ်ဆေးခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ဂျိုးနှင့်အတူ ခရီးသွားခဲ့သည့် အက်ရှလီဂရင်နီက ယင်းသည် သွေးရိုးသားရိုး အိတ်မှားထည့်ခဲ့မိသည့် ဓားတစ်ချောင်းသာဖြစ်ကြောင်း ပြောကြားခဲ့သည်။ Lopez Tonight အစီအစဉ်တွင် ဂျိုနက်စ်ညီအစ်ကို (၃)ဦးနှင့် ဖျော်ဖြေပွဲ တစ်ခုအတွက် ခရီးသွားရစဉ် ဂျိုးတစ်ယောက် ပြဿနာ တက်ခဲ့သည့် ကိစ္စအား မေးမြန်းခဲ့ရာ အသက် (၂၃)နှစ်ရှိ ဂရင်နီက “အဲဒီတုန်းက ကျွန်မတို့ အရှေ့အလယ်ပိုင်းကနေ အမေရိကန်ကိုပြန်ဖို့ လုပ်နေတုန်းပါ။ ပထမ လုံခြုံရေးဂိတ်မှာတော့ ဓားပါလာမှန်းတောင် မသိခဲ့ဘူး။ ဒုတိယဂိတ်ကျတော့ အဲဒီက အစောင့်က ခင်ဗျားတို့အိတ်ထဲကဟာ ဘာလဲလို့ မသင်္ကာတဲ့ မျက်နှာနဲ့ လှမ်းမေးတော့တာပဲ”ဟု ပြောကြားသွားသည်။ Twilightဇာတ်ကားတွင် ပါဝင်ခဲ့သော ဂရင်နီက “အဲဒီတုန်းက ကျွန်မလည်း လန့်သွားတယ်။ ဂျိုးကတော့ အံ့ဩသွားပုံပဲ။ နောက်တော့မှ အဲဒါက ရိုးရိုး ချိစ်လှီးတဲ့ဓားလေးကို အိတ်မှားထည့်လာမိတဲ့အကြောင်း ရှင်းပြခဲ့ရတာ”ဟု ဆိုသည်။ လုံခြုံရေးများက ဓားကို ဖယ်ထုတ်ပြီးနောက် အေးအေးဆေးဆေးပင် ခရီးသွားခွင့် ပေးခဲ့ကြောင်းလည်း သူမက ပြောဆိုသွားသည်။
** 7 Day သတင်းဂျာနယ်မှ ကူးယူဖော်ပြသည်။ **
** ဘာစီလိုနာနည်းပြအား ချယ်လ်ဆီးအသင်းပိုင်ရှင် အေဗရာမိုဗစ်ခ်ျ အလိုရှိနေ **

No comments:
Post a Comment