(ဘာလင်၊ ဒီဇင်ဘာလ ၁၃ ရက်)
ကုလသမဂ္ဂအဖွဲ့ကို ပြုပြင်ပြောင်းလဲရေးနှင့် လုံခြုံရေးကောင်စီ၌ အမြဲတမ်းအဖွဲ့ဝင်များအဖြစ် ပါဝင်နိုင်ရေးအတွက် အိန္ဒိယနိုင်ငံနှင့် ဂျာမနီနိုင်ငံတို့က ပူးပေါင်းကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၁၂ ရက်နေ့ သတင်းများတွင် ဖော်ပြသည်။ ကုလသမဂ္ဂကို ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နိုင်ရေးအတွက် မိမိတို့နှစ်နိုင်ငံသည် လုံခြုံရေးကောင်စီတွင် နှစ်နှစ်သက်တမ်းရှိ အလှည့်ကျအဖွဲ့ဝင်များအဖြစ် ထမ်းဆောင်ခိုက်တွင် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းနှင့် ဂျာမနီအဓိပတိ အင်ဂျလာမာကယ်လ်တို့က ပူးတွဲ သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပြောကြားသည်။ (အင်တာနက်)
** အန္တာတိကရေပြင်၌ ကိုရီးယားငါးဖမ်းသင်္ဘောနစ်မြုပ်၍ ၂၂ ဦးသေဆုံး **
(၀ယ်လ်လင်တန်၊ ဒီဇင်ဘာလ ၁၃ ရက်)
တောင်ကိုရီးယားငါးဖမ်းသင်္ဘောတစ်စင်းသည် အန္တာတိကသမုဒ္ဒရာရေပြင်၌ ဒီဇင်ဘာလ ၁၂ ရက်နေ့က ရုတ်တရက် နစ်မြုပ်ခဲ့ရာ သင်္ဘောပေါ်တွင် လိုက်ပါသော ငါးဖမ်းလုပ်သား ၄၂ ဦးအနက်၂၂ ဦးသေဆုံးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ အင်ဆွန် (၁) အမည်ရှိ ယင်းငါးဖမ်းသင်္ဘောသည် ရေခဲဟိုင်တစ်ခုကို တိုက်မိ၍ နစ်မြုပ်ခဲ့ခြင်းဖြစ်ဖွယ်ရှိကြောင်း သင်္ဘောအားပိုင်ဆိုင်သည့် ကုမ္ပဏီက ပြောကြားခဲ့သည်။ (အင်တာနက်)
** အငြင်းပွားမှုတစ်ရပ်ကြောင့် စိတ်မထိန်းနိုင်၍ နီပေါအိမ်ရှေ့စံဟောင်း သေနတ်ပစ်ဖောက်ခဲ့ **
(ခတ္တမန္ဒူ၊ ဒီဇင်ဘာလ ၁၃ ရက်)
ကမ္ဘာလှည့်ခရီးသည်များ အပြန်းဖြေစခန်းတစ်ခု၌ နီပေါတော်ဝင်မိသားစု၏ အခန်းကဏ္ဍနှင့်ပတ်သက်သည့် ဧည့်သည်များနှင့် အငြင်းအခုံဖြစ်ပွားခဲ့ပြီးနောက် လေထဲသို့ သေနတ်ပစ်ဖောက်မှု လုပ်ဆောင်ခဲ့ကြောင်း နီပေါအိမ်ရှေ့မင်းသားဟောင်း ပါရက်စ်ရှားက ယနေ့ထုတ်ဖော်ပြောကြားသည်။ လွတ်လပ်ပေါ့ပါးသော ဘ၀နေထိုင်မှုပုံစံကြောင့် နာမည်ကျော်ခဲ့သည့် နီပေါအိမ်ရှေ့မင်းသားသည် ဒီဇင်ဘာလ ၁၀ ရက်နေ့က ဧည့်သည်များနှင့် အငြင်းပွားရာတွင် စိတ်မထိန်းနိုင်ဖြစ်ခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။ (အင်တာနက်)
** ပြင်သစ်၌ ကလေး ၂၀ ကို ဓားစာခံပြုလုပ်မှုဖြစ်စဉ် သွေးထွက်သံယိုမရှိ ပြီးဆုံး **
(ပါရီ၊ ဒီဇင်ဘာလ ၁၃ ရက်)
ပြင်သစ်နိုင်ငံ၌ ဆယ်ကျော်သက်လူငယ်တစ်ဦးက မူကြိုကျောင်းတစ်ကျောင်းအတွင်း ၀င်ရောက်၍ ကလေး ၂၀ ကို တနင်္လာနေ့တွင် ပြန်ပေးဆွဲဓားစာခံပြုလုပ်ခဲ့ရာ နာရီပေါင်းများစွာ အချိန်ယူကာ ပြန်ပေးသမားနှင့် စေ့စပ်ဆွေးနွေးပြီးနောက် ကလေးများအားလုံး ဘေးကင်းစွာလွတ်မြောက်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ ပြန်ပေးဆွဲသူ အသက် ၁၇ နှစ်အရွယ်လူငယ်ကို ပြင်သစ်ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ (အင်တာနက်)
** အီရတ်နယ်စပ်အနီး၌ အီရန် စစ်ရေးလေ့ကျင့်ခဲ့ **
(တီဟီရန်၊ ဒီဇင်ဘာလ ၁၃ ရက်)
အီရတ်နိုင်ငံနယ်စပ်ဒေသအနီးတွင် အီရန်ကြည်းတပ်က စစ်ရေးလေ့ကျင့်မှုတစ်ရပ်ပြုလုပ်ခဲ့ကြောင်း အီရန်နိုင်ငံပိုင်သတင်းဌာနက ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ အီရန်နိုင်ငံသည် ဒီဇင်ဘာလအတွင်း စစ်ရေးလေ့ကျင့်မှုတစ်ရပ်ပြုလုပ်မည်ဟု လွန်ခဲ့သည့် နှစ်လက ကြေညာခဲ့သော်လည်း စစ်ရေးလေ့ကျင့်မှုစတင်ချိန်တွင် ထုတ်ဖော်ကြေညာခြင်းမရှိဘဲ စစ်ရေးလေ့ကျင့်မှုပြီးဆုံးမှသာ ထုတ်ပြန်ကြေညာခဲ့ကြောင်း အေပီသတင်းဌာနက ဖော်ပြသည်။ (အင်တာနက်)
** ရုရှား- ဖင်လန် အမြန်ရထားလမ်းဖွင့်လှစ် **
(မော်စကို၊ ဒီဇင်ဘာလ ၁၃ ၇က်)
ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့နှင့် ဖင်လန်နိုင်ငံ ဟယ်လ်ဆင်ကီမြို့တို့ကို ဆက်သွယ်သည့် အမြန်ရထားလမ်းကို ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ ရုရှားဝန်ကြီးချုပ် ဗလာဒီမာပူတင်၊ ဖင်လန်သမ္မတ တာဂျာဟာလိုနန်နှင့် နှစ်နိုင်ငံ တာဝန်ရှိသူများလိုက်ပါလာသော အထူးရထားသည် စိန့်ပီတာစဘတ်မြို့ရှိ ဖင်လန်ဒီစကီးဘူတာရုံသို့ မော်စကိုစံတော်ချိန် ညနေ ၄ နာရီ ၅၀ မိနစ်တွင် ဆိုက်ရောက်လာသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- ၀င်းတင် **
** ကုလသမဂ္ဂ ပြုပြင်ပြောင်းလဲရေး ဂျာမနီနှင့် အိန္ဒိယ ပူးပေါင်းကြိုးပမ်းမည် **

No comments:
Post a Comment