အချိန်ကို အချည်းနှီး မဖြစ်စေသူ
မေးသမျှ လူတိုင်းကိုလည်း လူထုဦးလှရဲ့ အဆုံးအမနဲ့ ကြီးလာရတာကြောင့်ပါ လို့ပဲ ဖြေပါတယ်။ ဦးလေးလှက သူ့ရဲ့ တစ်နေ့တာအချိန်ကို နည်းနည်း လေးမှ အချည်းနှီး ကုန်ဆုံးစေတဲ့သူ မဟုတ်ပဘူး။ မနက်အိပ်ရာက နိုးတာနဲ့ လုပ်စရာအလုပ်တွေက တန်းစီနေပါတယ်။ တက်စရာ အစည်းအဝေးတွေကလည်း တစ်ပြုံကြီးပါပဲ။ ဗထူးကွင်း အစည်းအဝေး၊ ကြက်တောင်အဖွဲ့အစည်းအဝေးတွေ တက်လိုက်၊ ဘိုးဘွားရိပ်သာ အစည်းအဝေး၊ ပြေးလိုက်၊ တက္ကသိုလ် ဆီးနိတ်အဖွဲ့ အစည်းအဝေး တက်လိုက်နဲ့ နားရတယ် မရှိပါဘူး။ ဒီကြားထဲ မတ္တရာဘက်က လယ်တွေ ရေနစ်လို့ အမတော်ကြေးဆိုင်းငံ့ထားဖို့ ရေးပေးပါဦး လာပြောတဲ့ လယ်သမားတွေကို လက်ခံစကားပြောလိုက်၊ စစ်ကိုင်းတောင်ရိုးက ချောင်တွေ ရေမရတဲ့ ကိစ္စရေးပေးဖို့ ပြောတဲ့ ဆရာတော်ကြီးတွေ ကိုတွေ့ရ၊ ဘယ်ကျောင်းက ဘယ်ဆရာတော် နာမကျန်း ဖြစ်နေလို့ ဆိုတာကြောင့် ဆရာဝန်ခေါ်သွားပြီး ပြပေးလို ပေးရနဲ့ အလုပ်ရှုတ်နေပါတယ်။
နားတစွင့်စွင့်နေရ
ဒီကြားထဲမှာ စစ်ကိုင်းတံတားထိပ်က သပြေတန်းခံတပ်ကြီးဖြင့် အစောင့်အရှောက်မဲ့ပြီး နွားခြံဖြစ်နေပြီလို့ အမြင်မတော်သူ တစ်ယောက်ယောက်က လာပြောတဲ့အခါ ဦးလေးက ချက်ချင်းပဲ ဓာတ်ပုံဆရာခေါ်ပြီး ကိုယ်တိုင် သွားကြည့်ပါတယ်။ ပြန်လာရင် ရန်ကုန်က သူ့မိတ်ဆွေ ယဉ်ကျေးမှုဌာန အတွင်းဝန် ဦးသိန်းတန်ဆီ ဖုန်းဆက်ပြောလိုက်၊ မန္တလေးက ဦးစိန်မောင်ဦးဆီ ဖုန်းဆက်ပြောလိုက်နဲ့ အလုပ်ရှုတ်ပြန်ပါရော၊ ညကျရင်တော့ အဲဒီအကြောင်းကို ဆောင်းပါးရေးပါသေးတယ်။ တိုက်က လူငယ်တွေကတော့ ဦးလေးအပြင်က ပြန်လာရင် ဘယ်က ကောက်ရိုးထုတ်ကြီး ယူလာပြန်ပြီလဲ မသိဘူး။ ဆိုပြီး ရင်တစ်ထိပ်ထိပ်နဲ့ ခေါ်သံကို နားစွင့်နေကြရပါတယ်။ ဦးလေးပြန်လာတိုင်း အမြဲတမ်း မဟုတ်တောင်၊ အများအားဖြင့်တော့ သတင်းအစအန တစ်ခုခု ပါလာလေ့ရှိပါတယ်။ ပါလာတဲ့အခါ ဓာတ်ပုံဆရာတစ်ယောက်နဲ့ သတင်းထောက်တစ်ယောက်ယောက်ဆွဲပြီး ခေါ်ပါတယ်။
အတွင်းခန်းဂျိုကာ
အဲဒီလိုခေါ်တဲ့ အခါတိုင်း ဘယ်သူမှ မရှိတာက များပါတယ်။ နေ့အချိန်ဆိုတာ သတင်းထောက်တွေ၊ ဓာတ်ပုံဆရာတွေ တိုက်ကပ်တဲ့အချိန်မှာ မဟုတ်တာ အဲဒီတော့ အယ်ဒီတာ အခန်းထဲမှာ အားနေတတ်သူက ကျနော် တစ်ယောက်တည်းရှိတယ်။ နေ့ဖောင်ကို နတ်မောက်ကိုထွန်းရှိန်က ကိုင်ပြီး၊ ညဖောင်ကို မောင်သစ်လွင် (လူထု)က ကိုင်တော့၊ ကျနော်က ဒေါ်ဒေါ်က ဘာသာပြန်ကူတဲ့အခါ ကူလိုက်၊ ကိုထွန်းရှိန်တို့ ကိုသစ်လွင်တို့ သတင်းခေါင်းတပ်တာတွေ ကူလုပ်တဲ့အခါ လုပ်လိုက်နဲ့ ဂျိုကာ တစ်ကောင်လို ဖြစ်နေတာ။ နောက်ပြီး ဓာတ်ပုံရိုက်မယ့် လူဆိုလည်း၊ အပြင်ခန်းရဲ့ ဂျိုကာဖြစ်တဲ့ ဦးလေးရဲ့ တူအရင်း ကိုထွန်းအောင်ပဲ ရှိတာ။ သူက မန်နေဂျာကိုကူပြီး စာရင်းကိုင်တဲ့အခါ ကိုင်ပေးလိုက်၊ ဓာတ်ပုံရိုက်မယ့်သူ မရှိရင် ထွက်ရိုက်လိုက်၊ ကားမောင်းသူ မအားရင် ကျောင်းပို့ကျောင်းကြို လုပ်လိုက်နဲ့ အစုံလုပ်ရသူဖြစ်တယ်။ အဲဒီတော့ နေ့ခင်းဘက်တို့ ညကြီးပိုင်းတို့ အရေးပေါ်ကိစ္စဆိုရင် ဂျိုကာနှစ်ကောင်ဖြစ်တဲ့ ကျနော်နဲ့ ကိုထွန်းအောင် နှစ်ယောက်သာ အမြဲလိုလို သွားရလေ့ရှိပါတယ်။ အဲဒါကြောင့် ကိုထွန်းအောင်က ဦးလေးကို ကောက်ရိုးထုပ်ကြီး လို့ ကွယ်ရာမှာ ခေါ်တာဖြစ်တယ်။
စာရေးမှကြိုက်တယ်
ဦးလေးက သူသာ အလုပ်နဲ့လက်မပြတ်အောင် လုပ်နေတာ မဟုတ်ဘူး။ အနားရှိလူအားလုံးကိုလည်း အလုပ်လုပ်ကြဖို့ အမြဲနှိုးဆော်နေတာပါ။ ဒေါ်ဒေါ့်ကိုလည်း အမြဲတမ်း စာရေးနေမှ ဦးလေးကကြိုက်တာ၊ ဒေါ်ဒေါ် ပြည်သူချစ်သော အနုပညာသည်များ စာအုပ်ကို စာတွေရေးဖြစ်တာက ဦးလေးရဲ့ တိုက်တွန်းနှိုးဆော်မှုကြောင့်ပဲ ဖြစ်တယ်။ လူငယ်တွေဖြစ်တဲ့ တင်မိုးတို့ ကြည်အောင်တို့ အင်းဝကိုလေးတို့ ဆိုရင် ကဗျာတွေ မရေးဖြစ်တာ ကြာသွားရင် ဦးလေးအခန်းထဲ မသွားကြဘူး။ ဒေါ်ဒေါ့် အခန်းထဲနဲ့ ကျနော်တို့ အခန်းတွေထဲသာ လာ အချိန်ဖြုန်းရဲကြတာ။ စာရေးဖို့ အမြဲလှုံ့ဆော်ပေမယ့် ဦးလေးက အကြောင်းအရာ မယ်မယ်ရရ မရှိဘဲ စာဖြစ်ရင်ပြီးရော ရေးတာမျိုးကိုတော့ မကြိုက်ပါဘူး။
ပြောစရာမရှိရင် မရေးနဲ့
ပြောစရာရှိမှ ရေးပါ။ ဘာမှပြောစရာ မရှိရင် ဘာမှမရေးပါနဲ့၊ ပိုက်ဆံကုန်ခံ အချိန်ကုန်ခံပြီး ၀ယ်ဖတ်တဲ့ စာဖတ်ပရိသတ်ကို အားနာပါ၊ ဆိုတဲ့ စကားနဲ့ ဦးလေးက လူငယ်တွေကို အမြဲဆုံးမလေ့ရှိပါတယ်။ ဆရာကြီး ရွှေဥဒေါင်းကလည်း စာရေးတယ် ဆိုတာ ပြောစရာအကြောင်းအရာ တစ်ခုခုကို အများသိစေချင်လို့ ရေးတာ၊ ပြောစရာ မရှိရင် မရေးနဲ့ လို့ ပြောတတ်ပါတယ်။ စာတစ်ပုဒ်ဖတ်ပြီး ဘာမှ မယ်မယ်ရရ မပါတဲ့ အခါဆိုရင် ဆရာကြီးက တော်တော်ဒေါသထွက်ပြီး တဖျစ်တောက်တောက် ပြောလေ့ရှိပါတယ်။ အဲဒီ စာရေးဆရာရဲ့ စာကို နောက်ဘယ်တော့မှ မဖတ်တော့ပါဘူး။
တတိယမျက်လုံး
ကျနော်တို့ တစ်တွေက ကံကောင်းထောက်မစွာနဲ့ ဆရာကြီး ရွှေဥဒေါင်းလို၊ ဦးလေးလှလို ပုဂိုလ်ကြီးများရဲ့ အရိပ်အောင်မှာ ကြီးပြင်းခဲ့ရပါတယ်။ အဲဒါကြောင့် စာရေးတဲ့အလုပ်ကို ပေါ့ပေါ့မလုပ်ပါဘူး။ လေးလေးစားစား လုပ်ပါတယ်။ နေထိုင်ကောင်းနေတဲ့ အချိန်အားလုံးကို စာရေးစာဖတ် လုပ်နေတာချည့်ဖြစ်ပါတယ်။ ဂျာနယ်တွေ အများကြီး ထွက်နေတဲ့အချိန်မှာ နေ့စဉ် နှစ်ပုဒ်ကျကို ရေးဖြစ်ပါတယ်။ ပင်တော့ ပင်ပန်းပါတယ်။ ဒါပေမယ့် လူငယ်တွေကို ကူညီရမယ်ဆိုတဲ့စိတ်တဲ့ ကြိုးစားပြီး ရေးရတာ ဖြစ်တယ်။ သတင်းစာတစ်စောင် ထွက်လာတယ်ဆိုတာ လူတွေအတွက် တတိယ မျက်လုံးတစ်ခု တိုးလာဖြင်း ဖြစ်ပါတယ်။
ကြည့်သောသူ မြင်၏
တစ်နေ့ နှစ်ပုဒ်ရေးနေလည်း ရေးစရာတွေက မကုန်ပါဘူး။ ကြည့်သောသူ မြင်၏ ဆိုတဲ့အတိုင်း အလေ့အကျင့် လုပ်ထားတဲ့ သတင်းသမားရဲ့ မျက်စိထဲမှာ ရေးစရာချည့်ပါပဲ။ ဘော်လုံးပွဲကြည့်ရင်လည်း ရေးစရာ တွေ့ပါတယ်။ ဖျော်ဖြေရေးနယ်က မင်းသား မင်းသမီးတွေ အဆိုတော်တွေအကြောင်း ဖတ်လည်း ရေးစရာ မြင်ပါတယ်။ ကိုရီးယားကား ကြည့်လည်း ရေးစရာ ပေါ်လာပါတယ်။ ဂျာနယ်တိုက် ပေါင်းစုံက လူငယ်တွေနဲ့ စကားပြောရင်လည်း ရေးစရာတွေ ခေါင်းထဲ ရောက်လာပါတယ်။ အိမ်ထဲကအိမ်ပြင် မထွက်နိုင်ပေမယ့်လည်း ထွက်နေတဲ့ သူတွေထက်တောင် ပိုသိပါတယ်။ ဂျာနယ်ပေါင်းစုံက လူငယ်တွေ ဥဒဟို ၀င်ထွက် သွားလာနေကြတာကို ပြီးတော့ နိုင်ငံခြားသားမိတ်ဆွေ သတင်းစာဆရာ၊ စာရေးဆရာတွေ၊ ကျောင်းဆရာတွေကလည်း တစ်လကို အနည်းဆုံး ငါးဦးခြောက်ဦးတော့ ရောက်ရောက်လာလေ့ ရှိပါတယ်။ သူ့လာတိုင်း စာအုပ်တွေ စာစောင်တွေ လက်ဆောင်ယူလာကြလေ့ရှိတော့ ကမ္ဘာကြီးအကြောင်းလည်း ကောင်းကောင်းသိနေပါတယ်။ အချိန်ရတိုင်း အင်တာနက် လှိုင်းလုံးကြားထဲလည်း ကူးခတ်နေတတ်ပါတယ်။
သိလို့ရေးတာ
အဲဒီတော့ ရေးစရာ မရှားပါဘူး။ ပြောချင်တာတွေလည်း မနည်းပါဘူး။ ကျန်းမာရေးကြောင့်သာ မဟုတ်ရင် နှစ်ပုဒ်မက သုံးပုဒ်၊ လေးပုဒ် ရေးလို့တောင်ရပါတယ်။ ရေးသမျှ မှန်တာဖြစ်ချင်မှဖြစ်ပါတယ်။ ကောင်းချင်မှ ကောင်းပါမယ်။ ဒါပေမယ့် ရေးသမျှ စာတွေထဲမှာ ပြောစရာတစ်ခု၊ ပေးစရာတစ်ခု မပါတာမျိုး ဘယ်တော့မှ မရှိပါဘူး။ ပြောစရာမရှိရင် မရေးနဲ့ ဆိုတဲ့ ဆရာကြီး ရွှေဥဒေါင်းတို့ ဦးလေးလှတို့ရဲ့ အဆုံးအမနဲ့ ကြီးလာခဲ့ရတာပါ။ နောက်ပြီးတော့ ရေရေရာရာ ပိုင်ပိုင်နိုင်နိုင် မသိတဲ့ အကြောင်းအရာတစ်ခုကို လူအထင်ကြီးအောင် ဖြီးဖြန်းရေးတာမျိုးလည်း ဘယ်တော့မျ မရှိပါဘူး။ ကိုယ်ရေးသမျှဟာ သေသေချာချာသိလို့၊ သေသေချာချာကို ယုံကြည်လို့ ရေးတာချည့် ဖြစ်ပါတယ်။ တစ်နေ့ နှစ်ပုဒ်နှုန်းနဲ့ စာတွေအများကြီးရေးနေပေမယ့် မှားလို့ ဖြေရှင်းရတာတို့၊ တောင်းပန်ရတာတို့လည်း တစ်ခါမှ မရှိပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ သေသေချာချာ မသိဘဲ မရေးသလို၊ နာမည်ကြီးချင်လို့ ထင်ပေါ်ချင်လို့ အခွင့်အရေးလိုချင်လို့ ရေးတာမျိုးလည်း မရှိခဲ့လို့ပါပဲ။ ဝေဖန်သုံးသပ်တာတွေ ရေးတာ ဖြစ်တော့ အခွင့်အရေးမျှော်ပြီး လုပ်သူတွေကတော့ ဘယ်ကျေနပ်ကြမှာလဲ။ ကိစ္စမရှိပါဘူး။ ရေးသင့်တာတော့ ဆက်ရေးနေမှာပဲ ဖြစ်ပါတယ်။
** လူထုဦးစိန်ဝင်း **
(၁၀၊ ၉၊ ၂၀၀၉၊ လူထုဦးလှရဲ့ နှစ်တစ်ရာပြည့်၊ လူထုရနံ့စာစုများမှ)
ဂျာနယ်မဂဇင်း အတော်များများမှာ စာတွေ အဆက်မပြတ် ရေးနေတာနဲ့ ပတ်သက်ပြီး စာဖတ်ပရိသတ်များက သိပ်ရေးနိုင်တာပဲ လို့ တအံ့တသြ ပြောတတ်ပါတယ်။ စာနယ်ဇင်းသမားတွေကတော့ အိမ်ထဲက အိမ်ပြန်ထွက်နိုင်တာလဲ မဟုတ်ဘဲနဲ့၊ ရေးစရာတွေ ဘယ်ကရနေတာလဲ လို့ မေးလေ့ ရှိပါတယ်။

No comments:
Post a Comment