** ရောမအင်ပိုင်ယာ၏ အတက်အကျ သစ်ပင်များကို လေ့လာခြင်းဖြင့် သိနိုင် **
(လန်ဒန်၊ ဇန်န၀ါရီလ ၁၆ ရက်)
သစ်ပင်၏ အရင့်အမာပြ သစ်ကွင်းများကို လေ့လာစူးစမ်းခဲ့ရာ အတိတ်ကာလ ဥရောပယဉ်ကျေးမှုများ စည်ပင်မှုနှင့် ကျဆင်းမှုတို့သည် ရာသီဥတု ရုတ်တရက် ပြောင်းလဲရွေ့လျားမှုနှင့် ဆက်စပ်နေကြောင်း ဇန်န၀ါရီလ ၁၄ ရက်နေ့က ထွက်ပေါ်လာသော လေ့လာချက်တစ်ရပ်တွင် ဖော်ပြထားသည်။ (အင်တာနက်)

**သီရိလင်္ကာရေဘေးသင့် ပြည်သူများအတွက် အကူအညီပေးရန် ကုလဖိတ်ခေါ် **
(သီရိလင်္ကာ၊ ဇန်န၀ါရီလ ၁၆ ရက်)
သီရိလင်္ကာ ရေဘေးသင့်ပြည်သူများအတွက် အရေးပေါ်အကူအညီများပေးရန် ကုလသမဂ္ဂက ကမ္ဘာ့နိုင်ငံများအား မေတ္တာရပ်ခံလိုက်ကြောင်း စနေနေ့သတင်းများတွင် ဖော်ပြထားသည်။ သီရိလင်္ကာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရိတ်သိမ်းခါနီးစပါးခင်းများ ရေလွှမ်းခံခဲ့ရပြီး လူရာပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ကာ ၃၈ ဦးသေဆုံးခဲ့သည်။ (အင်တာနက်)
** ၂၀၁၀ ခုနှစ်တွင် ပါကစ္စတန်၌ အကြမ်းဖက်တိုက်ခိုက်မှုများ ၂၀ ရာခိုင်နှုန်းနီးပါး
ကျဆင်းခဲ့ **
(အစ္စလာမ္မာဘတ်၊ ဇန်န၀ါရီလ ၁၆ ရက်)
၂၀၁၀ ခုနှစ်အတွင်း ပါကစ္စတန်နိုင်ငံ၌ အသေခံဗုံးခွဲတိုက်ခိုက်မှုများနှင့် အခြားတိုက်ခိုက်မှုများ ၂၀ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ကြောင်း သုခမိန်အဖွဲ့တစ်ဖွဲ့က တနင်္ဂနွေနေ့တွင် ပြောကြားသည်။ ပါကစ္စတန်စစ်ဘက်၏ စစ်ဆင်ရေးများ၊ တရားဥပဒေထိန်းသိမ်းရေးအဖွဲ့ အစည်းများ၏ ထောက်လှမ်းရေးစနစ် ပိုမို ကောင်းမွန်လာမှုနှင့် အမေရိကန်မောင်းသူမဲ့လေယာဉ်တိုက်ခိုက်မှုများကြောင့် စစ်သွေးကြွခေါင်းဆောင်များ သေဆုံးခဲ့ခြင်းသည် ပါကစ္စတန်နိုင်ငံအတွင်း အကြမ်းဖက်မှုများ ကျဆင်းခဲ့ခြင်း၏ အကြောင်းရင်းဖြစ်ကြောင်း ယင်းအဖွဲ့က ပြောကြားသည်။ (အေပီ)
** လက်ဘနွန်နိုင်ငံရေးပြဿနာ တူရကီ၊ ကာတာနှင့် ဆီးရီးယား ခေါင်းဆောင်များ ဆွေးနွေးမည် **
(ဘေရွတ်၊ ဇန်န၀ါရီလ ၁၆ ရက်)
တူရကီ၊ ကာတာနှင့် ဆီးရီးယားနိုင်ငံများမှ ခေါင်းဆောင်များသည် လက်ဘနွန်နိုင်ငံရေးပြဿနာနှင့် ပတ်သက်၍ ဆွေးနွေးရန် ဆီးရီးယားနိုင်ငံ ဒမတ်စကပ်မြို့၌ တွေ့ဆုံကြမည်ဖြစ်ကြောင်း တူရကီအနာတိုလီယာ သတင်းဌာနက ယနေ့ဖော်ပြသည်။ တူရကီဝန်ကြီးချုပ် ရီဆစ်တေယစ်အာဒိုဂန်သည် ကာတာစော်ဘွား ရှိတ်ဟာမက်ဘင်ခါလီဖာ အယ်လ်သာနီ၊ ဆီးရီးယားသမ္မတ ဘာရှားရ်အာဆက်ဒ်တို့နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း အာနာတိုလီယာသတင်းဌာနက ဖော်ပြသည်။ (အင်တာနက်)
** အီရတ်တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် အမေရိကန်တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံး **
(မိုဆူးလ်၊ ဇန်န၀ါရီလ ၁၆ ရက်)
အီရတ်နိုင်ငံမြောက်ပိုင်း မိုးဆူးလ်မြို့၌ လေ့ကျင့်မှုတစ်ရပ်ပြုလုပ်စဉ်အတွင်း အီရတ်တပ်ဖွဲ့ဝင်နှစ်ဦး၏ ပစ်ခတ်မှုကြောင့် စနေနေ့က အမေရိကန်တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဆိုဆူးလ်မြို့တောင်ပိုင်းရှိ အမေရိကန်စစ်စခန်းတစ်ခု၌ အီရတ်တပ်ဖွဲ့တစ်ဖွဲ့ကို အမေရိကန်တပ်ဖွဲ့ဝင်များက လေ့ကျင့်မှုပေးနေစဉ်အတွင်း အဆိုပါဖြစ်စဉ်ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)
** အိန္ဒိယ၌ ဆိပ်ကမ်းသစ်များတည်ဆောက်ရန် လာမည့် ၁၀ နှစ်တွင် ဒေါ်လာဘီလီယံ
၁၀၀ သုံးစွဲမည် **
(မွမ်ဘိုင်း၊ ဇန်န၀ါရီလ ၁၆ ရက်)
အိန္ဒိယနိုင်ငံသည် ၂၀၂၀ ခုနှစ်အထိဖြစ်သော လာမည့် ၁၀ နှစ်တာကာလအတွင်း ပင်လယ်ဆိပ်ကမ်းသစ်များ တည်ဆောက်ခြင်းနှင့် သင်္ဘောလုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများတွက် ရူပီး ၄ ဒသမ ၅၂ ထရီလီယံ (ဒေါ်လာ ဘီလီယံ ၁၀၀) သုံးစွဲမည်ဖြစ်ကြောင်း သင်္ဘောလုပ်ငန်းဝန်ကြီး ဂျီကေဗာဆန်က ဇန်န၀ါရီလ ၁၄ ရက်နေ့တွင် ပြောကြားသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- သတင်းလုလင် **

No comments:
Post a Comment