** ဆန်တာခရုဇ်အား ဘလက်ဘန်း ပြန်လည်ခေါ်ယူ **
(လန်ဒန်၊ ဇန်န၀ါရီလ ၁၅ ရက်)
ပရီးမီးယားလိဂ် အလယ်အလတ်အဆင့်တွင် ရပ်တည်နေသည့် ဘလက်ဘန်းအသင်းသည် ၄င်း၏ ကစားသမားဟောင်းဖြစ်သည့် မန်စီးတီးတိုက်စစ်မှူး ဆန်တာခရုဇ်ကို ပြန်လည်ခေါ်ယူစာချုပ်ချုပ်ဆိုခဲ့သည်။ အသက် (၂၉)နှစ်ရှိ ဆန်တာခရုဇ်သည်အသင်းဟောင်း ဘလက်ဘန်း၌ ဆေးစစ်မှုအောင်မြင်ခဲ့ပြီး ယခုနှစ်ဘောလုံးရာသီကုန်အထိ အငှားစာချုပ်ဖြင့် ကစားမည်ဖြစ်သည်။ ၄င်းသည် မန်စီးတီးသို့မရောက်မီ ၂၀၀၇ ခုနှစ်က ပေါင် ၃ ဒသမ ၈ သန်းဖြင့် ဘလက်ဘန်းအသင်းသို့ ရောက်ရှိခဲ့ပြီး ၂၀၀၉ ခုနှစ် ဇွန်လအထိ ကစားခဲ့ကာ ယင်းမှ ၂၀၀၉ ခုနှစ် ဇူလိုင်လတွင် ပေါင် ၁၇ ဒသမ ၅ သန်းဖြင့် မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)

** ယာကူဘူ လစ္စတာစီးတီးသို့ ရောက်
တော့မည် **
(လန်ဒန်၊ ဇန်န၀ါရီလ ၁၅ ရက်)
အင်္ဂလန်ချန်ပီယံရှစ်ကလပ် လစ္စတာစီးတီးသည် အဲဗာတန်ကစားသမား ယာကူဘူအား ရာသီကုန်အထိ အငှားစာချုပ်ဖြင့်ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။ အဲဗာတန်အသင်းမှ ယာကူဘူထွက်ခွာပြီးချိန်တွင် နောက်ထပ်တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူမည်ဟုဆိုသည်။ အဲဗာတန်အသင်းခေါ်ယူမည့် ကစားသမားမှာ မိုနာကိုတိုက်စစ်မှူး ဘိုကာနီဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ လစ္စတာစီးတီးအသင်းသည် ယခုနှစ် ဘောလုံးရာသီကုန်အထိ အငှားစာချုပ်ဖြင့် ခေါ်ယူမည့် ယာကူဘူကို လာမည့်နွေရာသီတွင် ပေါင် ၄ သန်းဖြင့် အပြီးသတ်ခေါ်ယူမည်ဟု ဆိုသည်။ (အင်တာနက်)
** စုစည်ဘာသာပြန်- ၀င်းတင် **
**စတီဗင်ပီနာအား ချယ်လ်ဆီးအသင်း ကမ်းလှမ်းထား**
ချယ်လ်ဆီးအသင်း၏ စတီဗင်ပီနာအတွက် ကမ်းလှမ်းမှုကို လက်ခံရရှိထားကြောင်း အဲဗာတန်နည်းပြ ဒေးဗစ်မိုရက်စ်က ပြောကြားလိုက်သည်။ သို့သော်လည်း သတင်းများတွင် ဖော်ပြထားသကဲ့သို့ ချယ်လ်ဆီး၏ လန်ဒန်မြို့ခံပြိုင်ဖက် တော့တင်ဟမ် ဟော့စပါးက ပီနာအတွက် ကမ်းလှမ်းမှုများ ပြုလုပ်ထားသည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း မိုရက်စ်ကဆိုသည်။ ဇန်န၀ါရီ (၁၆)ရက်နေ့က လီဗာပူးလ်နှင့် (၂)ဂိုးစီ သရေကျသော ပွဲစဉ်အပြီးတွင် မိုရက်စ်က “ပီနာအတွက် ချယ်လ်ဆီးဆီက ကမ်းလှမ်းမှုတစ်ခု ရထားတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် အပြီးသတ် သဘောတူညီမှုတော့ မရသေးပါဘူး”ဟု ပြောဆိုခဲ့သည်။ ပီနာ၏ အေးဂျင့်နှင့် ချယ်လ်ဆီးအသင်းတို့ ညှိနှိုင်းခွင့် ပြုထားသော်လည်း တရားဝင် ကမ်းလှမ်းမှု မပြုလုပ်သေးသည့် စပါးနှင့်မူ တွေ့ဆုံရန် ခွင့်ပြုမည် မဟုတ်ကြောင်း မိုရက်စ်ကဆိုသည်။ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် တောင်အာဖရိက လက်ရွေးစင်သည် (၂၀၀၇)ခုနှစ်က ဂျာမန်ကလပ် ဘိုရပ်ရှား ဒေါ့တ်မန်မှ အဲဗာတန်သို့ ပေါင်စတာလင် (၂)သန်းဖြင့် ပြောင်းရွှေ့လာပြီးနောက်ပိုင်း တောက်လျှောက် ခြေစွမ်းပြနိုင်ခဲ့သည်။ ယခုရာသီကုန်တွင် အဲဗာတန်နှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည့် ပီနာအား ပရီးမီးယားလိဂ် အသင်းအတော်များများက စိတ်ဝင်စားခဲ့သော်လည်း ချယ်လ်ဆီးတစ်သင်းတည်းသာ တရားဝင် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ ပီနာသည် ယမန်နှစ်များလောက် အသင်းတွင် ခြေစွမ်းမပြနိုင်သည့်တိုင် အဲဗာတန်၏ အရေးအပါဆုံး ကစားသမားတစ်ဦးအဖြစ် ဆက်လက်ရပ်တည်နေဆဲဖြစ်သည်။ ၎င်းသည် အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် ငြင်းဆန်ခဲ့ပြီးနောက် အဲဗာတန်က အလွတ်ပြောင်းရွှေ့ခွင့် မရမီ ရောင်းထုတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဟု သိရှိရသည်။(7day News)
Source: DailyMail
**အက်ရှ်လေကိုးထံ Message ပေးပို့မှု မပြုရန် ချယ်ရီကိုးလ်အား ဒါရတ်ခ် ပြောကြား**
ခင်ပွန်းဟောင်း အက်ရှ်လေကိုးလ်ထံသို့ Text Messageများ ပေးပို့နေမှုကို ရပ်ဆိုင်းသင့်ပြီဟု ချယ်ရီကိုးလ်အား ဒါရတ်ခ်ဟုဂ်ျက တိုက်တွန်းပြောကြားလိုက်သည်။ ဒါရတ်ခ်သည် နာမည်ကျော် ဗြိတိသျှ အဆိုတော်နှင့် ချစ်သူဖြစ်နေကြောင်း နာမည်ကြီးနေသလို ချယ်ရီက သူမ၏ အကောင်းဆုံး သူငယ်ချင်းအဖြစ် ညွှန်းဆိုထားသည်။ အမေရိကန် အကနည်းပြ ဒါရတ်ခ်က ချယ်ရီအနေနှင့် ခင်ပွန်းဟောင်း အင်္ဂလန် လက်ရွေးစင် ဘောလုံးသမား၏ ရက်စက်စိမ်းကားခဲ့မှုများအား ဒေါသပေါက်ကွဲပြီး နေ့စဉ် Text Messageများ ပေးပို့နေခြင်းသည် မလျှော်ကန်တော့ကြောင်း ပြောဆိုခဲ့သည်ဟု နီးစပ်သူများကဆိုသည်။

Photo-(ချယ်ရီကိုးလ်နှင့် ဒါရတ်ခ်ဟုဂ်ျ)
ချယ်ရီ၏ မိတ်ဆွေအချို့က “ချယ်ရီဟာ အက်ရှ်လေ့အပေါ် သူ့ရဲ့ဒေါသတွေကို Text Messageကနေတဆင့် သွန်ချခဲ့တာပါ။ ဒါပေမယ့် ဒါရတ်ခ်ကတော့ ဒါဟာ ရူးမိုက်မှုပဲလို့ ယူဆပါတယ်။ သူက ချယ်ရီ့ကို ထိုက်သင့်သလောက်ထက်ပိုရင် မကောင်းဘူးလို့ ပြောခဲ့ပါတယ်။ ဒါရတ်ခ်အနေနဲ့ ချယ်ရီ့စိတ်ထဲမှာ အက်ရှ်လေဆက်ရှိနေတာကို ဘယ်လိုမှ သဘောမကျတာ သေချာပါတယ်။ ချယ်ရီကလည်း အက်ရှ်လေနဲ့ လုံးဝပြတ်စဲထားပြီ ဖြစ်ပေမယ့် သူ့ရဲ့နာကျည်းမှုကတော့ မလျော့သေးပုံပါပဲ”ဟု The Sunသို့ ပြောကြားခဲ့သည်။ အက်ရှ်လေသည် အခြားသော အမျိုးသမီးများနှင့် ဇာတ်ရှုပ်မှုများကြောင့် ပြီးခဲ့သည့်နှစ်က ချယ်ရီနှင့် အပြီးသတ် ကွာရှင်းခဲ့ခြင်းဖြစ်သည်။(7day News)
Source: monsterandcritics

No comments:
Post a Comment