**မင်းသားအာနိုးလ် ပြည်နယ်အုပ်ချုပ်ရေးမှူးရာထူးမှ နှုတ်ထွက်**
ကယ်လီဖိုးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ်မှ နုတ်ထွက်ပြီးချိန်တွင် သရုပ်ဆောင်အလုပ်ကို ပြန်လည်ခြေဦးလှည့်ရန် အာနိုးလ်ရှဝါဇန်ဂျာတစ်ယောက် စိတ်ဝင်စားနေကြောင်း သိရသည်။ Terminatorစတား မောင်စကြာဝဠာဟောင်းသည် ဇန်န၀ါရီလ (၃)ရက်နေ့က ပြည်နယ်အုပ်ချုပ်ရေးမှူး ရာထူးမှ နှုတ်ထွက်လိုက်ပြီဖြစ်သည်။ အာနိုးလ်သည် ဒီမိုကရက်ပါတီမှ ဂျယ်ရီဘရောင်းကို ရာထူးလွှဲအပ်ပေးခဲ့ပြီးနောက် နိုင်ငံရေးသမား ဘ၀က ကျောခိုင်းထားခဲ့သည့် ဟောလီးဝုဒ် ရပ်ဝန်းကို ဦးလှည့်လာဖွယ် ရှိနေကြောင်း သတင်းများကဆိုသည်။(အင်တာနက်)
** တောင်ကိုရီယား၌ ကြက်ငှက်တုပ်ကွေးပြန်လည်ဖြစ်ပွား **
(ဆိုးလ်၊ ဇန်န၀ါရီလ ၂ ရက်)
တောင်ကိုရီးယားနိုင်ငံတွင် ကြက်ငှက်တုပ်ကွေးရောဂါပြန်လည်ဖြစ်ပွားလာသဖြင့် နိုင်ငံအနောက်တောင်ပိုင်းနှင့် အလယ်ပိုင်းဒေသတို့မှ ကြက်၊ ဘဲ၊ မွေးမြူရေး ခြံနှစ်ခြံမှ ကြက်နှင့်ဘဲများကို သုတ်သင်ရှင်းလင်းခဲ့ရကြောင်း တောင်ကိုရီးယားအရာရှိများက ဇန်န၀ါရီလ ၂ ရက်နေ့၌ သတင်းထုတ်ပြန်သည်။ ၄င်းကြက်ဘဲမွေးမြူရေးခြံနှစ်ခြံတွင် H5N1 ဗိုင်းရပ်စ်ပိုး ကူးစက်ဖြစ်ပွားနေကြောင်း တောင်ကိုရီးယားနိုင်ငံ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနမှ အတည်ပြုခဲ့သည်။ (အင်တာနက်)
** ခရီးသည်တင်လေယာဉ် မီးလောင်ပေါက်ကွဲ **
(မော်စကို၊ ဇန်န၀ါရီလ ၂ ရက်)
ရုရှားနိုင်ငံ မော်စကိုမြို့အရှေ့ဘက် မိုင် ၁၃၀၀ ခန့်အကွာတွင် ဇန်န၀ါရီလ ၂ ရက်နေ့က ရုရှားခရီးသည်တင်လေယာဉ်တစ်စင်း ပေါက်ကွဲမီးလောင်မှုဖြစ်ပွားခဲ့ရာ ခရီးသည် ၃ ဦးသေဆုံးပြီး ၄၃ ဦး ဒဏ်ရာရရှိသွားကြောင်း ရုရှားသတင်းဌာနက ပြောကြားသည်။ ခရီးသည်လေးဦးသည် ယောဉ်မီးလောင်စဉ် ထွက်ရှိလာသော မီးခိုးများနှင့် အဆိပ်ဖြစ်စေတတ်သော ဓာတ်ငွေ့များရှူရှိုက်မိခဲ့သဖြင့် နီးစပ်ရာ ဆေးရုံသို့ တင်ပို့ပေးခဲ့ရသည်။ လေယာဉ်မီးလောင်ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ (အင်တာနက်)
** အီဂျစ်မြောက်ပိုင်း၌ ကားဗုံးပေါက်ကွဲ ခုနစ်ဦးသေဆုံး၊ ၂၄ ဦးဒဏ်ရာရရှိ **
(ကိုင်ရို၊ ဇန်န၀ါရီလ ၂ ရက်)
အီဂျစ်နိုင်ငံမြောက်ပိုင်းတွင် ဇန်န၀ါရီလ ၂ ရက်နေ့က ကားဗုံးပေါက်ကွဲမှုဖြစ်ပွားရာ ခုနစ်ဦးသေဆုံးပြီး ၂၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း အီဂျစ်ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ ဖြစ်ပွားမှုမှာ အီဂျစ်နိုင်ငံမြောက်ပိုင်း အလက်ဇန္ဒြားရားမြို့ရှိ အဆောက်အအုံတစ်ခု၏ အပြင်ဘက်တွင်ရှိသော မော်တော်ယာဉ်တစ်စီးပေါ်၌ ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)
** အာဂျင်တီးနားလေကြောင်းပိုင်နက်ကို ပန်းကန်ပြားပျံများ ခြိမ်းခြောက်နိုင် **
(ဗျူနိုအေရိ၊ ဇန်န၀ါရီလ ၂ ရက်)
မိမိတို့နိုင်ငံ၏ လေကြောင်းပိုင်နက်အတွင်း ပန်ကန်ပြားပျံခေါ် အမျိုးအမည်မသိ ပျံသန်းနေသော အရာဝတ္ထုများကို လေယာဉ်မှူးများနှင့် ရေဒါများက ရှာဖွေတွေ့ရှိသည့် သတင်းများပေါ်ထွက်နေကြောင်း ပန်ကန်ပြားပျံများသည် နိုင်ငံတော်၏ လေကြောင်းပိုင်နက် လုံခြုံမှုကို ခြိမ်းခြောက်လာဖွယ်ရှိကြောင်း အာဂျင်တီးနားလေတပ်က ပြောကြားသည်။ (အင်တာနက်)
** အီရန်သမ္မတ ကားလေလံ ဒေါ်လာတစ်သန်းထိ ကမ်းလှမ်းခံရ **
(တီဟီရန်၊ ဇန်န၀ါရီလ ၂ ရက်)
အီရန်သမ္မတသည် ၄င်း၏ ၃၃ နှစ်မျှ ကြာနေပြီဖြစ်သည့် ကားကိုလေလံတင်ရာ ပြည်ပမှ လေလံဆွဲသူများက အမေရိကန်ဒေါ်လာ တစ်သန်းအထိပေးကြောင်း၊ ရရှိသောငွေကို ငွေနည်းပါးသူများအတွက် အိမ်ရာစီမံကိန်းတွင် သုံးမည်ဖြစ်ကြောင်း၊ ပြည်တွင်းသတင်းစာတစ်စောင်က တနင်္ဂနွေနေ့တွင် ဖော်ပြသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- မောင်မောင်မြင့်ဆွေ **

No comments:
Post a Comment