** အာဂျင်တီးနားသမ္မတ၏ ခရီးစရိတ်ငွေများ ဓားပြအတိုက်ခံရ **
(ဗျူနိုအေးရိစ်၊ ဇန်န၀ါရီလ ၁၅ ရက်)
အာဂျင်တီးနားသမ္မတ ခရစ္စတီနာဖာနန်ဒက်ဇ်၏ အရှေ့အလယ်ပိုင်းဒေသ ခရီးစဉ်တွင် သုံးစွဲမည့်ငွေကြေးများကို ဓားပြများက လုယက်ယူဆောင်သွားခဲ့ကြောင်း ဇန်န၀ါရီလ ၁၃ ရက်နေ့က သတင်းများတွင် ဖော်ပြထားသည်။ (အင်တာနက်)

** အီရတ်အကျဉ်းထောင်တစ်ခုမှ အကျဉ်းသားများ ရဲတပ်ဖွဲ့ဝတ်စုံများဝတ်ဆင်ပုံဖျက်၍ ထွက်ပြေးလွတ်မြောက် **
(ဘဂ္ဂဒက်၊ ဇန်န၀ါရီလ ၁၅ ရက်)
အီရတ်နိုင်ငံ အကျဉ်းစခန်းတစ်ခု၌ ထိန်းသိမ်းထားသော အကြမ်းဖက်သမားများအဖြစ်ယူဆရသူ အကျဉ်းသား ၁၂ ဦးသည် အီရတ်ရဲတပ်ဖွဲ့ ၀တ်စုံများကို ၀တ်ဆင်ပုံဖျက်ကာ ဇန်န၀ါရီလ ၁၄ ရက်နေ့တွင် အကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သိရသည်။ (အေပီ)
** နီပေါဆိုင်ရာ ကုလသမဂ္ဂမစ်ရှင်အဖွဲ့ လုပ်ငန်းတာဝန်များ ပြီးဆုံးအောင်မြင် **
(ခတ္တမန္ဒူ၊ ဇန်န၀ါရီလ ၁၅ နှစ်)
နီပေါနိုင်ငံ၏ ပြည်တွင်းစစ်ခေတ်လွန်ကာလ အသွင်ကူးပြောင်းရေးလုပ်ငန်းကို ကြီးကြပ်ကွပ်ကဲရန် တာဝန်ယူဆောင်ရွက်ခဲ့သော ကုလသမဂ္ဂမစ်ရှင်အဖွဲ့သည် ဇန်န၀ါရီလ ၁၅ ရက်နေ့တွင် ယင်း၏ လုပ်ငန်းတာဝန်ကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း ကုလသမဂ္ဂ၏ ကြေညာချက်တစ်ရပ်တွင် ဖော်ပြသည်။ နီပေါနိုင်ငံရှိ ကုလသမဂ္ဂမစ်ရှင်ရုံးပိတ်သိမ်းမှု အခမ်းအနားတစ်ရပ်ကို မြို့တော် ခတ္တမန္ဒူတွင် ကျင်းပခဲ့သည်။ (အင်တာနက်)
** အိန္ဒိယ မိုးလေ၀သမှတ်တမ်းများအရ ၂၀၁၀ ခုနှစ်သည် အပူဆုံးနှစ်ဖြစ် **
(နယူးဒေလီ၊ ဇန်န၀ါရီလ ၁၅ ရက်)
မှတ်တမ်းမှတ်ရာများအရ ၂၀၁၀ ခုနှစ်သည် အိန္ဒိယနိုင်ငံအတွက် အပူဆုံးနှစ်ဖြစ်ကြောင်း အိန္ဒိယမိုးလေ၀သဌာနက ဇန်န၀ါရီလ ၁၄ ရက်နေ့တွင် ထုတ်ဖော်ပြောကြားသည်။ ၂၀၁၀ ခုနှစ်သည် မှတ်တမ်းများအရ အပူဆုံးနှစ်ဖြစ်ခဲ့ရခြင်းသည် ကမ္ဘာကြီးပူနွေးလာသည်နှင့်အမျှ အပူချိန်မြင့်တက်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း အိန္ဒိယမိုးလေ၀သဌာနက ဆိုသည်။ (အေအက်ဖ်ပီ)
** အိန္ဒိယဘာသာရေးပွဲတော် လူအုပ်ပြိုမှု ၁၀၂ ဦးသေဆုံး **
(ကိုချီ၊ ဇန်န၀ါရီလ ၁၅ ရက်)
အိန္ဒိယနိုင်ငံ၏ အထင်ရှားဆုံးဘာသာရေးပွဲတော်တစ်ခုမှ ပြန်လာကြသော ဘုရားဖူးလူအုပ်ကြီးအတွင်း ယာဉ်မတော်တဆမှုတစ်ရပ်ဖြစ်ပွားရာမှစ၍ လူအုပ်ပြိုမှုဖြစ်ပွားခဲ့ရာ လူ ၁၀၂ ဦးသေဆုံးပြီး ၄၄ ဦးဒဏ်ရာ ရခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ယနေ့ပြောကြားလိုက်သည်။ (အေပီ)
** အီရန် ညူအဆောက်အအုံများကို နိုင်ငံတကာ ကိုယ်စားလှယ်များ သွားရောက်လေ့လာ **
(တီဟီရန်၊ ဇန်န၀ါရီလ ၁၅ ရက်)
အီရန်နိုင်ငံသည် ၄င်း၏ ညူကလီးယားအဆောက်အအုံနှစ်ခုကို ပြည်ပသံတမန်များအား ယနေ့ဝင်ရောက်လေ့လာကြည့်ရှုခွင့်ပေးခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ ညူကလီးယား အဆောက်အအုံများကို နိုင်ငံတကာ ကိုယ်စားလှယ်အဖွဲ့အား ၀င်ရောက်လေ့လာခွင့်ပြုခဲ့ခြင်းဖြင့် ၄င်း၏ ညူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် ဆွေးနွေးရာတွင် အထောက်အကူဖြစ်စေရန် အီရန်က မျှော်လင့်ထားသည်ဟု ဆိုသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- သတင်းလုလင် **

No comments:
Post a Comment