အခုတလော အင်တာနက်ထဲက ဘလော့တွေမှာ ဟိုဖတ်ဒီဖတ်နဲ့ ဟိုတွေးဒီတွေးရင်း ဒီအမှတ်ရစရာ တကယ့်စကားဝိုင်းလေးကို သတိရပြီး အခြားသူတွေကိုပါ ခံစားစေချင်တဲ့ စေတနာနဲ့ တင်ပြလိုက်ပါတယ်။
အချိန်ကား ၈၈ မတိုင်ခင်ကာလ။ နေရာကား ကျွန်တော်တို့နေသောမြို့လေးရဲ့ တခုသော အဓိကလမ်းမကြီးဘေးက ကျွန်တော်တို့သူငယ်ချင်းတစုတွေ စုလေ့စုထရှိသော ကျွန်တော့သူငယ်ချင်းများရဲ့ လ္ဘက်ရည်ဆိုင်။
အနှီလ္ဘက်ရည်ဆိုင်သည်ကား သာမညလ္ဘက်ရည်ဆိုင်မဟုတ် ၈၈ တောခိုကျောင်းသားများစွာ ကိုမွေးထုတ်ပေးခဲ့သောဆိုင် ထိုအချိန်ရဲ့နိုင်ငံရေးသားကောင်များရဲ့ ရင်ဖွင့်သံကို ကျယ်ကျယ်လောင်လောင်ကြားနိုင်သောနေရာ။ အစိုးရ၀န်ထမ်းများနဲ့ လူလတ်တန်းစား အခြေခံလူတန်းစားများ အများစုနေထိုင်ရာ ဒေသ။
လ္ဘက်ရည်ရည်ဆိုင်လာ ပရိတ်သတ်အများစုမှာ ဆယ်ကျော်သက် နှစ်ဆယ်ကျော်သက် အထက်တန်းနဲ့ တက္ကသိုယ်ကျောင်းသားများ အနီးအနားက ၁၀၉၊ ၁၁၀ ဘွဲ့ရ၊ ဘွဲ့မရ အလုပ်လက်မဲ့များ။
သူတို့အားလုံး လူငယ်၊လူလွတ်တို့ရဲ့ သဘာဝအတိုင်း အချို့မှာ ငါးလည်းစားသည်၊ ဖားလည်းစားသည်။ အချို့မှာ ဆင်ခေါင်းမူးဆေးလည်းရူသည်။ လ္ဘက်ရည်ကို အကြွေးသောက်သူလည်းရှိသည်။ အကြွေးမပေးဘဲမေ့ချင်ယောင်ဆောင်နေသူလည်း ရှိသည်။ လ္ဘက်ရည်မသောက်ဘဲ ရေနွေးကြမ်းသောက်ပြီး ချက်ထိုး၊ ကျားကစား၊ ဇယ်တောက် လာသူများလည်းရှိသည်။
အဓိကပြောချင်သည်မှာ အထက်ပါကြောင်းများ မဟုတ်ရေးချ မဟုတ်။ ထိုသူများထဲတွင် ကိုဆင်ကြီးနဲ့ ကိုကျားကြီးဆိုပြီး အလုပ်လက်မဲ့ နှစ်ဆယ်ကျော်သက် ၂ ယောက်ရှိသည်။ သူတို့ ၂ ယောက်လုံး ကျွန်တော်တို့တတွေထက် ကြီးကြသည်။ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကတော့ ကိုကျားကြီးပါ။
တနေ့မှာ ကစားသူတွေကစားကြ ပွားသူတွေပွားကြနဲ့ ထုံးစံအတိုင်း အမြဲတမ်းပရိသတ်များနဲ့ စည်ကားနေတာပေါ့။ ဆိုင်မှာလူကျချိန်ဆိုရင်တော့ အမြဲတမ်းပရိသတ်က ရှောင်ပေးကြတယ်၊ လူပါးလူပြတ်တဲ့အခါမှာသာ လူစုကြတာပါ အများစုကအလိုက်သိကြပါတယ်။ ရောက်တတ်ရာရာ တိုင်းရေးပြည်ရေး၊ ဘာသာရေး၊ လူမှုရေး၊ အိမ်အကြောင်း၊ ကျောင်းအကြောင်း၊ ကောင်မလေးတွေအကြောင်း ဟိုရောက်ဒီရောက်ပြောပြီး စကားစပြတ်နေတုန်း ကိုဆင်ကြီးက ဟေ့ကောင်တွေ မင်းတို့ ကျားကြီး ကျားဖမ်းတဲ့နည်း သိချင်ကြလား.. လို့မေးပါတယ်။ ကျွန်တော်တို့ သိချင်တယ်မပြောလည်းသူက ပြောမှာပါ။ ဒါပေမယ့် ကျွန်တော်တို့က အလိုက်သိစွာဘဲ အမိန့်ရှိပါ အာစိရာလို့ ပြောလိုက်ပါတယ်။ (ကျွန်တော်ပြောချင်တဲ့ဇာတ်လမ်းက အခုမှစမှာ။)
ကျားကြီး ကျားဆိုးကို ရှောက်သီးသုံးလုံးနဲ့ ဖမ်းတဲ့နည်းက ဒီလိုကွ လို့အစချီပြီး… ရိုးရိုးဘဲပြောပါတယ်။ ကျားကြီးကငါ့ကိုပြောတယ်ကွ သူကျားကိုဖမ်းပြမယ်ကွာ ဘယ်လောက်ဆိုးဆိုး ဆိုဘဲ… မင်းတို့ဘဲစဉ်းစားကြည့်… သေသေခြာခြာစဉ်းစားနော်… ကျားကြီးရဲ့ အလုံးအထည်ကိုကြည့်၊ မီးယပ်ဖြစ်နေတဲ့သူလို ပိန်ပိန်မဲမဲသဲသဲ… ခြေသလုံးတွေကလည်း စပုတ်တိုင်ကိုလေထိုးထားသလိုမျိုး..ခါးကလည်းကိုင်းတိုင်းတိုင်း…အပြေးကလည်းမြန်.. ဆိုတော့ ဘယ်လောက်ဖြစ်တန်ရာရှိသလည်း။ ကျားမပြောနဲ့ ဟိုတနေ့က ကြောင်သားနဲ့ဆင်ခေါင်းမူးဆေး ချက်စားဘို့ ကြောင်ဖမ်းဘို့တောင် အရပ်ကူပါ၊ လူဝိုင်းပါနဲ့။
ထိုတခနမှာ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး ကိုကျားကြီးပေါက်ချလာပါတယ်။ ရေနွေးကြမ်းကျကျ တအိုးလုပ်ပါဗျို့လို့အော်မှာပါတယ်။ ထိုအချိန်က အနှီလ္ဘက်ရည်ဆိုင်တွင် ရေနွေးကြမ်း အလကား ကြိုက်သလောက်သောက်လို့ရတယ်။ ကျွန်တော်တို့က သူငယ်ချင်းလည်းဖြစ် အမြဲတမ်းဖေါက်သည်လည်းဖြစ် ဗမာ့ယဉ်ကျေးမှုကလည်း အခုလောက်မခေါင်းပါးကြသေးသလို အခုလောက်လည်း စီးပွားရေးမကြပ်တည်းကြသေးဘူး။

ကိုကျားကြီးမထိုင်ရသေး…ကျွန်တော်တို့က၀ိုင်းထောင်ကြတယ်… ကိုကျား ကိုဆင်ကပြောနေတယ် ကိုကျားက ကျားဆိုးကိုဖမ်းပြမယ် ဖမ်းနိုင်တယ်ဆိုပြီး.. ကြောင်ဖမ်းဘို့တောင် ဟိုလူ့ခေါ် ဒီလူ့ခေါ်နဲ့ တဲ့။ ဒီတော့ ကိုကျားက မင်းတို့သိတဲ့အတိုင်း ဒီဆင်က ဘာမှသုံးမရ အသုံးမကျတဲ့ဆင် ဘာအလုပ်ကိုင်မှမရှိတာသာကြည့်.. လို့ပြောတော့ ကိုဆင်ကြီးက ချက်ချင်း ပြန်ပက်တယ်။ မင်းကရော မယ်မယ်ရရဘာအလုပ်ရှိလို့လည်း..တဲ့။ ကိုကျားကြီးက သွက်သွက်လက်လက်ပြန်ချေတယ် ဒီခေတ်မှာ အလုပ်ဟူသမျှဂုဏ်ရှိစွ ဆိုပေမယ့် အလုပ်မရှိတော့လည်း မင်းလိုငါလိုဘဲပေါ့ကွာ။ ရှိစုမက်စု သိက္ခာကိုထိမ်းတဲ့အနေနဲ့ ငါ့စကားဆင်ရမဖြစ်ရအောင် ငါပြောတာ ငါတာဝန်ယူမှန်ကန်ကြောင်း မင်းတို့ကို ပြောပြမယ်… အသေအခြာနားစိုက်ကြလော့…ဒီကောင်ပြောတာမပြည့်စုံသေးဘူး..အသင့်ပြင်.. ဆိုပြီး အကားရသောရေနွေးကြမ်းကို ဂွပ်ခနဲ တခွက်သောက်လိုက်၏။ ခွေးခြေတလုံး ဆွဲပြီးထိုင်၏။
ကျားဆိုးကိုဘယ်လိုဖမ်းမလည်း ဆိုတာငါသေသေခြာခြာ ယုတ္တိတန်တန် တွက်ချက်ပြီးပြီ…ကျားဆိုတဲ့ သတ္တ၀ါမျိုးဆိုတာ အကောင်တွေ့ရင် ကိုက်မယ် လူတွေ့ရင်ကိုက်မယ်…ကောင်းဘွိုင်တွေလို ကြိုးကွင်းတွေဘာတွေနဲ့ ပစ်ပြီးဖမ်းတာ မဟုတ်ဘူး… မကိုက်ခင်မှာ ကျားသဘာဝအရ သူ့သားကောင် ပိုကြောက်လန့်သွားအောင် ဟိန်းမယ်ဟောက်မယ်… အဲဒီတော့ အဲဒီကျားကိုဖမ်းဘို့ ရှောက်သီးချဉ်ချဉ် သုံးလုံးဘဲ လိုတယ်။
ကျွန်တော်တို့က စောဒကတက်ပါသည်။ ကိုကျား ကျားကိုက်တာရယ် ကျားဟိန်းတာရယ် နဲ့ ရှောက်သီးနဲ့ကဘယ်လို အမျိုးတော်သလည်း…. မင်းတို့ကလည်း နားထောင်မှာဖြင့်နားထောင်ပါ။ မင်းတို့ပြောမလား ငါပြောရမလား… လို့ ကိုကျားကပြောပြီး ရှောက်သီးချဉ်ချဉ်နဲ့ ကျားဖမ်းတဲ့နည်းကို ဆက်ပြောပါတယ်။
ကျားဆိုတဲ့ကောင်က ကိုက်ဘို့ဘဲဖြစ်ဖြစ် ဟိန်းဘို့ဘဲဖြစ်ဖြစ် သူ့ပါးစပ်ကိုပြဲနေအောင် ဟ ရတာကွ မင်းတို့ကသိမှမသိဘဲ… ဟုတ်နိုင်တယ် မဟုတ်နိုင်ဘူး ကျွန်တော်တို့ဘယ်လိုလုပ်သိမှာလည်း ကျားဆိုတာ တရိစ္တာန်ရုံနဲ့ ရုပ်ရှင်ထဲမှာသာတွေ့ဘူးတာ။ သူကအသက်ပိုကြီးတော့ သူပြောတာဟုတ်မှာထင်တာဘဲ။ အဲဒီတော့ကာ ကျားကကိုက်ဘို့ဘဲလာလာ ခြောက်ပြီးတော့ဘဲ ဟိန်းဟိန်း အသင့်ဆောင်ထားတဲ့ ရှောက်သီးချဉ်ချဉ် တလုံးကို ပြဲနေအောင်ဟထားတဲ့ ကျားပါးစပ်ထဲ ပစ်ထဲ့လိုက်… ဒီတော့ ကျားကသူ့ပါးစပ်ထဲရောက်လာတဲ့ ရှောက်သီးကို သကြားလုံးမြုံ့သလိုမြုံ့မယ်.. မင်းတို့ထင်သလား…. အပြတ်ကိုက်မှာ အပြတ်ဝါးမှာဟေ့ .. ကိုကျားကြီးသည် သူကိုယ်တိုင်ကျားဖြစ်ခဲ့ဘူးသလိုမျိုး အားရပါးရ ပါးစပ်ကပါ ၀ါးပြသည်။ အဲဒီတော့မှ ကျားလည်း ရှောက်သီးရဲ့မူလသတ္တိကို သိပြီးခံစားရပြီပေါ့… ငါရွေးထားတဲ့ရှောက်သီး ကလည်းချဉ်သလားမမေးနဲ့။
အသားကိုသာ တသက်လုံးစားလာတဲ့ကျား ရှောက်သီအရသာကိုခံစားလိုက်ရတော့ ကျားစိတ်ကျားမာန် ပိုပြီးတက်ကာ ဒေါသတွေအလိပ်လိုက်အလိပ်လိုက် တက်လာပြီး ဒီတချီမှာတော့ တကယ်ကိုက်တာဟေ့… တကယ်ကိုက်တော့ ကျားပါးစပ်ပြဲထဲ နောက်ရှောက်သီး တလုံးပစ်ထဲ့လိုက်ပြန်တာပေါ့ကွာ… ဒီအချီမှာ ပထမရှောက်သီး အရသာကော ဒုတိယရှောက်သီး အစွမ်းကော ပေါင်းပြီး တန်ခိုးပြလိုက်တာ ကျားခမြာ သွားသွားချင်းထိတော့ သွားတွေကျိမ်းသွားလိုက်တာ စအိုပါ မတွန့်တတွန့်ဖြစ်သွားပါရောလား။ ကျားကစဉ်းစားတယ် ဘယ်နှယ်ဖြစ်သွားပါလိမ့်ပေါ့… ဒါပေမယ့်ဘာရမလည်း ကျားဘဲ လွယ်လွယ်နဲ့တော့ အလျော့ပေးလို့ရမလား ကျားသိက္ခာကျမှာပေါ့။
ဒီလိုနဲ့ကျားက ကျားသိက္ခာအကျမခံဘဲ နောက်တခါ ထပ်ကိုက်ပြန်ရော အဲဒီအခါမှာ နောက်ဆုံးလက်နက် ကျန်တဲ့ရှောက်သီးတလုံးကို ကျားပါးစပ်ထဲ ပစ်သွင်းလိုက်ကွာ… ကျားကလည်း ထပ်အကိုက်မှာ သွားခြင်းထပ်ရိုက်မိတော့ သွားထပ်ကျိမ်းပြန်ရော… ကျားကလည်းကျားဘဲ ဘယ်ခေမလည်း လူကိုမကိုက်ရတော့ နီးရာကိုကိုက်တာပေါ့ ကိုက်လေသွားကကျိမ်းလာလေ ကိုက်လေသွားကကျိမ်းလာလေနဲ့… နောက်ဆုံးတော့ ရှောက်သီးတန်ခိုးကြောင့် ကျားခမြာ ပါးစပ်တောင်စေ့အောင်မပိတ်ရဲတော့ဘူး… အဲဒီတော့မှ ကျားရဲ့နားရွတ်ကို အသာလိမ်ပြီး ကျားကိုဖမ်းတာပေါ့ကွာ… ကဲ သဘာဝကျ ယုတ္တိရှိတယ် မဟုတ်လား။
ကျွန်တော်တို့အားလုံး ခဏစဉ်းစားလိုက်ကြတယ် ကိုကျားကြီးကတော့ အောင်နိုင်သူစစ်သူကြီး ဟန်နဲ့ မအေးတအေးဖြစ်နေတဲ့ အလကားရေနွေးကြမ်းကို နောက်တခွက်ထပ်သောက်လိုက်တယ်။
တိတ်ဆိတ်မှုကို ကိုဆင်ကြီးရဲ့ ခပ်ဆတ်ဆတ်အသံက ဖေါက်ထွက်လာတယ် ဟေ့ကောင် ကျားကြီး မင်းပြောတဲ့ပုံပြင်ကတော့ ဟုတ်သလိုလိုဘဲ… ဆိုယုံရှိသေးတယ် ကိုကျားကြီးက ဆင်ကြီးဒါကြောင့်မင်းကို လူတွေကအထင်မကြီးတာပေါ့ ငါကျားကြီးက သေသေချာချာ ကျားသဘာဝတွေ ရှောက်သီးရဲ့အကျိုးအာနိသင် အစွမ်းထက်ပုံတွေကို ခရေစေ့တွင်းကျ လေ့လာပြီးမှပြောတာကွ လို့ဖြတ်ပြောလိုက်တယ်… ဒီတော့ကိုဆင်ကြီးက ဖွတ်ကျား ငါ့စကားမဆုံးသေးဘူး မင်းပြောတာတော့ဟုတ်သလိုလိုဘဲ… ဒါပေမယ့်မင်း ပြောတဲ့နည်းနဲ့ ကျားဘယ်နှစ်ကောင် မင်းဖမ်းဘူးသလည်း။ ကိုကျားကြီးက အလုပ်လက်မဲ့တို့၏ သိက္ခာကို အစဉ်အလာအတိုင်း ထိမ်းသိမ်းတဲ့အနေနဲ့ အမှန်ကိုဝန်ခံပါတယ်။ အဟဲ… အခုထက်ထိတော့ တကောင်မှမဖမ်းရသေးဘူး ဒါပေမယ့် ဖြစ်နိုင်မဖြစ်နိုင်မင်းတို့ကြိုက်တဲ့သူမေးကြည့်ပေါ့ကွာ။ မဟုတ်ရင်လည်း ကျားခပ်ဆိုးဆိုးတကောင် ခေါ်ခဲ့ကွာ… ငါဖမ်းပြမယ်လို့ပြောပါတယ်။ နောက်ဆက်ပြီးသူပြောတာကတော့ ငါမှမဟုတ်ပါဘူးကွာ ငါ့နည်းနဲ့ ဘယ်သူမဆိုကျားကို ဖမ်းလို့ရတယ်ဆိုတာ ငါအာမခံတယ်ကွ…လို့အတည်ဘောက်နဲ့ တကယ်ပြောလိုက်ပါတယ်။
ဆင်ကြီးကပြောတာကတော့ ကျားဆိုးကိုငါခေါ်ခဲ့လို့ရမှတော့ မင်းဖမ်းစရာလိုသေးလို့လား တဲ့။ မင်းကိုယုံပြီး မင်းရှောက်သီးသုံးလုံးနဲ့လည်း ကျားကိုငါသွားမဖမ်းရဲဘူး ငါ့အလှည့်ကျမှ ကျားကသွားကျိမ်းကျိမ်းနဲ့ဘဲကိုက်လိုက်လို့ ဗုဒ္ဓရဲ့တရားတော်အရ အလာအရှင်မြတ်ရဲ့အမိန့်ကို ခံယူပြီး ခရစ်တော်မှာ အိပ်ပျော်သွားအုံးမယ်။
ကျွန်တော်တို့အများစုကတော့ ကိုကျားကြီး ပြောတဲ့ကျားဖမ်းနည်းကို သဘောကျသလိုလို ရှိကြတယ် ဘာဖြစ်လို့လည်းဆိုတော့ ဟုတ်သလိုလိုရှိတာကိုး။ တကယ်လက်တွေ့ လုပ်ဘို့ကတော့ ကျွန်တော်တို့မှာက ကျားမှမရှိသေးဘဲကိုး။ ကိုကျားကြီးကလူကြီးဆိုတော့ သူပြောတာမှန်ကောင်းမှန်နိုင်တာဘဲ သူကအတွေ့အကြုံကျွန်တော်တို့ထက်ပိုများတယ် မဟုတ်လား။
ဒါကတော့ ကိုကျားကြီးပြောခဲ့တဲ့ ကျားကို ရှောက်သီးသုံးလုံးနဲ့ဖမ်းနည်းပါ။ ကိုကျားကြီးကိုမယုံကြည်သူများ ကိုကျားကြီးရဲ့ကျားဖမ်းနည်းကို သံသယရှိသူများ ကိုယ်တိုင်စမ်းရဲရင် စမ်းကြည့်နိုင်ပါတယ်။
ကျွန်တော်ကတော့ သူတို့တွေအားလုံးနဲ့ အဆက်အသွယ်ပြတ်နေတော့ ကိုကျားကြီးတို့ ကိုဆင်ကြီးတို့ အနှီလ္ဘက်ရည်ဆိုင်တို့ ရှိသေးသလား။ ကိုကျားကြီးကော ကျားဆိုးဘယ်နှစ်ကောင် ကို သူ့ရှောက်သီးသုံးလုံးနည်းနဲ့ ဖမ်းပြီးပြီလည်းဆိုတာ အတည်ပြုမပေးနိုင်တာ ခွင့်လွှတ်ပါ။ ။
**အိမ်လွမ်းသူ**
မတ်၊ ၂၀၁၁။

No comments:
Post a Comment