(မတ်လ ၇၊၂၀၁၁)
ယမန်နေ့ ညနေပိုင်းက ဘန်ကောက်မြို့ စမူပါကန်နယ်မြေ ပါနန်းထိုင်းဘား ၁၉လမ်းတွင်အခန်းငှါးနေထိုင်သည့် မြန်မာအလုပ်သမားတစ်ဦးအား အိမ်ခန်းပိုင်ရှင်က သေနတ်ဖြင့်ပစ်သတ်လိုက်သဖြင့် နေရာတွင်ပွဲချင်းပြီး သေဆုံးခဲ့သည်။
သေဆုံးသွားသည့်အလုပ်သမားမှာပဲခူးတိုင်း ကျောက်ကြီးမြို့နယ် ငထွေစုတ်ကျေးရွာမှ အသက်၂၉နှစ်အရွယ် စောဟက်ကေ ဆိုသည့်ကရင်လူမျိုးတစ်ဦးဖြစ်သည်။အဆိုပါနယ်မြေရှိ ငါးအလုပ်ရုံတွင်လုပ်ကိုင်နေသူဖြစ်သည်။
အခင်မဖြစ်မီ ကိုစောဟက်ကေ သည် အရက်အနည်းငယ်သောက်သုံးထားပြီး နောက် ကရင်တစ်ဦးနှင့် စကားအနည်းငယ် ကတောက်ကဆဖြစ်ကြသည်။ အခန်းပိုင်ရှင်သူဌေးက လာရောက်ပြီး တားမြစ်ခဲ့သဖြင့် အေးချမ်းသွားခဲ့သည်။ ခဏအကြာတွင်အခန်းပိုင်ရှင်ကစောဟက်ကေ အားအေးအေးဆေးဆေးနေထိုင်ရန် လာရောက်ပြောကြားသည်။
ထိုမှတဆင့် စကားများကြပြီး ဓါးကိုယူ၍ အိမ်ခန်းပိုင်ရှင်အားဓါတ်ဖြင့်ထိုးရန် ပြင်သဖြင့် အိမ်ရှင်အခန်းသို့ ပြန်သွားပြီး သေနတ်ကိုယူခဲ့သည်။
ထို့ နောက် အိမ်ရှင်ကနောက်ကိုဆုတ်ရင်းလဲကျသွားခဲ့သည်။ လဲကျနေရာသို့ စောဟက်ကေ ကပ်သွားစဉ် ပက်လက်လန်လဲကျနေရာမှအိမ်ပိုင်ရှင်က သေနတ်ဖြင့်ပစ်သတ်လိုက်ခြင်းဖြစ်သည်။
အခန်းနီးချင်းမျက်မြင်ဖြစ်သူ မနွဲ့ ခိုင်က“ သူဌေး ပစ်သတ်လိုက်တော့ စောဟက်ကေ မိန်းမ မဖေါ့က ဆေးရုံပို့ မယ်ဆိုပြီး အော်တယ်။ ချက်ခြင်းသေသွားတယ်။ အပေါ်ကိုတက်သွားပြီး သူဌေးလင်မယား ၂ယောက်ပြန်ဆင်းလာတယ်၊အဲဒီအခါ
သူဌေးလက်မှာ ဓါးရှတဲ့ဒဏ်ရာကိုပြပြီးတော့ သူ့ ကိုဓါးနဲ့ ထိုးတယ်လို့ပြောတယ်။သူဌေးကို သူဓါးနဲ့ မထိုးခဲ့ရဘူး၊ထိုးမယ့်ပုံတော့ပြင်တယ်။အလောင်းကို ဘန်ကောက်က ရဲဆေးရုံကို ယူသွားတယ်ရှင့်”ဟုပြောသည်။
ယနေ့ နေ့ လည်ပိုင်းက နယ်မြေခံရဲတပ်ဖွဲ့ က အိမ်နီးပါတ်ဝန်းကျင်ရှိ မြန်မာအလုပ်သမားများအား လာရောက်စစ်ဆေးခဲ့ပြီး အိမ်ခန်းပိုင်ရှင်အားရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။အိမ်ခန်းပိုင်ရှင်၏ဇနီးနှင့်သားဖြစ်သူတို့ နောက်မှ လိုက်ပါသွားခဲ့ကြသည်။ အဆိုပါသူဌေးတွင် လူနေအိမ်ခန်းများအပြင် အလုပ်ရုံများနှင့်မြေကွက်များကိုအငှါးချထားသည်။
သေဆုံးသူတွင်နေရပ်ရင်း၌ ၃နှစ်အရွယ်သမီးငယ်တစ်ဦးကျန်ရစ်နေခဲ့ပြီး အင်ဂျီအိုတစ်ခုက နက်ဖြန်တွင်စတင်ကူညီဆောင်ရွက်မည်ဖြစ်ကြောင်းတရွာတည်းသား ဖြစ်သူ မနွဲ့ခိုင်က ပြောပြသည်။
ထိုင်းဘာသာဖြင့်ထုတ်ဝေသော မန်နေဂျာအွန်လိုင်းသတင်းတွင် အိမ်ရှင်အားလူသတ်မှုဖြင့် အရေးယူမည်ဖြစ်ကြောင်းရေးသား
ထားသည်။
သတင်း .. ဦးကျော်သောင်း (ဘန်ကောက်)

No comments:
Post a Comment