ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, March 3, 2011

ကင်မရာနှင့် စာရေးသူ (သို့မဟုတ်) စာရေးဆရာမောင်ဝဏ္ဏ

>
စာဖတ် သူများနှင့် တွေ့ဆုံပေးခြင်း ကဏ္ဍမှာ ကျွန်တော်တို့ ကြိုတင် အစီရင် ခံထားတဲ့ အတိုင်း အလျဉ်းသင့် ဆောင်ရွက်နိုင်တဲ့ အခြေအနေများ အရလှည့်ကျ တွေ့ဆုံ ပေးနေရာမှာ ဒီလ တွေ့ဆုံပေးဖို့ ရွေးချယ်ထားတဲ့ အနုပညာရှင်ကတော့ ရုပ်ရှင် ဒါရိုက်တာ၊ စာရေးဆရာ မောင်ဝဏ္ဏပဲ ဖြစ်ပါတယ်။ ဆရာ မောင်ဝဏ္ဏကို တွေ့ဆုံ ဆွေးနွေးတဲ့ နေရာမှာ စာပေရေးရာ ကိစ္စများသာ မက ရုပ်ရှင်နဲ့ ပတ်သက်တဲ့ အချက်အလက် တချို့ကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ပါတယ်။

ဆရာဦးသာဓုနဲ့ ဒေါ်ခင်ညိုတို့ရဲ့ သားကြီးသြရသ ဆရာမောင်ဝဏ္ဏကို ပရိသတ်များ စပြီး သိခဲ့ကြတာက ကတ်္တီပါ ဖိနပ်စီး ရွှေထီးဆောင်း ရုပ်ရှင်ကား ဒါရိုက်တာ အဖြစ်နဲ့ပါ။ ဒီကားမှာ သူ့တင်ပြမှု အနုပညာပိုင်း ဆိုင်ရာတွေ ဆန်းသစ်မှုကြောင့် ကျေနပ် အားရခဲ့ကြတယ်။ ပရိသတ် ကျေနပ်သလို နိုင်ငံတော်ကလည်း အသိအမှတ် ပြုပြီး ပထမဆုံး ဒါရိုက်တာ အဖြစ်ရိုက်တဲ့ ဒီကားမှာပဲ အကောင်းဆုံး ဒါရိုက်တာ ရွှေစင်ဆုကို ချီးမြှင့်ခဲ့ပါတယ်။ ဆရာ မောင်ဝဏ္ဏဟာ ရုပ်ရှင်နယ်မှာ အောင်မြင်သလို စာပေနယ်မှာလည်း အောင်မြင်တဲ့ စာရေးဆရာ တစ်ယောက်ပါပဲ။

ပထမ အချက် အနေနဲ့ကတော့ ဆရာ ဘယ်အချိန်၊ ဘယ်အရွယ်က စပြီး စာပေကို စိတ်ဝင်စားခဲ့တယ် ဆိုတာက စလိုက်ရအောင်...။

ကျွန်တော့်အဖေက ပဒေသာ မဂ္ဂဇင်းတို့၊ စာသဘင်စာအုပ်တို့ လုပ်ထားတော့ အိမ်မှာ ကျွန်တော်တို့ ငယ်ငယ်ကတည်းက စာရေးဆရာ အ၀င်အထွက် အများကြီး ရှိတယ်။ ဦးအောင်လင်း၊ ဦးလေးသော်တာဆွေ၊ ဦးတင့်တယ်၊ ဦးလေးဘုန်းမြင့်၊ ဦးလေးကိုတင်အောင် (ဗန်းမော်)တို့ပေါ့။ ဒီတော့ ကျွန်တော်တို့ စာအုပ်ပုံကြားမှာ ကြီးရသလို ဖြစ်နေတယ်။ အဲဒီတော့ ဒီပတ်ဝန်းကျင်နဲ့ ဆက်စပ်မှု ရှိနေတာပေါ့လေ။ ကျွန်တော် စာစဖတ်တဲ့ အရွယ်မှာ ပထမဦးဆုံး ကျွန်တော် စဖတ်တာက အဖေ့ ၀တ္ထုတွေပေါ့။ နောက် စာသဘင်က ထုတ်တဲ့ ဦးလေး ကိုတင်အောင် ၀တ္ထုတွေ၊ ဦးဘုန်းမြင့် ၀တ္ထုတွေ ဖတ်တယ်။ နောက်တော့ တဖြည်းဖြည်း တခြား ၀တ္ထုတွေပါ ဖတ်လာတယ်။

အဲဒီတုန်းက ၁၉၅၀ ပြည့်နှစ်တွေမှာ တစ္ဆေ ၀တ္ထုတွေ ခေတ်စားနေတယ်။ ဒါပေမဲ့ ကျွန်တော်က အဲဒီ ၀တ္ထုတွေကို စိတ်မ၀င်စားဘူး။ အဲဒီလို တစ္ဆေ ၀တ္ထုတွေ သိပ်ခေတ်စား နေပေမယ့် ကျွန်တော် မဖတ်ဖြစ်ခဲ့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့က နားရည် ၀နေပြီ ဆိုရမလားဘဲ။ စာပေ လောကထဲမှာ ရှိတဲ့ အဲဒီ အချိန်က အများစုဖြစ်တဲ့ ဦးတင့်တယ်တို့၊ ဦးသော်တာဆွေတို့၊ ကျွန်တော့်အဖေ၊ ဗန်းမော်တင်အောင်တို့ သူတို့ချင်း ပြောနေတဲ့ စကားတွေ ကျွန်တော်တို့ ငယ်ငယ်ကတည်းက ကြားနေရတယ်။ အဲဒီတော့ ကျွန်တော့်မှာ စာပေ စိတ်ဝင်စားစေတဲ့ ပတ်ဝန်းကျင် ရှိနေတယ်။ ဒါကျွန်တော် စာပေကို စိတ်ဝင်စားစေတဲ့ အကြောင်းပါပဲ။

နောက်ပြီးတော့ ကျွန်တော် ကိုယ်၌ကလည်း ၀တ္ထုတွေ ဖတ်ပြီး ကိုယ်တိုင်ရေးချင်စိတ် ရှိလာတယ်။ ဒါက အရှင်းကလေးပါ။ ၀တ္ထုဖတ်တဲ့ သူတိုင်းဟာ အခွင့်အရေး ရရင် ရေးဖြစ်သွားကြတာပါပဲ။ ကျွန်တော့်မှာကတော့ အဖေ စာအုပ်တိုက် လုပ်နေတုန်းက စာရေးဖို့ အခွင့်အလမ်း မရခဲ့ပါဘူး။ ကျွန်တော်က ငယ်သေးတာကိုး။ ရုပ်ရှင်နဲ့ ပတ်သက်လို့လည်း အဲဒီလိုပါပဲ။ အဖေ့ လုပ်ငန်းတွေ ကြည့်ပြီး နားရည်၊ မျက်စိရည်ဝ သွားတာပဲ ရှိတယ်။ လုပ်ဖို့ အခွင့်အလမ်း မရခဲ့ပါဘူး။

ကျွန်တော် စာ စရေးဖြစ်တာကတော့ ရန်ကုန်ဝိဇ္ဇာ-သိပ္ပံ တက္ကသိုလ်က “အတွေး အခေါ်မဂ္ဂဇင်း”မှာပါ။ ကျွန်တော် တက်နေတဲ့ ဒဿနိက ဗေဒဌာနက ထုတ်တာပါ။ ၁၉၆၈-၆၉ လောက်က ထုတ်တယ်။ အဲဒီမှာ ကျွန်တော် ကဗျာတစ်ပုဒ် စရေးဖြစ် သွားတယ်။ နာမည်က ကားလမ်းဘေးက ဆိုင်းဘုတ်ကလေးပါ။ ဒါ ကျွန်တော့် ပထမဦးဆုံး ပုံနှိပ် ဖော်ပြခြင်း ခံရတဲ့ စာပါပဲ။

အဲဒီနောက်တော့ ကျွန်တော် ရှုထောင့်တို့၊ ပြည်သူ့ကြယ်၊ မိုးဝေ၊ ရှုမ၀ စတဲ့ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေမှာ ရေးတယ်။ ရှုမ၀မှာ အရေး များပါတယ်။ ၀တ္ထု အနေနဲ့ ပထမဆုံး ဖော်ပြခံရတဲ့ ၀တ္ထုကတော့ ရှုမ၀မှာ ပါတဲ့ လေထဲက အိပ်မက်ကလေး။ ၁၉၇၄-၇၅ လောက်က ဖြစ်မယ်ထင်တယ်။ အဲဒီတုန်းက ကျွန်တော် ရုပ်ရှင်ရိုက် ရင်းတန်းလန်းက ရေးတာပါပဲ။ ရုပ်ရှင်ရိုက်ရင်း ရေးချင်စိတ် ပေါက်လာလို့ ရေးလိုက်တာပဲ။ ကျွန်တော့် ဘ၀မှာ စာရေးဆရာ ဖြစ်လာရကောင်းစေ၊ စာရေးတဲ့ အလုပ်နဲ့ အသက်မွေး ၀မ်းကျောင်း လုပ်ရကောင်းစေရယ်လို့ ရည်ရွယ်ချက် မရှိပါဘူး။ ဒီလိုပဲ ရေးချင်စိတ် ပေါက်လာရင် ချရေးလိုက် ပြီး မဂ္ဂဇင်းတိုက် ပို့လိုက်တာပါပဲ။

ဒီလိုဆို ဆရာ စာရေးတာနဲ့ ရုပ်ရှင် ရိုက်တာ ဆိုရင် ရုပ်ရှင် ရိုက်တာက အရင်ပေါ့။

ဟုတ်ပါတယ်။ ဒါပေမဲ့ ဇာတ်ညွှန်း ရေးတာတော့ ရှိခဲ့တယ်ဗျ။ သိုင်းသမား ဇာတ်ညွှန်း ရေးခဲ့သေးတယ်။ အဲဒါပြီးမှ ကားရိုက်တာပါ။

ဆရာက ၀တ္ထုတိုတွေလည်း ရေးတယ်။ ၀တ္ထုရှည်၊ လုံးချင်းဝတ္ထုတွေ လည်း ရေးတယ်ဆိုတော့ စာရေးဖို့ စိတ်အား ထက်သန် နေကြတဲ့ ပရိသတ်တွေ အတွက် ၀တ္ထုတိုနဲ့ ၀တ္ထုရှည် ခြားနား ချက် ဘယ်လိုရှိတယ်၊ ဇာတ်အိမ် ဘယ်လို တည်ဆောက်ယူတယ်၊ ဇာတ်ကောင် စရိုက်တွေကို ဘယ်လိုပုံဖော်တယ်ဆို တာလေးတွေ ရှင်းပြ စေချင်ပါတယ်။

ဝတ္ထုတိုကို ကျွန်တော် ရေးတာက ၀တ္ထုတိုတစ်ပုဒ် ဖြစ်စေတော့ရယ်လို့ ရည်ရွယ်ချက်နဲ့ ရေးတာ မဟုတ်ပါဘူး။ ကျွန်တော် စိတ်လွတ်ကိုယ်လွတ် လမ်းသွားရင်း တွေ့တာတွေ၊ အိမ်မှာနေရင်း ဖြစ်တာလေးတွေ၊ ဒါမှမဟုတ် တခြား လူတစ်ယောက်က ပြောပြတဲ့ သူ့အဖြစ် အပျက်ကလေးတွေကို စိတ်ဝင်စားသွားတဲ့ အခါမှာ အဲဒီ အချက်ပေါ် မူတည်ပြီး တွေးစရာ ကလေးတွေ တွေးလိုက်မိတယ်။ အဲဒီ အတွေးလေးတွေကို ကျွန်တော်က ဇာတ်အိမ်ဇာတ်ကွက် အ၀င် မစဉ်းစားဘူး။

အဲဒီ အဖြစ်အပျက်ကို ကျွန်တော် တွေ့ရ၊ ကြုံရ၊ မြင်ရ၊ ကြားရတဲ့ အတိုင်း ရေးပစ် လိုက်တာပဲ။ ဒါ စာ ရေးတဲ့ အတတ်ပညာ အရ ခေါ်မှာပေါ့လေ။ ဒါလည်း ကျွန်တော် တမင်တကာ လေ့လာ ထားတာတော့ မဟုတ်ပါဘူး။ ဒီလိုပဲ ရေးရင်းနဲ့ တတ်လာရတဲ့ အတတ်ပညာ တစ်ရပ်ပါ။

ရေးရင်းနဲ့ ဘာတွေ့ လာသလဲ ဆိုတော့ ၀တ္ထုတိုမှာ စိတ်လွတ်ကိုယ်လွတ် ရေးရင်းနဲ့ ကျွန်တော်တွေးတဲ့ အတွေး တစ်ခုကို တင်ပြ လိုက်တာပဲ။ အများ အားဖြင့်တော့ အဲဒီမှာ ဆုံးဖြတ်ချက် မပါဘူး။ ကျွန်တော် တွေးထားတဲ့ အတွေးက ကောင်းပါတယ်၊ ဒီလိုမျိုး တွေးကြပါလို့ ကျွန်တော် ဘယ်တော့မှ မပြောဘူး။ ပြောဖို့လည်း မလိုဘူး ထင်တယ်။ ၀တ္ထု တိုကို ကျွန်တော် ဒီလိုပဲ ရေးတယ်။

မဂ္ဂဇင်း ၀တ္ထုရှည် ကျတော့လည်း ဒီလိုပဲ တွေ့ရ၊ မြင်ရ၊ ကြုံရ၊ ကြားရတာ တွေကို ဖတ်လို့ကောင်းမယ် ထင်တာတွေကို ရေးလိုက်တာပဲ။ ဒီထဲမှာ ကျွန်တော့် အတွေးကို ထည့်ပြီး ရေးလိုက်တယ်။ ဒါ ကြောင့် မဂ္ဂဇင်း ၀တ္ထုရှည်နဲ့ ၀တ္ထုတိုက သိပ်ပြီး မခြားနားပါဘူး။

လုံးချင်း ၀တ္ထုကျတော့ ဇာတ်လမ်း ဇာတ်ကွက်ကို ပထမ စဉ်းစားတယ်။ ဒီ ဇာတ်လမ်း ဇာတ်ကွက်ကို ရေးရင်းနဲ့ ကျွန်တော့် အတွေ့အကြုံ အရဆိုရင် ဇာတ်လမ်းက ပြောင်းပြောင်းသွားတယ်။ ပထမ ပုံစံချထားတဲ့ ဇာတ်လမ်းအတိုင်း မဖြစ်တော့တာ များတယ်။ ကျွန်တော် ရေးရင်းနဲ့ကို တဖြည်းဖြည်း ပြောင်းသွားတယ်။ ၀တ္ထုထဲက ဇာတ်ကောင်ဆိုတာ တကယ်တော့ အသက်ရှိတာ မဟုတ်ပါဘူး။ ဒါပေမဲ့ အသိရ ခက်ခဲတဲ့၊ အင်မတန် နက်နဲတဲ့ ပါးပါးလွှာလွှာ ၀ိညာဉ် တစ်ခုတော့ ၀င်လာတာပဲ။

ကျွန်တော့် စိတ်ထဲမှာ (တခြားလူ တွေတော့ မပြောတတ်ဘူး။) ကျွန်တော် ဖန်တီးလိုက်တဲ့ ဇာတ်ကောင်တွေဟာ တကယ့် လူတစ်ယောက်၊ ကျွန်တော့်ရဲ့ ညီတစ်ယောက်၊ ညီမတစ်ယောက်၊ ကျွန်တော့်ရဲ့ ဦးလေးတစ်ယောက်၊ ကျွန်တော့်ရဲ့ သားသမီး တစ်ယောက်လို ကျွန်တော်နဲ့ တရင်းတနှီး ဖြစ်လာတယ်။ အဲဒီလို ဖြစ်လာအောင်လည်း ကျွန်တော်က ဇာတ်ကောင်ကို ဖန်တီးတဲ့ နေရာမှာ အပြင်က လူတွေ စရိုက်ကို ပေါင်းထား တဲ့ပုံစံ ဖန်တီးထားတယ်။ အပြင်ကလူ တစ်ယောက်ယောက်နဲ့တော့ မတူဘူးပေါ့။ ဥပမာ ကိုဝင်းငြိမ်းကို တွေ့ပြီးတဲ့နောက် ကိုဝင်းငြိမ်း စရိုက်မျိုး ဖန်တီးတော့မယ်ဆိုရင် ကိုဝင်းငြိမ်းလို စရိုက်မျိုး ရှိတဲ့လူ သုံး လေးငါးယောက်ကို ပေါင်းစပ် ဖန်တီးလိုက်တာပဲ။ အဲဒီတော့ ကျွန်တော့် ဇာတ်ကောင်က ကိုဝင်းငြိမ်းနဲ့လည်း မတူဘူး။ ကိုဝင်းငြိမ်းနဲ့ ခပ်ဆင်ဆင် တူတဲ့ အခြား လူတွေနဲ့လည်း မတူပါဘူး။ သူက တခြားတစ်ယောက် ဖြစ်လာတယ်။ ဒါပေမဲ့ ဒီဇာတ်ကောင်က အပြင်မှာ တကယ်ရှိလား ဆိုရင် မရှိပါဘူး။

ကျွန်တော့် ဇာတ်ကောင်တွေထဲမှာ ပိုက်ဆံတွေ သိပ်ချမ်းသာသွားပြီးတော့ ပထမ ဇာတ်လမ်း ဆင်ထားတုန်းကတော့ ဒီလူက အငယ်တွေ ဘာတွေယူ၊ အကြီးနဲ့ အငယ်နဲ့ ရန်ဖြစ်၊ ဘာညာ ဇာတ်လမ်းဆင်ထားတာပေါ့လေ။ ဒါပေမဲ့ တကယ် ဖြစ်လာတဲ့ အခါ ကျတော့ အဲဒီဇာတ်ကောင်က ပိုက်ဆံ ချမ်းသာတဲ့ အလုပ်ကို တကယ် လုပ်ချင်မှ လုပ်တာ။ ကျွန်တော် ပထမ စဉ်းစားထားတုန်းက သူ့ကို ချမ်းသာစေမယ်လို့ စဉ်းစားထား ပေမယ့် တကယ် ရေးတဲ့အခါမှာ သူက ချမ်းသာချင်မှ ချမ်းသာမယ့်သူ ဖြစ်လာတယ်။

စီးပွားရေး သမားတစ်ယောက် အကြောင်းရေးတော့မယ် ဆိုရင် ပိုက်ဆံကိုပဲ အာသာငမ်းငမ်း ရှာနေတဲ့ စီးပွားရေးသမား ပုံစံ ကျွန်တော် လိုက်ကြည့်တယ်။ သူတို့ နေပုံထိုင်ပုံ စရိုက်တွေကို ဖမ်းပြီးရေးတယ်။ ဒီလို ဇာတ်ကောင်မျိုး ကျတော့ အကျင့်စာရိတ္တက အစ ကျွန်တော်ထိန်းလို့ မရအောင် ဖောက်ပြန်ချင် ဖောက်ပြန်တယ်။ ကျွန်တော်က မင်း ဒီဟာတော့ မလုပ်သင့်ဘူးလို့ ပြောနေတုန်းမှာပဲ သူက လုပ်ချင် လုပ်ပစ်လိုက်တယ်။ လုပ်ပစ်လိုက်တယ် ဆိုတာက ကျွန်တော့်လက်က ရေးမိပြီးသား ဖြစ်သွားတာကို ပြောတာပါ။ ဒီနေရာမှာ ကျွန်တော်တို့ စာရေးသူ အနေနဲ့ စောင့်ထိန်းသင့်တဲ့ သီလဆိုတာ ရှိတယ်။ ကိုယ့်ဇာတ်ကောင်က လူမှုရေး အားဖြင့်ရော၊ အကျင့်စာရိတ္တ အားဖြင့်ရော ဖောက်ပြန်သွားပြီ ဆိုရင် ဒါကို ကျွန်တော်တို့က ၀တ္ထုထဲမှာ ဖော်ပြဖို့ သင့်၊ မသင့် စဉ်းစားရတယ်။ တစ်ခါတလေလည်း မရဘူးကွာ ဆိုပြီး အတင်းကို ကိုယ့်ဇာတ်ကောင်ကို ပြန်ထိန်းရတာ ရှိတယ်။ ဒါတွေကတော့ ကျွန်တော် ဖန်ဆင်းတဲ့ ဇာတ်ကောင်စရိုက်၊ ဇာတ်အိမ် တည်ဆောက်ပုံ၊ လုံးချင်းဝတ္ထုနဲ့ ၀တ္ထုရှည်၊ ၀တ္ထုတိုတို့ရဲ့ ခြားနားချက်တွေပါပဲ။

လုံးချင်း ၀တ္ထုကတော့ ကျွန်တော့်မှာ နည်းနည်း အခက်အခဲ ရှိတယ်။ ဘာလဲဆိုတော့ လုံးချင်း ၀တ္ထုမှာ စာဖတ် ပရိသတ် ဖတ်ရင်းနဲ့ ရှေ့ဘာဆက်ဖြစ်မလဲ ဆိုတာ စိတ်ဝင်စားအောင် ဆွဲဆောင်ရတဲ့ အချက်ပါပဲ။ အဲဒါမျိုးက စာရေးတဲ့ အတတ်ပညာမျိုးနဲ့ နည်းနည်း ကဲပြီးတော့ ရေးရတယ်။ ဒါကြောင့် လုံးချင်းဝတ္ထု ရေးရတာဟာ ၀တ္ထုတို ရေးရတာလောက် မလွတ်လပ်ပါဘူး။ ပြီးတော့ ၀တ္ထုတို တစ်ပုဒ်ဆိုတာက ရေးရင် ကျွန်တော့်တာဝန် ဘယ်နေရာမှာ ဆုံးသွားသလဲ ဆိုတော့ ရေးပြီးသားကို ပြန်ဖတ်၊ ကျေနပ်ပြီဆိုတာနဲ့ တစ်ပြိုင်နက် လက်မှတ် ထိုးလိုက်ပြီးရင် ကျွန်တော့်တာဝန် ပြီးသွားပြီ။

အဲဒါကို မဂ္ဂဇင်း အယ်ဒီတာစားပွဲ သွားပို့၊ အယ်ဒီတာက မကြိုက်ဘူးကွာ ပယ်တယ် ဆိုရင်လည်း ပယ်ပေါ့။ ဒီတိုက်က မကြိုက်လို့ ပယ်ရင် နောက်တစ်တိုက် သွားပို့မှာပဲ။ နောက်တစ်တိုက်က မကြိုက်ရင်လည်း နောက်တစ်တိုက်ပေါ့။ ဒီလို မဂ္ဂဇင်းတိုက်တွေ လျှောက်ပို့လို့ အားလုံးက မကြိုက်ဘူးဆိုလည်း ပြီးတာပဲ။ ကျွန်တော့်တာဝန်က ရေးဖို့ပဲ ရှိတယ်။ ၀တ္ထုတိုတစ်ပုဒ် ရေးပြီးလို့ လက်မှတ် ထိုးပြီးရင် စိတ်ထဲမှာ ပျော်တယ်ဗျ။ မဂ္ဂဇင်းထဲမှာ ပါတာတို့၊ မပါတာတို့ သိပ်ပြီး စိတ်မ၀င်စားတော့ဘူး။

လုံးချင်းကျတော့ ဒီလို မဟုတ်တော့ဘူး။ နည်းနည်း တွက်လာရတယ်။ ပရိသတ် လက်ခံနိုင်ဖို့ တွက်လာရတယ်။ နောက်တစ်ခါ အဲဒီမှာ အယ်ဒီတာ တစ်ယောက် အနေနဲ့ ဖော်ပြသင့်တာ၊ မဖော်ပြသင့်တာတွေကို တည်းဖြတ် ပေးမယ့်သူ မရှိတော့ဘူး။ ကိုယ့်ဘာသာ တည်းဖြတ်ရတယ်။ အဲဒါ ပင်ပန်းတယ်။ ခုနက ပြောတဲ့ ကိုယ်ကျင့်တရားနဲ့ ပတ်သက်တဲ့ ကိစ္စတို့၊ အယူအဆလေးတွေနဲ့ ပတ်သက်တဲ့ ကိစ္စတို့ ကိုယ့်ဘာသာကိုပဲ တည်းဖြတ်ရတယ်။ နောက်ပြီးတော့ လုံးချင်း ၀တ္ထုပဲ ဆိုပြီး လျှောက်ရေးချင်တိုင်း ရေးနေလို့ မရဘူး။ ပရိသတ်က လက်ခံပါ့မလား၊ လက်မခံဘူးလား၊ ၀တ္ထုထဲမှာ ပါတဲ့ ဇာတ်ကောင် စရိုက်တွေက ပျက်နေရင် အတုယူ မှားစရာတွေ ဖြစ်နေမလား စသဖြင့် စဉ်းစားစရာတွေ အများကြီး ၀င်လာတယ်။ ဒါကြောင့် လုံးချင်း ရေးရတာ ပင်ပန်းတယ်။

ဒါပေမဲ့ ခက်တာကျတော့ ကျွန်တော့် အတွေ့အကြုံ အရဆိုရင် ၀တ္ထုတိုက ပိုခက်တယ်။ ၀တ္ထုတိုကျတော့ စာလုံး ရွေးတာက အစ စကားလုံး ကျစ်ကျစ်လျစ်လျစ် သိပ်သိပ်သည်းသည်း ဖြစ်ဖို့ လိုတယ်။ ကိုယ်ပြောချင်တာကို စာမျက်နှာ လေးငါး ခြောက်မျက်နှာ အတွင်းမှာ ပြည့်ပြည့်စုံစုံ ထိရောက်အောင် ဖော်ပြနိုင်ဖို့ လိုတယ်။ ဒီနေရာမှာ ဇာတ်ကွက် တစ်ကွက်တည်း ဖြစ်ချင်ဖြစ်မယ်။ လေးငါးခြောက်နှစ် နှစ်ပရိစ္ဆေဒ ကြာတဲ့ဇာတ် ဖြစ်ချင်ဖြစ်မယ်။

ဝတ္ထုတိုမှာ ကျွန်တော် ပြောချင်တဲ့ စကား၊ ကျွန်တော် တွေးထားတဲ့ အတွေးအခေါ်ကို စာလုံး သိပ်သိပ်သည်းသည်း ကျစ်ကျစ်လျစ်လျစ်နဲ့ ရေးနိုင်ဖို့ပဲ အရေးကြီးတယ်။ ကျွန်တော်က ဒါကတော့ မကောင်းဘူး၊ ဟိုဟာကတော့ ကောင်းတယ်ဗျလို့ ပြောနေဖို့ မလိုဘူး။ တင်ပြနေဖို့ မလိုဘူး။ ဒီဟာကောင်းတယ် ဆိုပြီး စာဖတ် ပရိသတ်ကို ဇွတ်အတင်း တင်ပြနေလို့ မဖြစ်ဘူး။ စာဖတ် ပရိသတ်ဆိုတာ ကျွန်တော်တို့ထက် ပိုပြီး စာဖတ်တယ်။ ကျွန်တော်တို့မှာ စာရေးဖို့ အတွက် စာဖတ်ရတာ ရှိတယ်။ စာရေးဖို့ အတွက် လူတွေနဲ့ လိုက်တွေ့ရတာ ရှိတယ်။ စာရေးဖို့အတွက် လျှောက်သွား နေရတာ ရှိတယ်။

အဲဒီတော့ စာဖတ်ချိန် ဆိုတာ သိပ်မရှိဘူး။ အချိန် မရှိတော့ စာဖတ်အားချင်း ယှဉ်ရင် စာဖတ် ပရိသတ်က ကျွန်တော်တို့ထက် အများကြီး များပါတယ်။ အသိဉဏ် အားဖြင့်လည်း ကျွန်တော်တို့ထက် ပိုပြီး ရှိနိုင်တယ်။ ဒါကြောင့် ၀တ္ထုတိုတွေမှာ ကျွန်တော်တို့က အတွေးအခေါ် တစ်ခုကို တင်ပြပြီး မှန်တယ်၊ မှားတယ်ဆိုတာ ဆုံးဖြတ် မပေးတော့ဘူး။ ၀တ္ထုတိုနဲ့ ၀တ္ထုရှည် ခြားနားချက်ကတော့ ဒါပါပဲ။

ဆရာ့ ၀တ္ထုတိုကလေးတွေမှာ ခုပြောခဲ့သလို ဆုံးဖြတ်ချက် မပါဘဲ သဘောထား တင်ပြရုံသက်သက် ရေးခဲ့တာတွေ ဖတ်ရပါတယ်။ ၀တ္ထုတို တစ်ပုဒ်နဲ့ ပတ်သက် လို့တော့ ဆရာ့ သဘောထားကို ကျွန်တော် မေးချင်ပါသေးတယ်။ ရှုမ၀ မဂ္ဂဇင်းမှာ ဆရာ ရေးခဲ့တဲ့ “တံခါးကလေး”ဆိုတဲ့ဝတ္ထုတိုမှာ ဒီနေ့ ခေတ်ပညာတတ် အိမ်ထောင် စုတွေမှာ ကျင့်သုံး နေကြတဲ့ Family Planning (မိသားစုစီမံချက်)နဲ့ ပတ်သက်ပြီး တင်ပြထားတာ တွေ့ရတယ်။ ဒီမိသားစုမှာ ကလေး ဘယ်နှယောက်ပဲ ယူမယ်၊ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လောက်ခြားမယ် စသဖြင့် ကိုယ့်စီမံချက်နဲ့ကိုယ် ပိုင်းခြား ကန့်သတ်ကြတယ်။ အဲဒါကို အိမ်ထောင်သည် တစ်ယောက်ဖြစ်တဲ့ ဆရာ့ အနေနဲ့ ဘယ်လို သဘော ရပါသလဲ။

ဒါက ကျွန်တော်တို့ လူနေမှု စနစ်နဲ့ တော်တော် ပြောရခက်ပါတယ်။ အဲဒီ မိသားစု စီမံချက်ကို ကျင့်သုံးတဲ့ သူတွေ အများစုက လူချမ်းသာတွေ၊ ပညာတတ်တွေ၊ တက္ကသိုလ် ဘွဲ့ရ ဇနီးမောင်နှံတွေ များပါတယ်။ ကလေး တစ်ယောက်ကို ဘယ်လို ပြုစုမယ်၊ ဘယ်လောက်ထိ ပြုစုမယ်၊ ကလေး ဘယ်နှယောက်ပဲ ပြုစုနိုင်ဖို့ အရည်အချင်း ရှိတယ်၊ ဘယ်လောက်ပဲ ရှာနိုင် ဖွေနိုင်မယ်၊ ဒါကြောင့်မို့ ကလေး သုံးယောက်ပဲ ယူကြပါစို့ ဆိုပြီး ကလေး သုံးယောက်ပဲ ယူတယ်။ အဲဒီကလေး သုံးယောက်ကိုပဲ အတတ်နိုင်ဆုံး၊ အကောင်းဆုံး ဖြစ်အောင် ပြုစုကြတယ်။ ဒါက ခုနက မိသားစု စီမံချက်ထားတဲ့ လူတွေဘက်က တွေးတာ။

တကယ်လို့ အဲဒီ ကိစ္စ မစဉ်းစားဘဲနဲ့ တချို့အိမ်ထောင်သည်တွေ ဆိုရင် ဒီလိုပဲ မွေးလာတာပဲ။ ဒီလိုပဲ ကြီးလာတာပဲ။ သူတို့ မိဘများ အနေနဲ့က ချမ်းသာသလား ဆိုတော့ မချမ်းသာပါဘူး။ ရှိတဲ့ အခါ ရှိတယ်၊ မရှိတဲ့ အခါ မရှိဘူး။ ဒီလိုပဲ မိဘတွေရဲ့ဝတ္တရားကို ကျေပွန်စွာနဲ့ ကျွန်တော်တို့ကို မွေးလာခဲ့ကြတာပါ။ ဒါကျွန်တော့် အယူအဆပါ။

ဆရာက ၀တ္ထုလည်း ရေးတယ်၊ ရုပ်ရှင်လည်း ရိုက်တယ်။ အနုပညာ လောက နှစ်ခုမှာ ကျင်လည်နေတယ်။ ကျွန်တော် သိချင်တာက ၀တ္ထု ရေးနေတဲ့ အချိန်မှာ ရုပ်ရှင် ရိုက်ချင်စိတ် ပေါ်လာတာ ရှိသလား။ ရုပ်ရှင် ရိုက်ရင်းကော ၀တ္ထု ရေးချင်စိတ် ပေါ်လာဖူးသလား။ ရေး ကော ရေးခဲ့ဖူးသလား ဆိုတာပါပဲ။

ရုပ်ရှင် ရိုက်တာနဲ့ ၀တ္ထု ရေးတာနဲ့က ဆက်စပ် နေပါတယ်။ ရုပ်ရှင်ရိုက်တဲ့ အခါ ဇာတ်ညွှန်း ရေးရပါတယ်။ ဇာတ်ညွှန်း ရေးတာလည်း စာရေးတာပဲပေါ့။ ရုပ်ရှင်မှာက ရုပ်ရှင် အတတ်ပညာ ရှိတယ်။ စာရေးတဲ့ နေရာမှာ စာရေးတဲ့ အတတ်ပညာ ရှိတယ်။ တစ်ခုနဲ့ တစ်ခု မတူဘူး ဆိုပေမယ့် အခြေခံ အားဖြင့်တော့ အနုပညာ ပစ္စည်း တစ်ခုကို ထုတ်တဲ့ အခြေခံပါပဲ။ ရုပ်ရှင် ရိုက်ရင်းရဲ့ ရိုက် ကွင်းမှာ အဖြစ်အပျက် တစ်ခုကို တွေ့လိုက်ရရင် ဒီအဖြစ်အပျက်ကို စာရေး လိုက်ရရင် ကောင်းမှာပဲ ဆိုတဲ့စိတ်မျိုး ပေါ်ပါတယ်။ ၀တ္ထု ရေးရင်းနဲ့လည်း ဒီဇာတ်ကွက် ကလေးကတော့ ရုပ်ရှင်ရိုက် လိုက်ရရင် ကောင်းမှာပဲလို့ စိတ်ကူးပေါ် ပါတယ်။

ဆရာ ဖန်တီးခဲ့တဲ့ ၀တ္ထုတိုတွေထဲမှာ မောင်စိန်သောင်းနဲ့ မနှင်းရည် ဆိုတဲ့ ဇာတ်ကောင်နှစ်ယောက် ပင်တိုင်ထား ရေးတာ တွေ့ရတယ်။ ပြီးတော့ သူတို့ ဇာတ်လမ်း တချို့က တစ်ပုဒ်နဲ့ တစ်ပုဒ် ဆက်နေတာလည်း ရှိတယ်။ ဥပမာ ခုနက ကျွန်တော်ပြောတဲ့ “တံခါး ကလေး”နဲ့ “နှလုံးရောဂါ” ဆိုရင် နှစ်ပုဒ် ဆက်စပ်နေတယ်။ အဲဒီတော့ ဒီဇာတ် ကောင်တွေပါတဲ့ ဇာတ်လမ်းတွေဟာ ဆရာ့ကိုယ်တွေ့တွေကို ရေးတာလား”

ကိုယ်တွေ့ ဇာတ်လမ်း များပါတယ်။ ကိုယ်တွေ့ အချက်အလက်နဲ့ စိတ်ကူးနဲ့ ပေါင်းစပ် ထားတာပေါ့။ ကိုယ်တွေ့ ဆိုပေမယ့် တခြား တစ်ယောက်ယောက်ရဲ့ အဖြစ်အပျက်ကို မောင်စိန်သောင်း ဆိုပြီး ရေးတာလည်း ရှိတယ်။ ဒါကြောင့် တချို့ဟာတွေက ကျွန်တော့် အဖြစ်အပျက် မဟုတ်ပါဘူး။ တခြား တစ်ယောက်ယောက်က သူတို့အဖြစ် အပျက်လေးတွေ ပြောပြတာကို ရေးထားတာပါ။ သူတို့ ပြောပြတာလေးတွေကို ကျွန်တော်က ကိုယ်စားဝင် ခံစား ကြည့်ပြီး မောင်စိန်သောင်း ဇာတ်ကောင်နဲ့ ရေးတာပါ။

ဆရာ ရုပ်ရှင်ရိုက်တဲ့ နေရာမှာ ကိုယ့်ဝတ္ထုကို ပြန်ရိုက်တာ ရှိသလို သူများ ၀တ္ထုတွေ ရိုက်ရတာလည်း ရှိတယ်။ ၀တ္ထု တစ်ပုဒ်ကို ရုပ်ရှင်အဖြစ် ကူးပြောင်းတဲ့ နေရာမှာ တချို့ဝတ္ထုတွေ ပျက်စီး သွားကြတာ တွေ့ရပါတယ်။ ဘယ်လို အခက်အခဲ တွေကြောင့်ပါလဲ။

တချို့ ၀တ္ထုတွေက တမင်ရုပ်ရှင် ရိုက်ကောင်းအောင် တမင်တကာ ဖန်တီးပြီး ရေးထားတာတွေ ရှိတယ်။ ဒါမျိုးတွေကတော့ ၀တ္ထု ဖတ်ရင်းနဲ့ကို သိသာပါတယ်။ တချို့ ၀တ္ထုကျတော့ ဒီဝတ္ထုကို ရုပ်ရှင် ရိုက်ရကောင်းစေလို့ ရေးတာ မဟုတ်ပါဘူး။ အများအားဖြင့် စာရေးဆရာတွေ ဒီလိုပဲ ရေးကြပါတယ်။ ကျွန်တော် ရေးတဲ့ အခါမှာလည်း ရုပ်ရှင် ရိုက်ဖို့လို့ ရည်ရွယ်ပြီး မရေးပါဘူး။ ကျွန်တော် ၀တ္ထုကို ၀တ္ထုပုံစံပဲ ရေးတယ်။ ပြီးတော့မှ ဒီဝတ္ထုဟာ ရုပ်ရှင်ရိုက်ဖို့ ကောင်းတယ်လို့ ကျွန်တော့်ဘာသာ ထင်မြင်လာရင် ရိုက်လိုက်တာပဲ။ ဒီကြားထဲမှာ ပန်းတွေနဲ့ ဝေတော့ ခြွင်းချက် ထားရမယ် ထင်တယ်။ ပန်းတွေနဲ့ ဝေက ရုပ်ရှင်ဇာတ်လမ်း အရင် ရေးခဲ့ပြီးမှ ဒီဇာတ်ကို ၀တ္ထု ပြန်လုပ်ခဲ့တာပါ။ အဲဒီ အချိန်မှာလည်း ကျွန်တော်က လုံးချင်းဝတ္ထု စဉ်ဆက်မပြတ် ရေးတော့မယ်လို့ စိတ်ကူး မရှိခဲ့ပါဘူး။ စောစောက ကိုဝင်းငြိမ်း မေးခဲ့သလိုပဲ ရုပ်ရှင်ရိုက်ရင်း စာရေးချင်စိတ် ပေါက်လာလို့ ရေးခဲ့တာပါ။ ကျွန်တော့် ၀တ္ထုတွေထဲက ဒါလေးတော့ ရုပ်ရှင်ရိုက်ရင် ကောင်းမယ်လို့ ထင်ထားတာတွေ ရှိပါတယ်။ ဒါပေမဲ့ ရုပ်ရှင်ရိုက်ဖို့ ရည်ရွယ် ရေးခဲ့တာတွေ မဟုတ်တော့ ရိုက်ဖို့ ခက်ပါတယ်။ ဒါက ကျွန်တော့်ဝတ္ထုတွေနဲ့ ပတ်သက်တာတွေပါ။

ဒီလိုပဲ တခြား ဆရာတွေရဲ့ ၀တ္ထုတွေထဲက ရုပ်ရှင် ရိုက်ရတော့မယ် ဆိုရင် ၀တ္ထုထဲက အဲဒီဆရာ ပြောချင်တဲ့ အဓိက အချက်ကို အရင်ရှာတယ်။ ၀တ္ထုထဲမှာ သူပြောချင် တာလေးတွေ ပါမယ်။ ဒီဆရာ တစ်ယောက်ရဲ့အတွေးအခေါ်ကို သိနိုင်ဖို့ရာ ရုပ်ရှင် ရိုက်မယ့် ၀တ္ထု တစ်ပုဒ်တည်းကို ဖတ်တာထက် သူရေးခဲ့တဲ့ တခြားဝတ္ထု လေးငါးပုဒ်လောက် ဖတ်ဖို့ လိုပါတယ်။ ဖတ်လိုက်တဲ့ အခါမှာ သူ့အယူအဆ၊ အတွေးအခေါ်ကို ရိပ်မိ လာပါလိမ့်မယ်။ အဲဒီ အခါကျတော့ ဒီစာရေးဆရာ ပြောချင်တဲ့ သဘော ရောက် အောင် ရုပ်ရှင် အတတ်ပညာနဲ့ လုပ်ယူရပါတယ်။ သူ့မူရင်း မပျက်စီးရအောင် ရုပ်ရှင်အတတ်ပညာနဲ့ ပြောင်းယူ ရပါတယ်။

ရုပ်ရှင်ဇာတ်ညွှန်း တစ်ခုကို ရုပ်ရှင်အဖြစ် ရိုက်ရတာနဲ့ ၀တ္ထု တစ်ပုဒ်ကို ရုပ်ရှင် ရိုက်ရတာ မတူပါဘူး။ ၀တ္ထုက အတွင်းစိတ်ကို ဖော်ရေးတယ်။ ရေးကောင်း ရေးနိုင်တယ်။ တချို့ကျတော့လည်း သာမန် ကာလျှံကာ လောက်ပဲ ရေးပြီး စာဖတ်သူက တွေးယူရလောက်အောင် ချန်ထားခဲ့တယ်။ ဒါမှ မဟုတ်ရင်လည်း ပေါ်ပေါ်ထင်ထင် ရေးပြထားတာ ရှိတယ်။ အရှင်းဆုံးဥပမာကတော့ဗျာ ဥပမာ-“သူ့ရင်ထဲ၌ ငိုနေသည်” ဒါမှမဟုတ် “သူ့ရင်ထဲ၌ စိတ်မကောင်းခြင်း ကြီးစွာ ဖြစ်နေသည်” စသဖြင့်ပေါ့ဗျာ စာနဲ့ရေးလိုက်မယ်၊ အဲဒါကို ရုပ်ရှင်ရိုက်ရင် ပြရတာ ခက်ပါတယ်။ ရင်ထဲမှာ ငိုနေတာ ကို မျက်နှာနဲ့ ပြမလား၊ ဒါမှမဟုတ် တခြား အတတ်ပညာနည်း တစ်ခုခုနဲ့ ပြမလား။ အဲဒီလို ပေါ်လာအောင် ရုပ်ရှင် ပညာရှင်က အတတ်ပညာ ဘက်မှာ ကျွမ်းဖို့ လိုပါတယ်။

ဝတ္ထု တစ်ပုဒ်ကို ဖတ်ပြီး ဒီဝတ္ထုက ရုပ်ရှင်ရိုက်လို့ ကောင်းမှာပဲ၊ ဇာတ်လမ်းလေးက ဖတ်လိုက်ရတာ သိပ်လွမ်းစရာ ကောင်းတာပဲ၊ သိပ်ပျော်စရာ ကောင်းတာပဲ ဆိုပြီးတော့ အဲဒီအတိုင်း သွားရိုက်လိုက်ရင် ၀တ္ထုက ရုပ်ရှင် ကူးရာမှာ ညက်ညက်ညောညော မဟုတ်ဘဲနဲ့၊ အတတ်ပညာပိုင်း ဆိုင်ရာမှာ မကျွမ်းကျင်ဘဲ ကူးပြောင်းလိုက်ရင်၊ ဒီလိုပဲ အတုံးလိုက် အတစ်လိုက် ၀တ္ထုထဲမှာ ပြောတဲ့စကားတွေ အတိုင်း ပြောပြီး ပြလိုက်ရင် နဂို ၀တ္ထု ခံစားရသလို ပရိသတ်က ခံစားရမှာ မဟုတ်တော့ဘူး။ ရုပ်ရှင်က စာရေးတာ မဟုတ်ဘူး။ အတတ်ပညာကို သုံးကိုသုံးရမယ်။ ရုပ်ရှင် အတတ်ပညာ သုံးနိုင်ဖို့ရာ ကျွမ်းကျင်ရမယ်။ ဒါမှ စာရေးဆရာ ဆိုလိုတာတွေကို ရုပ်ရှင်အဖြစ် ကူးပြောင်းနိုင်မှာ ဖြစ်ပါတယ်။

ဆရာက ရုပ်ရှင်ရိုက်ဖို့ မရည်ရွယ်ဘဲ ရေးတယ် ဆိုပေမယ့် ဆရာ့ ၀တ္ထုတွေ ဖတ်တဲ့ စာဖတ် ပရိသတ် တစ်ယောက် အနေနဲ့ ပြောရရင် ကျွန်တော်တို့က ဆရာ့စာတွေကို ဖတ်ရင်း ဘယ်နေရာမှာတော့ ဘယ်ဇာတ်ကောင်နဲ့ လိုက်တယ်လို့ တွက်မိကြတဲ့ ၀တ္ထုတွေ ရှိပါတယ်။ ဥပမာ ဆိုရင် ဆရာ ရေးခဲ့တဲ့ “အရွယ်လွန်” ဆိုရင် ပရိသတ်က ရုပ်ရှင်ကား တစ်ကားလို ခံစားရတယ်။ “အရွယ်လွန်”နဲ့ စကား စပ်မိလို့ တစ်ဆက်တည်း မေးချင်တာက ဆရာ့ ဇာတ်ကောင်တွေ အထူးသဖြင့် အမျိုးသမီး ဇာတ်ကောင်တွေက “အရွယ်လွန်”ကစပြီး အသက်ကြီးကြီး ဇာတ်ကောင်တွေ ဖြစ်လာတာ တွေ့ရတယ်။ ဘာဖြစ် လို့ပါလဲ။

ကိုဝင်းငြိမ်း ဒီမေးခွန်းကို ကျွန်တော့် မိန်းမရှေ့မှာ မမေးတာ တော်တော် ကံကောင်းတယ်။ နို့မို့ရင် ဘယ်သူတုံး၊ ဘယ်ဝါတုံးနဲ့ ရှုပ်ကုန်နိုင်တယ်။ ဒါက အရှင်းလေးပါဗျာ။ ယောက်ျားလေး ကိုးဆယ် ရာခိုင်နှုန်းလောက်ဟာ လူပျိုပေါက် အရွယ်မှာ သူတို့ထက် အသက်ကြီးတဲ့ အမျိုးသမီးကြီးများ၊ လှတဲ့ အမျိုးသမီးကြီးများကို ကြိုက်ကြတယ်။ စိတ်ဝင်စားကြတယ်။ အဲဒီ အမျိုးသမီးကြီးများကတော့ ဒီကောင်လေးတွေကို ဟဲ့ ကောင်လေး ဘာညာနဲ့ ပြီးသွားကြတယ်။ ချာတိတ်တွေက စိတ်လှုပ်ရှား သွားကြတယ်။ ဒါလောက်နဲ့ ပြီးသွားတာပဲ။

ကျွန်တော်တို့ ကျတော့ စာတွေ ရေးရတယ်။ ရုပ်ရှင် ရိုက်ရတယ် ဆိုတော့ ငယ်ငယ်က စွဲလမ်းခဲ့တဲ့ ကိစ္စ အရောင်ပြန် ဟပ်တာ ဖြစ်ပါလိမ့်မယ်။ ဒါကတော့ လူတိုင်းမှာ ရှိပါတယ်။ ယောက်ျားလေးတိုင်းမှာ ရှိတယ်။ မိန်းကလေး တွေမှာလည်း ရှိကောင်း ရှိမှာပေါ့ဗျာ။ ကိုယ့်ထက် အသက်ကြီးတဲ့ ခံ့ခံ့ချောချော ငနဲကြီးတွေကို ကြိုက်တာ ရှိချင်ရှိမှာပဲ။ ဒါကတော့ မိန်းကလေးတွေ ဘက်ကမို့ ကျွန်တော် မသိဘူးလေ။ ယောက်ျားလေးတွေ ဘက်ကတော့ သေချာတယ်။ ဥပမာ ကျွန်တော်တို့ ငယ်ငယ်က အယ်လီဇဘက် တေလာ ဆိုတဲ့ ဘိုင်စကုပ် မင်းသမီး လျှမ်းလျှမ်းတောက် ကျော်ကြား နေတော့ လူပျိုပေါက် အရွယ်မှာ လှိမ့်ကြိုက်တာပဲ။

အဲဒီလို ရောင်ပြန် ဟပ်တာလေးတွေကို အရွယ်လွန်မှာ ရေးတဲ့ အချိန်မှာ အဲဒီလို အမျိုးသမီးကြီး တစ်ယောက်ကို တွေ့ဖူးတယ်ဗျ။ ကျွန်တော်နဲ့က မတိမ်းမယိမ်းပါဘဲ။ သိပ်အသက်ကြီးတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီအမျိုးသမီးကြီးကို ကြည့်တော့ ကျွန်တော် ၁၅ နှစ်၊ ၁၆ နှစ်သား အရွယ် ဆိုပါစို့ဗျာ။ လူပျိုပေါက် အရွယ်ပေါ့။ အဲဒီ အရွယ်တုန်းက သဘောကျဖူးတာ ရှိတယ်။ ရိုးရိုးပေါ့ဗျာ။ ရှင်းရှင်း ပြောရရင်တော့ ကြိုက်တာပေါ့ဗျာ။ သူ့ကိုတွေ့တော့ ငယ်ငယ်တုန်းက အမျိုးသမီးကြီးများ ဒီလို ဘ၀မျိုး ပြောင်းလာခဲ့ရင် ဆိုတဲ့အတွေးနဲ့ အရွယ်လွန်ကို ရေးခဲ့တာပါ။

ခင်ဗျား မေးလို့တော့ ဖြေလိုက်ပြီ။ အဲဒါကို ကျွန်တော့်လေဒီ ပြန်ဖတ်မိရင် စိတ်မဆိုးအောင်တော့ ထိန်းထိန်းသိမ်းသိမ်း ကလေး ရေးပါဗျာ။

ဆရာ ဟိုတစ်လောဆီက ရေးတဲ့ “မလှတာ အပြစ်လားကွယ်” လုံးချင်းဝတ္ထု အပါးကလေး ထွက်လာတာ တွေ့ရတယ်။ ၁၂ ဖောင်လောက်ပဲ ရှိမယ်ထင်တယ်။ အဲဒီ စာအုပ်က ဖောင်အရေအတွက်လည်း နည်းပြီး ရောင်းဈေးလည်း နည်းတဲ့အတွက် အရင်တုန်းကလို စာအုပ်ရောင်းဈေး နည်းနည်းနဲ့ စာဖတ်သူတွေ အလွယ်တကူ ၀ယ်ဖတ်နိုင်အောင် တမင်တကာ ဖန်တီး ထားတာလားလို့ တွေးမိတယ်။

ရိုးရိုး ပြောရရင်တော့ ပထမ အစီအစဉ်က တခြား စာရေးဆရာ တစ်ယောက်နဲ့ တွဲထုတ်ဖို့ စာမူတောင်းလို့ ရေးပေး လိုက်တာပါ။ နောက်တော့ ထုတ်ဝေသူက စမ်းထုတ်ချင်တယ်တဲ့။ တကယ်လို့များ ခုနက ကိုဝင်းငြိမ်း ပြောသလို စာအုပ်ပါးပါးနဲ့ ဈေးပေါပေါ ရောင်းနိုင်လို့ ရှိရင် စာရေးသူ အတွက်ရော ထုတ်ဝေသူ အတွက်ပါ နစ်နာမှုလည်း မရှိဘူး။ စာဖတ် ပရိသတ်ကလည်း လက်ခံမယ် ဆိုရင် ဒါမျိုး ဆက်ထုတ်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထုတ်လိုက်တာပါ။

ဆရာ့ကို ဆရာ့အဖေ ဦးသာဓုက စာပေ၊ ရုပ်ရှင်နဲ့ ပတ်သက်ပြီး ကိုယ်တိုင် ကိုယ်ကြပ် သင်ကြားပို့ချ ပေးခဲ့ဖူးတာများ ရှိဖူးလား။

မရှိဘူးဗျ။ ကျွန်တော့်အဖေ ကိုယ်နှိုက်က လွတ်လွတ်လပ်လပ် သူ့စိတ်ကူး ရှိတာ ရေးတဲ့လူ ဆိုတော့ ကျွန်တော်တို့ကို လွတ်လပ်ခွင့်ပေးတယ်။ စာပေ ရေးရာနဲ့ ပတ်သက်လို့ရော တခြား အယူအဆ တွေနဲ့ ပတ်သက်လို့ပါ သူ့အယူအဆကို လိုက်နာ ရမယ်လို့ မရှိဘူး။ ပညာရပ်တွေ ကိုလည်း သူက သင်ပေးခဲ့တာ မဟုတ်ဘူး။ ရုပ်ရှင်ရိုက်တာ ဆိုပါစို့။ ရုပ်ရှင် ရိုက်တာကို ကြည့်တော့ ကြည့်ခိုင်းတယ်။ ၀ါသနာ ပါသလား မေးတယ်။ ပါရင် အဲဒီက ရုပ်ရှင်ဆရာတွေနဲ့ တတ်အောင် သင်၊ တတ်တော့ လုပ်ချင်ရင် လုပ်လို့ ပြောပါတယ်။ လောင်းရိပ် မမိစေချင်တဲ့ သဘောလို့ ထင်တာပဲ။

ဆရာ ၀တ္ထုရေးတဲ့ နေရာမှာပဲဖြစ်ဖြစ်၊ ရုပ်ရှင် ရိုက်ရာမှာပဲ ဖြစ်ဖြစ် ဘယ်လို ၀တ္ထုတွေ ရေးချင်၊ ရိုက်ချင်သလဲ။

အဲဒါကတော့ ကျွန်တော့် အသက်အရွယ် အတွေ့အကြုံ အရ ပြောင်းပြောင်း သွားမှာပဲ ထင်တယ်။ အခုအချိန်မှာ ကျွန်တော့်စာဖတ် ပရိသတ်က ကျွန်တော့် စာမှာပါတဲ့ အယူအဆ၊ အကျင့်စာရိတ္တ ပိုင်းကို သဘောပေါက်မယ်။ ဒါတွေက ကျွန်တော့် ၀တ္ထုထဲမှာ အရိပ်အငွေ့ ပါပါ တယ်။ ဒီလိုပဲ နောက်တစ်နှစ်လောက် နေရင်၊ ဒါမှမဟုတ် နောက်တစ်လ လောက်ကြာရင် ကျွန်တော့် အတွေ့အကြုံ အရ ပြောင်းသွားမှာပဲ။ ရုပ်ရှင်ဘက်မှာလည်း ဒီလိုပါပဲ။ ဒါကြောင့် ဒီမေးခွန်းနဲ့ ပတ်သက်ပြီး တရားသေကြီး ဘ၀ သရုပ်ဖော် ရေးချင်ပါတယ်တို့၊ အချစ် ၀တ္ထုတွေ ရေးမယ်လို့ မသတ်မှတ်ချင်ပါဘူး။

အချစ် အကြောင်းချည်းပဲ ရေးမယ်လို့လည်း မရှိပါဘူး။ ရုပ်ရှင်မှာလည်း ဒီသဘောပါပဲ။ ဘ၀ အတွေ့အကြုံပေါ် မူတည်ပြောင်းလဲ သွားပါလိမ့်မယ်။ ဘ၀ သရုပ်ဖော် ဆိုတာကလည်း အချစ်ပဲရေး ရေး၊ စုံထောက်ပဲ ရေးရေး ဘာရေးရေး လူ့ဘ၀ရဲ့သရုပ်ကို ပေါ်အောင် ရေးနိုင်ရင် ဘ၀ သရုပ်ဖော်ပဲပေါ့။

ဆရာက ရုပ်ရှင်နဲ့ စာပေ အနုပညာ လောက နှစ်ခုမှာ ကျင်လည်နေတယ် ဆိုတော့ အနုပညာ ပစ္စည်းတစ်ခုကို ဖန်တီး ထုတ်လုပ်တဲ့ နေရာမှာ ဘယ်အချက်ဟာ အရေးကြီးပါသလဲ။

အဓိကကတော့ ရိုးသားမှုပါပဲ။ ကျွန်တော့် စိတ်ထဲမှာ ကောင်းတယ်၊ မှန် တယ်ထင်တဲ့ ကိစ္စတွေကို ကျွန်တော်က စပြီး ယုံကြည်ရလိမ့်မယ်။ ကျွန်တော် တစ်ခုခု လုပ်တော့မယ် ဆိုရင် လုပ်မယ့် အလုပ် အပေါ်မှာ ယုံကြည်ရမယ်။ မှန်တယ်လို့ ယူဆထားတဲ့ အယူအဆပေါ် မှာလည်း တကယ်လို့ ကျွန်တော် ကိုယ်တိုင်က မယုံကြည်ဘဲနဲ့ ငွေရရုံသက် သက်တော့ မလုပ်သင့်ဘူး။

အဲဒီတော့ ကျွန်တော်တို့က ကိုယ့်ပရိသတ် အပေါ်မှာ ရိုးသားရမယ်။ ပရိသတ်ကို မလိမ်နဲ့။ မညာနဲ့။ ကိုယ်မြင်တဲ့အမြင်၊ အတွေးကို ရုပ်ရှင်အတတ်ပညာနဲ့ တင်ပြတယ်။ ကျွန်တော့်အတွေးက မှန်တယ်၊ မှားတယ် ဆိုတာကတော့ တစ်ချိန်ချိန်မှာ တစ်ယောက်ယောက်က ဆုံးဖြတ်ပါလိမ့်မယ်။ ကျွန်တော့် တာဝန်က တွေ့တာ၊ မြင်တာ၊ ကြားတာ၊ သိတာကို ရိုးရိုး သားသား အတတ်ပညာနဲ့ ပရိသတ်ကို တင်ပြဖို့ပဲ တာဝန် ရှိပါတယ်။ ကျွန်တော်က မရိုးသားတဲ့စိတ်နဲ့ ထုတ်လုပ်လိုက်တဲ့ အနုပညာ ပစ္စည်းဟာ မရိုးသားတဲ့ ပစ္စည်း ဖြစ်သွားမှာပဲ။ ကျွန်တော့် အတွေ့အကြုံ အရ ရင်ထဲမှာ ခံစားရတဲ့ ဝေဒနာတွေကြောင့် အတွေးတစ်ခု ၀င်လာရင် အဲဒီ ဝေဒနာနဲ့ ပတ်သက်တဲ့ အကြောင်း ရိုးရိုးသားသား တင်ပြလိုက် ရရင် ကျွန်တော် တာဝန် ကျေပါတယ်။

စေတနာနဲ့ ပတ်သက်လို့ကော။

အဲဒါနဲ့ ပတ်သက်လို့ကတော့ မိုးဝေမှာ ကျွန်တော် ဆောင်းပါးတစ်ပုဒ် ရေးဖူးပါတယ်။ ဝေဒနာ ဆိုတဲ့ ဆောင်းပါးပါ။ အဲဒါလေးကို ပြန်ကိုးကား ရရင် “အနုပညာ တစ်စုံတစ်ရာကို ဖန်ဆင်း ထုတ်လုပ်ရာ၌ အရေးကြီးသော အချက်သည် အသက်သွင်းမှု ဖြစ်ပါသည်။ အသက် သွင်းမှုသည် အတတ်ပညာ မဟုတ်ပါ။ အသက် သွင်းရာ၌ အတတ်ပညာသည် အထောက်အကူ ပြုပေးရုံမျှသာ ဖြစ်ပါသည်။ အသက် သွင်းခြင်း၏ မူလ အကြောင်းတရားမှာ ရင်တွင်းက ဖြစ်ပေါ်လာသော စေ့ဆော် တိုက်တွန်းမှု စေတနာ ဖြစ်ပါသည်။ အနုပညာရှင်သည် သူ့၌ ရှိသော ဝေဒနာကို သူတတ်ကျွမ်းသော အတတ် ပညာဖြင့် ဖော်ပြ လှစ်ပြ လိုက်ပါသည်။ အနုပညာ ခံစားသူသည် အနုပညာရှင်၏ ဝေဒနာကို မျှဝေခံစား နိုင်ပါလိမ့်မည်။ ထိုသို့ ခံစား နိုင်စေရန် အတွက် အတတ်ပညာသည် တံတား ကူးပေးပါသည်။

ဝေဒနာနှင့် စေတနာ မပါဘဲ ဖန်ဆင်းလိုက်သော အနုပညာ ပစ္စည်းသည် အသက် မဲ့ပါသည်။ ခံစားသူကို ကူးစက်ခြင်း မပေးနိုင်ပါ။ အတတ်ပညာ သက်သက်ဖြင့် ဖန်ဆင်းသော အနုပညာသည် ပေါ့နေသည်ဟု ထင်ပါသည်” ကျွန်တော် အဲဒီ ဆောင်းပါးရေးတဲ့ အချိန်က ၁၉၇၄ ခုနှစ်၊ မတ်လ။ အဲဒီ အချိန်က စပြီး ခုထိ ကျွန်တော် လုပ်လာတဲ့ အလုပ် အားလုံးဟာ ဒီနည်းနဲ့ပဲ ဖန်တီးခဲ့တာပါ။ ရင်ထဲက ဝေဒနာ ခံစားချက်ကို မိတ်ဆွေတစ်ယောက်၊ သူငယ်ချင်း တစ်ယောက်ကို ပြောပြချင်တယ်။ ပြောပြတဲ့ အခါမှာ နားဝင်ချိုအောင်၊ နားခံသာအောင် ပြောပြတတ်ခြင်းဟာ အနုပညာမှာ ရှိတဲ့ အတတ်ပညာပါပဲ။ ဒီနေရာမှာ စောစောက ပြောတဲ့ ရိုးသားမှု လိုအပ်တယ်။ ကျွန်တော် လုပ်ခဲ့တဲ့ အလုပ်က ညံ့ချင်ညံ့မယ်။ ဒါပေမဲ့ ရိုးရိုးသားသား ညံ့တာပဲ ဖြစ်ရမယ်။ ဒါ ကျွန်တော့် ယုံကြည်ချက်ပါပဲ။

ဟိုတစ်လောက ရုပ်ရှင် ကောင်စီမှာ မြန်မာ့ရုပ်ရှင် အရည်အသွေး ကျဆင်းမှုနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲတွေ လုပ်တာ ကြားလိုက်ရပါတယ်။ ဆရာ့ အနေနဲ့ကော မြန်မာ ရုပ်ရှင်တွေ အရည်အသွေး ကျဆင်းမှုနဲ့ ပတ်သက်ပြီး အဆင့်အတန်း မြင့်လာအောင် ဘာတွေ လုပ်သင့်တယ်လို့ ထင်ပါသလဲ။

အဲဒါက တော်တော် ခက်တယ်ဗျ။ တချို့က စက်ကြောင့်လို့ ပြောတယ်။ စက်ဟာ လူကလုပ်မှ ဖြစ်တာပါ။ စက်ကြောင့်လို့ ပုံချလို့ မဖြစ်ပါဘူး။ ကျွန်တော်တို့ဆီမှာ မှန်ဘီလူး အကောင်းစားတွေ မရှိဘူး။ ကရိန်းတွေ မရှိဘူး။ ဟယ်လီ ကော်ပတာနဲ့ မရိုက်နိုင်ပါဘူး။ ဒါကြောင့် ညံ့ပါတယ် ဆိုရင် အဲသလို ပြောတဲ့လူက ညံ့တာပဲ။ ဒါ ကျွန်တော့် အယူအဆပါ။ လေယာဉ်ပျံပေါ်က တက်ရိုက်မှ ရုပ်ရှင်ဖြစ်မယ် ဆိုတာ အဓိပ္ပာယ် မရှိပါဘူး။ မှန်ဘီလူး နောက်ဆုံးပေါ်တွေ သုံးနိုင်မှ ရုပ်ရှင်ဖြစ်တာ မဟုတ်ပါဘူး။ ရုပ်ရှင် အရည်အသွေး ကောင်းဖို့ဆိုတာ ရုပ်ရှင် ပညာရှင်တွေပေါ်မှာ မူတည်ပါတယ်။

စက်တွေက ဒုတိယ အဆင့်ကျမှ အရေး ကြီးတာပါ။ စက်တွေ သိပ်စုတ်ပြတ် နေလို့လည်း ဘယ်ဖြစ်ပါ့မလဲ။ နောက်တစ်ခုက ကျွန်တော်တို့ ရုပ်ရှင်မှာက စီးပွားရေး အရ ရင်းနှီးမြှုပ်နှံမှု များတယ်။ အရှုံး မခံနိုင်ဘူး။ မမြတ်ချင်ရင်နေ။ အရှုံးတော့ မခံနိုင်ကြဘူး။ အရှုံးခံမယ် ဆိုတဲ့ စိတ်ကူးနဲ့ ရိုက်ကူး ထုတ်လုပ်သူက မရှိသလောက် ပါဘဲ။ ဖလင်ဈေး၊ မင်းသား၊ မင်းသမီး ဈေးကြီးတော့ သုံးလေးသိန်းလောက် ရင်းရတယ်။ စီးပွားရေး သဘောတော့ အနည်းနဲ့ အများ ပါတာပဲ။

ရုပ်ရှင် အရည်အသွေး မြှင့်ပေးချင်လွန်းလို့ ဆိုပြီး ဇွတ်လုပ်လို့လည်း မရဘူး။ ဖျက်ဆီးပစ်မယ် ဆိုလို့လည်း မရပါဘူး။ တစ်ချက်ကတော့ ငွေနောက် မလိုက်ကြဖို့ပါဘဲ။ နိုင်ငံခြားကား တစ်ကားပြရင် နောက်က လိုက်အတု ခိုးကြတယ်။ သူက လက်တစ်ဖက်ပြတ်ရင် တို့က နှစ်ဖက်ပြတ်မယ်။ သူက တစ်ထောင်ခုတ်ရင် တို့က နှစ်ထောင်ခုတ်မယ် ဆိုပြီး လိုက်လုပ်ကြတယ်။ ဒါဟာ အရည်အသွေး ကျဖို့ လမ်းအစ ပါပဲ။ ဒီလို သူများယောင်လို့ လိုက်ယောင်ရတာ မကောင်းပါဘူး။

ကျွန်တော်တို့မှာ ကိုယ်ပိုင် ယဉ်ကျေးမှု အမွေအနှစ်တွေ ရှိပါတယ်။ ယဉ်ကျေးမှု မရှိတဲ့ လူမျိုးမှ မဟုတ်ဘဲ။ ကိုယ်ပိုင်ဇာတ်တွေ ရှိတယ်။ နည်းတွေ ရှိတယ်။ ကမ္ဘာ့ အဆင့်အတန်း မီချင်တယ် ဘာညာ ပြောနေကြတယ်။ ကမ္ဘာ ဆိုတာက မြန်မာပြည်ရဲ့ အပြင်ဘက်မှာ ရှိတာ မဟုတ်ပါဘူး။ မြန်မာပြည်ဟာ ကမ္ဘာထဲမှာပါ။ မြန်မာပြည်ရဲ့ မြန်မာစစ်တဲ့ အဆင့်အတန်းဟာ ကမ္ဘာ့ အဆင့်အတန်းပါပဲ။ ကျွန်တော်တို့ ယဉ်ကျေးမှု စစ်စစ်ကို ခေတ်မီ နည်းပညာနဲ့သာရိုက် ဒါကမ္ဘာကို မီတာပဲ။ မြန်မာ လူမျိုး အကျင့် စရိုက်ကို အထင်သေးပြီး အနောက် နိုင်ငံမှ အထင်ကြီးမယ်၊ ဂျပန်မှ အထင်ကြီးမယ် ဆိုရင် မဟုတ်သေးဘူး။

ဂျပန်က ကမ္ဘာကို မီတယ်ဆိုတာ ဂျပန်နည်းနဲ့ မီတာပါ။ အမေရိကန် နည်းနဲ့ မီတာ မဟုတ်ပါဘူး။ အိန်္ဒိယက ကမ္ဘာကို မီတာလည်း တို့ကတော့ အိန်္ဒိယပဲဟေ့ ဆိုပြီး သူ့ယဉ်ကျေးမှုကို ပြနိုင်လို့ မီတာပါ။ ကျွန်တော်တို့က အဆင့် မြင့်ချင်ရင် သူတို့လို ကိုယ့်နည်းနဲ့ပဲ ပြပါ။ ဟောင်ကောင်ကား ပုံစံလိုက်ရိုက်ကြရင် ဟောင်ကောင်ရဲ့ နောက်လိုက်ပဲ ဖြစ်မှာပါ။

သူတို့က ဓားခုတ်လို့ ကျွန်တော်တို့က လိုက်ခုတ်စရာ မလိုပါဘူး။ ကျွန်တော်တို့မှာ ၀ါးရင်းတုတ်ရှိသားပဲ။ ၀ါးရင်းတုတ်နဲ့ရိုက်တာကို ကြည့်ကောင်းအောင် ရိုက်ရင် ကြည့်မှာပါပဲ။ ကျွန်တော်တို့လူမျိုးက ၀ါးရင်းတုတ်နဲ့ နိုင်ငံတော် ထူထောင် ခဲ့ဖူးတာပဲ။ ဒါကြောင့် ကျွန်တော်တို့ အဆင့်မြင့် လာဖို့ ဆိုတာ ကျွန်တော်တို့ ဘာသာ ထွင်ရမှာပဲ။ မထွင်ဘဲ သူများ နောက်လိုက်နေတဲ့ ကာလပတ်လုံးတော့ သူများ နောက်လိုက်တွေ ဖြစ်နေမှာပဲ။ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ကိုယ်ပိုင်ဟန်ကလေး ပေါ်စေချင်တာပါပဲ။

ဆရာ နောက်ထပ်ထုတ်ဖို့ ဘာစာမူ တင်ထားသေးသလဲ။

“တစ်နေ့သ၌”

လုံးချင်းဝတ္ထုလား။

ဟုတ်ပါတယ်။

ရုပ်ရှင်ရိုက်လက်စကော။

“ဖြူသောညို”

ဘယ်သူတွေ ပါလဲ။

ကောလိပ်ဂျင်နေ၀င်း၊ ချိုပြုံး၊ ရူပ။

ဆရာ ဘာများပြောချင်သေးလဲ။

ဝတ္ထုတို ဆိုတာ စောစောက ပြောခဲ့သလိုပါပဲ။ ရတောင့်ရခဲ အနုပညာ ပစ္စည်းပါ။ အခု မဂ္ဂဇင်းတွေရော၊ ပေဖူးလွှာကို ရောပေါ့ဗျာ ကိုဝင်းငြိမ်းက တစ်ဆင့် ပြောချင်တာ ရှိပါတယ်။ ပေဖူးလွှာ အနေနဲ့ အပြင်အဆင် အလှအပ ရှိအောင် လုပ်တယ်။ ဒါ ကျွန်တော်နဲ့ မဆိုင်ဘူး။ စာ ဖတ် ပရိသတ် တစ်ယောက် အနေနဲ့ ပြောရရင် ကျွန်တော်က အလှအပထက် ၀တ္ထု၊ ဆောင်းပါးကို အလေးထား ဖတ်တယ်။ အဲဒီလိုဖတ်တဲ့ အခါမှာ အရုပ်ကလေးတွေ သိပ်လှအောင် အော့ဖ်ဆက်နဲ့ ရိုက်ကြတယ်။ စရိတ်တွေ အများကြီး အကုန် အကျခံကြတယ်။ ကျွန်တော် ထင်တယ် အဲဒီ အရုပ်ရိုက်တဲ့ စရိတ်က ၀တ္ထု စာမူခထက် ပိုပါလိမ့်မယ်။

စာဖတ်ပရိသတ် အနေနဲ့ အရုပ်လှလှထက် စာကို အလေး ပေးပါတယ်။ မဂ္ဂဇင်းစောင်ရေ တက်လာတာနဲ့ အမျှ စာမူခတွေလည်း ပိုပေးသင့်ပါတယ်။ ကျွန်တော်တို့ ရတာက အရုပ်တွေ ပုံနှိပ်တဲ့ စရိတ်ထက် နည်းနေတယ်။ ရောင်စုံ ပုံနှိပ်တဲ့ စရိတ်ဘက် လျှော့ပြီး စာမူခ၊ပန်းချီခ ပိုပေးရင် ပိုကောင်းမယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့ဆီက ပန်းချီ ဆရာတွေ မညံ့ပါဘူး။ အရောင်နည်း နည်းနဲ့ လှအောင် ရေးတတ်ပါတယ်။ ဒီလို လုပ်ပေးရင် ၀တ္ထုတိုသမားတွေ အားပိုရှိ လာပါလိမ့်မယ်။

မဂ္ဂဇင်းတွေက စာဖတ်ပရိသတ် ကို ခြယ်လှယ်နိုင်ပါတယ်။ စာကောင်း ဖတ်လာအောင် စီစဉ် လုပ်နိုင်ပါတယ်။ အလှအပလေးတွေ စာကောင်းလေးတွေနဲ့ မျှပေးစေချင်တယ်။ ဒေါင်ဒေါင်မြည် ကောင်းတဲ့စာတွေ ပါစေချင်တယ်။ ဖတ်ချင်တယ်။ ဒါ ကျွန်တော့် အယူအဆပါ။

ဆရာ့ အယူအဆကို တင်ပြပေးပါ့မယ်။ ဆရာ့လိပ်စာကကော...

အမှတ်(၃)၊ လေးထောင့်ကန်လမ်း၊ (ဇ)တောင်ရပ်ကွက်၊ သင်္ဃန်းကျွန်းပါ။

ကျေးဇူးတင်ပါတယ် ဆရာ။

**၀င်းငြိမ်း**

စာဖတ်သူသို့ ဤစာမျက်နှာတွင် ဖော်ပြပါရှိသော ကင်မရာနှင့် စာရေးသူ (သို့မဟုတ်) စာရေးဆရာ မောင်ဝဏ္ဏ မှာ စာတည်းချုပ် ဦးမြလှိုင် တည်ထောင်သည့် ပေဖူးလွှာ မဂ္ဂဇင်း ၁၉၈၃ ခုနှစ် ဇန်န၀ါရီလ ထုတ်တွင် စာဖတ်သူများနှင့် တွေ့ဆုံခြင်း ကဏ္ဍ၌ ဆရာ ၀င်းငြိမ်းက ဆရာမောင်ဝဏ္ဏနှင့် တွေ့ဆုံ မေးမြန်းခဲ့သည်ကို ဖော်ပြပါရှိခဲ့သည့် စာမူဖြစ်ပါသည်။ ဆရာ မောင်ဝဏ္ဏမှာ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန် သွားခဲ့ပြီ ဖြစ်ပါသည်။ မြန်မာစာပေ၊ ဂီတ၊ ရုပ်ရှင် အနုပညာ လောကမှ အစားထိုး မရနိုင်သော အနုပညာရှင် မောင်ဝဏ္ဏ မကွယ်မီ လွန်ခဲ့သော ၂၈ နှစ်ခန့်က ပြောကြားခဲ့သည့် အနုပညာ ရေးရာ အယူအဆများကို ရွှေအမြုတေ စာဖတ်သူများ အတွက် ပြန်လည် ဖော်ပြပြီး ကွယ်လွန်သူ အနုပညာရှင် မောင်ဝဏ္ဏကို ဂုဏ်ပြု လိုက်ပါသည်။

အယ်ဒီတာအဖွဲ့
(ရွှေအမြုတေမဂ္ဂဇင်း)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) ပ (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1)ွ (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)