ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, March 3, 2011

ရွှေမြေရင်ကွဲ နဂါးအရေခွံလဲ

> လွန်ခဲ့သော နှစ်ပေါင်း ၂ဝ ကျော်က မိသားစုအလိုက် သြစတေးလျကို ပြောင်းရွှေ့အခြေချ နေထိုင်ခဲ့ကြတဲ့ ငမောင့်မရီး၊ ခယ်မ(လေဒီထူးရဲ့ ဝမ်းကွဲတွေ)တွေ ဟိုတစ်လောက မြန်မာနိုင်ငံကို ခေတ္တပြန်ရောက် လာကြပါတယ်။ ထွက်သွားတုန်းက လူလတ် အရွယ်တွေ။ ခုတော့ ၆ဝ ကျော် ကုန်ကြပြီ။ မြေးတွေရကုန်ကြပြီ။ မျှော်လင့်ကိုးနိုးပေါင်း တစ်ရာ့ခြောက်ဆယ်သော သောကြွယ်နဲ့ ဇာတိမြေကို စွန့်ခွာခဲ့ကြတုန်းက အားတွေမာန်တွေနဲ့ပေါ့။ ဇာတိမြေကို ခုတစ်ခါ အလည်ရောက်လာကြတော့ နေဝင်နီးကြပြီမို့ ဇာတိမြေမှာ ခေါင်းချချင်ကြပြီ။ ရောက်လေရာမှာ ပျော်လို့နေကြတာလဲ မဟုတ်။ နေလို့ပျော်ကြတာလဲ မဟုတ်ဘဲ ပျော်အောင် ကြိုးစားပြီး မပျော်ဘဲ နေကြတဲ့ သူတို့ကို ကြည့်ပြီး ကမ္ဘာ့မြို့ကြီးတိုင်းက China Town ခေါ်တဲ့ တရုတ်တန်းနေ တရုတ်တွေကို သတိရမိတယ်။ သူတို့ကို သြစတေးလျက တရုတ်တန်းအကြောင်း မေးကြည့်ပါတယ်။

သူတို့ပြောပြနိုင်တာက ကမ္ဘာ့ တခြားမြို့ကြီးတွေမှာရှိတဲ့ တရုတ်တန်းတွေလိုပါပဲ။ လှုပ်ရှားတက်ကြွနေတဲ့ တရုတ်ဈေးဆိုင်တွေ၊ တရုတ်စားသောက်ဆိုင်တွေ၊ တရုတ်ရိုးရာ ပွဲတွေနဲ့ အထူးထင်ရှားတဲ့ တရုတ်နဂါး အကတို့ပါပဲ။ တရုတ်တန်း မှန်သမျှမှာ ရှိတတ်တဲ့ နောက်ကြောင်းခံ ရာဇဝင်ကိုတော့ သိသူမများလှပါဘူး။ မေ့လျော့ထားခဲ့ကြပါပြီ။ ဒီကနေ့ တရုတ်တို့ ရောက်နေတဲ့ နေရာကိုသာ မြင်ကြပြီး အတိတ်က တရုတ်တို့ လျှောက်ခဲ့ရတဲ့ ခရောင်းလမ်းကြမ်းကို ပြန်မကြည့်တတ်ကြပါဘူး။ တရုတ်တို့ဟာ ရောက်ရာဒေသရဲ့ ဘာသာစကား၊ ယဉ်ကျေးမှု၊ ဓလေ့ ထုံးစံတွေနဲ့ ပြေလျောအောင် နေတတ်ကြပြီး သူတို့ကိုယ်ပိုင် ဘာသာစကား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေကိုလဲ ရောက်ရာမြေပေါ် ကြဲဖြန့်ကြပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁ဝဝ ကျော်က တရုတ်ပြည်ရဲ့အခြေအနေကြောင့် ဇာတိဒေသမှာ ရေမကြည် မြက်မနု လွန်းတာကြောင့် ဇာတိကို စွန့်ခွာ ရေကြည်မယ်ထင်ရာ မြက်နုမယ် ထင်ရာကို အရဲကိုး စွန့်ခွာခဲ့ကြတာပါ။ ရောက်လေရာမှာ ကြုံလာသမျှ ဒုက္ခတွေ ခါးစည်းခံရင်း ခြေကုတ်မြဲမြဲနဲ့ မျိုးကြဲကြပါတယ်။ ဒီလိုနဲ့ ကမ္ဘာအနှံ့ မြို့ကြီးတွေမှာ တရုတ်တန်း- China Town တွေရယ်လို့ တစ်စတစ်စ ဖြစ်လာခဲ့တာပါ။ သြစတေးလျကိုတော့ ၁၈၅ဝ ခုနှစ် တစ်ဝိုက်ဆီကစပြီး ဇာတိရပ်ရွာမှာ မနေသာလို့ ရေကြည်မြက်နုမယ် ထင်ရာကို တစ်ရွာပြောင်း သူကောင်းဖြစ်ချည်ရဲ့နဲ့ ရောက်လာခဲ့ကြတာပါ။ ရေလမ်းခရီးနဲ့ သြစတေးလျရဲ့ တောင်ဘက်ကမ်းခြေကို ဝင်လာကြပါတယ်။ သြစတေးလျမှာ ရွှေမြေသစ်တွေ ရှိတယ်။ ရွှေရှာလို့ ရတယ်ဆိုတဲ့ သတင်းက သူတို့ကို တွန်းပို့လိုက်တာပါပဲ။

ငါ့ဝမ်းပူစာ မနေသာလို့ ဇာတိသွေခွာ သြစတြေးလျကို တရုတ်တွေ တဖွဲဖွဲသာ ပါးပါးကြဲကြဲ ရောက်လာ ကြရာက ၁၈၅၁ ခုနှစ်တစ်ဝိုက်မှာတော့ သြစတေးလျမှာ ရွှေတွေ့ပြီလဲဆိုရော ဖွဲဖွဲရွာရာက သဲသဲရွာချ လိုက်သလို တရုတ်တွေ အများအပြား သြစတေးလျကို ဝင်လာကြတော့တယ်။ ထောင်သောင်းချီတဲ့ တရုတ်တွေဟာ ကွမ်တုံးပြည်နယ်၊ ပုလဲ မြစ်ဝကျွန်းပေါ်ကနေ ကြမ်းတမ်းတဲ့ ပင်လယ်ခရီးနှင်ကာ ဝင်လာကြပါတော့တယ်။ ၁၈၅ဝ ခုနှစ် မတိုင်မီ အစောဦး ကာလတွေတုန်းကလဲ ကာလီဖိုးနီးယားမှာ ရွှေရတယ် ဆိုတာကြောင့် ကန်တုံတရုတ်တွေ အပြေးအလွှား သွားခဲ့ကြပါသေးတယ်။ ရွှေတွေ့ရာမြေကို ကန်တုံစကားနဲ့ ရွှေတောင်လို့ ခေါ်ကြသတဲ့။ တရုတ်တွေ အတွက် သြစတေးလျဟာ ရွှေတောင်သစ်တဲ့။

တရုတ်တွေ ဇာတိစွန့်ခွာနေကြတာ ချမ်းသာချင်တာ သက်သက် မဟုတ်ပါဘူး။ အဲဒီအခါက ဖြစ်နေတဲ့ တရုတ်ပြည်တွင်းစစ်၊ သဘာဝဘေးဆိုး၊ ဆင်းရဲငတ်မွတ်ခြင်းတို့ အပါအဝင် ဇာတိဒေသဟာ ပစ္စန္တရစ်အရပ် ဖြစ်လို့ပါပဲ။ ကမ္ဘာမီးလောင် သားကောင်ချနင်းဆို စကားလိုပဲ ချစ်တဲ့သူတွေကို ပစ္စန္တရစ်မှာ စွန့်ခွာထားခဲ့ပြီး ရွှေတောင်သစ် ရှိရာကို ရွှေအိပ်မက် တပွေ့ပွေ့နဲ့ လာခဲ့ကြတာမှာ တချို့တွေခမျာ သြစတေးလျ ကမ်းခြေကိုတောင် မမြင်လိုက်ကြရရှာဘူး။ လချီကြာ ရေလမ်းခရီးကြမ်းမှာ အစားအစာနဲ့ ဆေးဝါးမလုံ လောက်တာကြောင့် ရောဂါဘယစုံနဲ့ သေကုန်ကြလို့ပါပဲ။ မသေကျန်နေ သူတွေကတော့ ရွှေတောင်သစ်ရှိရာကို အခက်အခဲ မျိုးစုံကြုံပြီးမှ ရောက်ကြရပါတယ်။

ရွှေမြေကို ရောက်လာကြသူ တရုတ်တွေဟာ အမျိုးသားတွေသာ ဖြစ်ပါတယ်။ တရုတ်တို့ရဲ့ ဓလေ့ထုံး စဉ်အရ ဇနီးသည်နဲ့ ကလေးတွေဟာ အိမ်တွင်းမှာသာ နေကြရပြီး စွန့်စား ထွက်ခွာသွားလာတာ မလုပ်ကြရပါဘူး။ ဘေးဘိုးစဉ်ဆက် ပိုင်ဆိုင်နေ ထိုင်လာခဲ့တဲ့ မြေရာကွက်ကို စောင့်ရှောက်ထိန်းသိမ်း နေခဲ့ကြရပါတယ်။ မှတ်တမ်းတစ်ခုအရ ၁၈၆၁ ခု သြစတေးလျ ရွှေတောင်သစ်မှာ တရုတ် အမျိုးသား ၃၈ဝဝဝ နေထိုင်နေကြပြီး တရုတ်အမျိုးသမီးကတော့ ၁၁ ယောက်သာ ရှိတယ်တဲ့။ ရွှေတောင်သစ်မှာ အနေကြာလာတော့ အဖော်လိုချင် လာကြရော။ လူ့သဘာဝပဲလေ။ သူလဲလေ လောကီသားပေမို့ပေါ့နော့။ ရွှေတောင်သစ်ရှိရာ ထွက်လာစဉ် ကာလတုန်းကတော့ စုမိဆောင်းမိ ရှိလာရင် အိမ်ပြန်မယ်ပေါ့။ ဒေသသစ်မှာပဲ အခြေချနေတော့မယ် ဆိုသူက နည်းလှပါတယ်။

စုမိဆောင်းမိ ရှိပါမှ အိမ်ပြန်နိုင်မှာ ဆိုတဲ့အသိစိတ်၊ မိသားစုနဲ့ တကွဲတပြား လလျားရှည်ကြာ နေရလို့ ခံစားရတဲ့ စိတ်ဝေဒနာကြောင့် ပင်ပန်းတကြီး လုပ်ကိုင်ရတာကို မမှုကြပါဘူး။ ရွက်ဖျဉ်တဲငယ်တွေမှာ ဖြစ်သလို နေကြရပြီး နေပူကျဲတဲ အချိန်ရှည် တစ်ဆက်တည်း မနားရဘဲ လုပ်ကြရပါတယ်။ တချို့တွေက မြေကြီးကို တူးဖောက်ထားတဲ့ မိုင်းတွင်းထဲ ဆင်းကြရမှာ ကြောက်ကြသတဲ့။

အယူသည်းမှုတွေကြောင့်တဲ့။ အစဦး ပိုင်းမှာတော့ မြေပေါ်မှာပဲ တူးကြ၊ ရေနဲ့သန့်ပြီး ရွှေကျင်ယူခဲ့ကြပါတယ်။ ဒီနည်းနဲ့လဲ သူတို့ အားထုတ် လုပ်ကိုင်မှု ရလဒ်ကောင်းတယ် ဆိုရမှာပါ။ မှတ်တမ်းအရ ၁၈၅၄ ခုနှစ်က ၁၈၆၂ ခုထိကြားကာလ ရှစ်နှစ်အတွင်းမှာ ရွှေသား ၆ဝဝဝဝဝ အောင်စ (၁၈.၆၆၂ ကီလိုဂရမ်)ကို ဝိတိုရိယ ပြည်နယ်မှာ ရရှိခဲ့ပြီး တရုတ်ပြည်ကို ပြန်ပို့နိုင်ခဲ့သတဲ့။

ရတဲ့ရွှေကို အိမ်ပြန်ပို့သူတွေက ပို့ပေမယ့် နှစ်လရှည်ကြာ အိမ်လွမ်း ဝေဒနာ ဘဝဝေဒနာတွေ မခံသာသူတွေက လောင်းကစားနဲ့ ဘိန်းစား။ ဘိန်းရှူ အကျင့်ဆိုးနဲ့ပဲ ရှာရသမျှ ဘာမျှ မကျန်တဲ့အဖြစ် ရောက်တော့တာပဲ။ ဘဝဆင်းရဲထဲမှာ အနေဆင်းရဲ၊ အစားဆင်းရဲ၊ လုပ်ချိန်နာရီရှည် နေပူထဲ အနားမရှိ လုပ်ရတဲ့ နှစ်လ ရှည်လျားလာတာနဲ့အမျှ ကျန်းမာရေး ပျက်ယွင်းလာပါတယ်။ ကုသပေးသူမရှိ၊ဆေးဝါး ရှားပါး၊ မကျန်းမာလို့ ရွှေမရှာနိုင်။ ငွေမရှိ ဒုက္ခမှောင် အတိထဲမှာ သေဆုံးကြရသူတွေလဲ များလှသတဲ့။ အနည်းအကျဉ်းလောက်တော့ တရုတ်အဖွဲ့အစည်း တချို့ရဲ့ အကူအညီ ရကြတယ်။ ကရုဏာရှင် တစ်ဦးချင်း ကူညီတာမျိုး ရှိပါရဲ့။ နည်းလှသတဲ့။

သူတို့ခမျာ သင်္ချိုင်းရှိရာ ပုန်းလျှိုးကွယ်လျှိုး ကြိုးကြိုးစားစား လာကြရသလိုပါပဲ။ ရွှေတောင်သစ် ရှိရာသြစတေးလျကို လာခဲ့ကြစဉ်က အခွန်အကောက် အခတွေ မပေးနိုင်ကြလို့ သင်္ဘောဆိပ်မှာ မဆိုက်ကပ်ဝံ့ဘဲ သင်္ဘောဆိပ်နဲ့ အလှမ်းဝေးကွာတဲ့ ကမ်းခြေနေရာမှာ ဆိုက်တယ်။ ကမ်းတက်ခဲ့ကြရတာ။ သူတို့ ဆိုက်ကပ်ရာ ကမ်းခြေနေရာနဲ့ သူတို့သွားချင်တဲ့ ရွှေတောင်သစ်က မိုင်ရာချီဝေးတာ။ ခိုးကြောင်ခိုးဝှက် ဝင်လာကြတာမို့ လူသူ အရောက်အပေါက် နည်းရာ၊ ခေါင်ရာ ကမ်းခြေနေရာတွေမှာ ဆိုက်ကပ်ကမ်းတက် ကြရတာကို။ အဲဒီတုန်းက ခိုးဝင်သူတွေ ဆိုက်ကပ်ခဲ့ကြတဲ့ နေရာတွေထဲက Robe ဆိုတဲ့နေရာဆိုပါတော့။ ၁၈၅၇ ခုနှစ်ရဲ့ ငါးလတာ ကာလအတွင်း ဒေသခံလူဦးရေ တစ်ရာကနှစ်ရာ အထိသာ သွားလာတဲ့ နေရာ။ အဲဒီနေရာ Robe မှာ ၁၈၅၇ ခုနှစ် လွန်စမှာ တရုတ်တွေ ဦးရေ တစ်သောင်း နှစ်ထောင် ကမ်းတက်ဖြတ်သွားခဲ့ကြသတဲ့။

ဇာတိရပ်ရွာနဲ့ ချစ်ရသူတွေကို ခွဲခွာ၊ တစ်ခေါက်တစ်ခါမှ မရောက်ဖူးတဲ့ ဒေသကို ရွှေအာသာငမ်းငမ်းနဲ့ မျက်ကန်းတစ္ဆေမကြောက် ရောက်လာခဲ့ကြပြီး လူသူကင်းဝေးရာ ပင်လယ်ကမ်းခြေ တစ်နေရာက ရွှေအိပ်မက်တည်ရာကို သွားခဲ့ကြတဲ့ ခရီးလမ်းကို ကြည့်ရင် သူတို့ရြဲ့ပင်းပြတဲ့ ဆန္ဒနဲ့ ထန်ပြင်းတဲ့ လောဘအစွမ်းကို အံ့မခန်း တွေ့ရနိုင်ပါတယ်။ တစ်သုတ်တစ်သုတ်မှာ ရာချီတဲ့ တရုတ်တွေဟာ သြစတေးလျရဲ့ တောင်ဘက်ကမ်းခြေ လူသူကင်းဆိတ်ရာ နေရာက ဒေသခံတွေ သွားရိုးမဟုတ်တဲ့၊ လမ်းရိုးဟောင်း မဟုတ်တဲ့ တောတွင်းကို တိုးဝင် ဖြတ်သန်း လူတန်းရှည်ကြီးစီကာ ရွှေတောင်ကြီးအရောက် မိုင်ရာချီ ခြေလျင်လျှောက်ကြတာတဲ့။ ရွှေမြေရောက်အထိ ရက်သတ္တငါးပတ်ကြာ လျှောက်ကြရတယ်တဲ့။ ရိက္ခာအဖြစ် ပင်လယ်ကမ်းခြေကရတဲ့ ကျောက်ခက်ကျောက်ပွင့်တွေကို သယ်ယူသွားကြတယ်။ လမ်းမှာတွေ့တဲ့ သားပိုက်ကောင်တွေနဲ့ သားပိုက် ဝက်ဝံတွေကို သတ်ဖြတ်စားကြတယ်။ သောက်သုံးရေအတွက် စခန်းချရာမှာ ရေတွင်းတူးခဲ့ကြရတယ်။ ရှေ့ကသွားနှင့်တဲ့ အသုတ်ရဲ့ လမ်းကြောင်းကို နောက်အသုတ်တွေက ခြေရာခံလိုက်ကြတယ်။ တစ်ယောက်ချင်းတန်းစီ ခြေလှမ်းသွက်သွက်ကို မှန်မှန်လှမ်းလျှောက်ရင်း ခြေလှမ်းနဲ့ စည်းချက်ညီသီချင်းဆို သွားတတ်ကြသတဲ့။ ကိုယ်၊ စိတ် အမောကို ကုစားတာပဲပေါ့။ သူတို့ လျှောက်ရာ လမ်းတစ်လျှောက်မှာ တရုတ်နိုင်ငံသုံး ဒင်္ဂါးပြားတွေ တွေ့ရသတဲ့လေ။ တရုတ်ငွေက သြစတေးလျမှာ သုံးလို့မှမရတာကိုး။ သူတို့စွန့်ပစ်ခဲ့ကြတာပေါ့။

ဒုက္ခတွေအပေါ် နင်းလျှောက် ဖြတ်ကျော် ရွှေတောင်သစ်ရှိရာ အရပ်ရောက်ကြပြီဆိုတော့လဲ ရောက်နှင့်ပြီး ရွှေမုဆိုး တရုတ် မဟုတ်သူတွေရဲ့ မနာလိုမှု မရှုဆိတ်စိတ်ထားနဲ့ စုပေါင်း ဆန့်ကျင်ကြတာ ခံကြရပြန်တယ်။ နည်းအမျိုးမျိုးနဲ့ နှောင့်ယှက်ခံကြရ ပြန်တယ်။ မခံသာတဲ့အဆုံး ပြန်လည်တုံ့ပြန်ကြတော့ အဓိကရုဏ်း ဖြစ်ရပါရော။ တရုတ်တွေကြောင့် အဓိက ရုဏ်းဖြစ်ရတာလို့ လှုံ့ဆော်ပြီး တရုတ်တွေကို တိုက်ခိုက်၊ ရထားတဲ့ ရွှေတွေကိုလုယူ၊ တရုတ်တွေရဲ့ တဲတန်းကြီးတွေနဲ့ ပစ္စည်းတွေကို မီးတိုက် ကြတယ်။ ရွှေမုဆိုးတရုတ်တွေဟာ ဖီးနစ်ငှက်လိုပဲ ပြာပုံထဲက ကုန်း ထပျံသန်း မခန်းသေးတဲ့ ရွှေကိုရှာကြ ပြန်တာပဲ။ နောက်ဆုံးတော့လဲ ဘဝ အမောတွေထဲက ဘဝတူတွေပဲသာမို့ ရန်ပွဲတွေ ငြိမ်းအေးသွားပါတယ်။

နှစ်ပေါင်းရှည်ကြာ နှိုက်ယူလိုက်ကြတာ သြစတေးလျရဲ့ ရွှေမြေရင်ခေါင်းကြီးထဲမှာ ရွှေတွေ ခန်းသွားခဲ့ပြီ။ ရွှေတွင်းတွေ ပိတ်ရပြီ။ ရွှေမြေမှာ အနေကြာလာတဲ့ တရုတ်တွေက ရွှေမြေမှာ အခြေချဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ရွှေမြေက ရွှေမှုန် ရွှေစတွေ အန်ချပေးနေတုန်းကတည်းက တရုတ်တွေဟာ ရွှေတူး၊ ရွှေရှာတာ သာမက ရွှေမြေကို ရောက်လာကြ သူတွေအတွက် ပင်မင်းဆိုင်၊ စား သောက်ဆိုင်၊ ဥယျာဉ်ခြံထွက်သီးနှံ ရောင်းဆိုင်၊ ဟင်းသီးဟင်းရွက် အရောင်းဆိုင်၊ အသား၊ ငါးစိမ်းရောင်း ဆိုင်တွေ ဖွင့်လှစ်ရောင်းချ ဈေးကွက် လက်ဦးမှုယူထားကြပြီးသား။ ရွှေရှာသူက ရှာသလို တချို့က ပရိဘောဂ လုပ်ကြ၊ ဟင်းသီးဟင်းရွက် စိုက်ခင်းတွေလုပ်ကြ၊ ဥယျာဉ်စိုက်ပျိုးကြ စတဲ့ စီးပွားရေး အသက်မွေး လုပ်ငန်းတွေ တည်ထောင်ထားခဲ့ကြတာ။ အထူးသဖြင့် ပရိဘောဂ လုပ်ငန်း၊ ဟင်းသီး ဟင်းရွက်နဲ့ အသီးအနှံ စိုက်ပျိုးရောင်း ချလုပ်ငန်း၊ စားသောက်ဆိုင် လုပ်ငန်းတွေမှာ တရုတ်တွေ နာမည်ကောင်း ရခဲ့ကြတယ်။ မြေကြီးက ရွှေမပေးတော့ပေမယ့် ရွှေမုဆိုးတွေ အခြေချ ရာနေရာမှာ မြို့တွေပေါ်လာပြီး အဲဒီမြို့တွေမှာ တရုတ်ဆိုင်တန်းတွေ အစီအရီနဲ့ ဈေးတန်းကြီး ဖြစ်လာခဲ့တယ်။

ရွှေမြေမှာ ရွှေတွေခန်းပြီး နှစ် ၅ဝ ကြာမှ သြစတေးလျ အစိုးရက လူဝင်မှု တားမြစ်ပိတ်ပင်ရေး အက်ဥပ ဒေ(၁၉ဝ၁ ခုနှစ်)ကို ပြဋ္ဌာန်းလိုက်တော့တယ်။ အာရှက သြစတေးလျကို ဝင်ချင်သူတွေ အတွက် သြစတေးလျရဲ့ တံခါးကို အဲဒီကတည်းက ပိတ်ထားခဲ့တာ ၁၉၇၃ ခုနှစ်ရောက်တော့မှ ပြန်ဖွင့်ပေးတော့တယ်။ Immigration Restriction Act of 1901 ထုတ်ပြန်ပေမယ့် ရွှေမုဆိုး တရုတ်တွေကတစ်ဆင့် ပွားလိုက်တဲ့ တရုတ်တွေက သြစတေးလျရဲ့ မြို့တချို့မှာ အခြေချကာ China Town ကို အစပျိုးခဲ့ကြပြီ။ ၁၉ ရာစုနှောင်းမှာတော့ သြစတေးလျရဲ့ အာသာတွန်၊ ဘရစ္စဘိန်း၊ ဘရွမ်း၊ ဒါဝင်၊ မဲလ်ဘုန်း၊ ဆစ်ဒနီနဲ့ တောင်းစ်ဗီးလ်မြို့တွေမှာ ဟည်းထနေတဲ့ တရုတ်တန်း-China Town တွေက အသံစုံ၊ အရောင်စုံ အားကုန်ဖွံ့ဖြိုး နေပြီလေ။

ရွှေမြေရဲ့ ရွှေအိပ်မက်လှတုန်း ပတုန်းက ရောက်လာကြတဲ့ တရုတ် အများစုဟာ မိသားစုမပါ ကိုယ်ချည်းသာ လာကြတာမို့ ခုအခါ ဒေသခံ သြစတေးလျ သူတွေနဲ့ လူတို့သဘာဝ အာဝါဟ ကြပါတော့တယ်။ အစဦး မှာတော့ ဒါကို သြစတေးလျ လူမှုအသိုင်းအဝိုင်းက ဆန့်ကျင်ခဲ့ကြ ပါသေးတယ်။ တားလို့ ဆီးလို့ ကောင်းတာမျိုးမှ မဟုတ်ဘဲလေ။ နောက်တော့လဲ တရုတ်-သြစတေးလျ ကပြားတွေဟာ သြစတေးလျ လူမှုအဖွဲ့အစည်းကြီးရဲ့ မပါမဖြစ်တဲ့ အစိတ်အပိုင်း တစ်ရပ် ဖြစ်သွားတာပါပဲ။

၂ဝ ရာစုထဲမှာတော့ သြစတေးလျကို ပြောင်းရွှေ့အခြေချ နေထိုင်ကြတဲ့ တရုတ်တွေ အရင်အခါတွေထက် ပိုတိုးများလာသတဲ့။ အဆင့်မြင့် ပညာရှာဖို့၊ အလုပ်အကိုင် အခွင့်အလမ်းကောင်း ရဖို့ ပြောင်းရွှေ့ လာကြတာလေ။ ရွှေမုဆိုးတွေ ခေတ်နဲ့ မတူတာကတော့ ၂ဝ ရာစုထဲမှာ သြစတေးလျ ပြောင်းလာကြတဲ့ တရုတ်တွေထဲမှာ အမျိုးသမီးတွေ အများအပြား ပါဝင်လာတာပါပဲ။ ကမ္ဘာကြီးလဲ စီးပွားရေးကအစ နိုင်ငံရေး၊ စစ်ရေး၊ လူမှုရေးတွေ အပါအဝင် အရေးအထွေထွေ ပြောင်းလဲခဲ့ပြီ။ အမျိုးသမီးတွေဟာ အိမ်ရှင်မ ဘဝနဲ့ သားဖွား၊ သားထိန်း အချိန်တွေ ကုန်ကြတဲ့အခါ မဟုတ်တော့ဘူး။ သြစတေးလျ အခြေကျ တရုတ် မိသားစုတွေထဲကပဲ လူငယ်လူရွယ် အမျိုးသား၊ အမျိုးသမီးတွေဟာ တရုတ်ပြည်ကြီးဆီ ဟောင်ကောင် ဆီ၊ ထိုင်ဝမ်ဆီ၊ စင်ကာပူဆီ အလုပ် အကိုင်အတွက် ပျံသန်းနေကြပြီ။ ရွှေမုဆိုး ကာလတုန်းကလိုပါပဲ။ ကမ္ဘာမှာ နေရပ်စွန့်ခွာ ဝေးမြေရပ်ခြားစွန့်စား ပြောင်းရွှေ့ကြသူတွေလဲ များသထက် များနေပါပြီ။ ဟိုကသည်၊ သည်က ဟိုအခွင့်အခါကောင်း ရသလို ပြောင်းရွှေ့နေကြဦးမှာပါပဲ။ လူဆိုတာက လက်ရှိဘဝကို ကျေနပ်တတ်ကြတာမှ မဟုတ်ဘဲ။ ဒီလိုကြောင့်လဲ လူဟာ တလူလူနဲ့ ရှင်ကျန် သန်စွမ်းနေတာ လေ။ ဝေးမြေတာမှာ အရေးတွေ သာလေရဲ့ မျှော်လင့်ချက်တွေ ထမ်း ပိုးပြီး တစ်ရွာပြောင်းလို့ သူကောင်း ဖြစ်သူတွေလဲရှိ၊ တောပြောင်းကာမှ စင်းစင်းသေ သူတွေလဲရှိပေါ့။ ဥဒဟို ပျံသန်းရွှေ့ပြောင်းနေတဲ့ ကမ္ဘာကြီးထဲက အရောင်စုံ အသံစုံ တောက်ပ စည်ဝေတရုတ်တန်းတွေက ဒဏ်ရာ ဗွရပွနဲ့ ရွှေတောင်တက်ခဲ့ရတဲ့ နဂါး အိုတွေကို မေ့လျော့ကြပြီ။
ဒါဟာ သဘာဝကျတဲ့ သဘာဝ ပါပဲလေ။

**ထူးရွှေမောင် (အလင်းသစ်)**

လွန်ခဲ့သော နှစ်ပေါင်း ၂ဝ ကျော်က မိသားစုအလိုက် သြစတေးလျကို ပြောင်းရွှေ့အခြေချ နေထိုင်ခဲ့ကြတဲ့ ငမောင့်မရီး၊ ခယ်မ(လေဒီထူးရဲ့ ဝမ်းကွဲတွေ)တွေ ဟိုတစ်လောက မြန်မာနိုင်ငံကို ခေတ္တပြန်ရောက် လာကြပါတယ်။ ထွက်သွားတုန်းက လူလတ် အရွယ်တွေ။ ခုတော့ ၆ဝ ကျော် ကုန်ကြပြီ။ မြေးတွေရကုန်ကြပြီ။ မျှော်လင့်ကိုးနိုးပေါင်း တစ်ရာ့ခြောက်ဆယ်သော သောကြွယ်နဲ့ ဇာတိမြေကို စွန့်ခွာခဲ့ကြတုန်းက အားတွေမာန်တွေနဲ့ပေါ့။ ဇာတိမြေကို ခုတစ်ခါ အလည်ရောက်လာကြတော့ နေဝင်နီးကြပြီမို့ ဇာတိမြေမှာ ခေါင်းချချင်ကြပြီ။ ရောက်လေရာမှာ ပျော်လို့နေကြတာလဲ မဟုတ်။ နေလို့ပျော်ကြတာလဲ မဟုတ်ဘဲ ပျော်အောင် ကြိုးစားပြီး မပျော်ဘဲ နေကြတဲ့ သူတို့ကို ကြည့်ပြီး ကမ္ဘာ့မြို့ကြီးတိုင်းက China Town ခေါ်တဲ့ တရုတ်တန်းနေ တရုတ်တွေကို သတိရမိတယ်။ သူတို့ကို သြစတေးလျက တရုတ်တန်းအကြောင်း မေးကြည့်ပါတယ်။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) ပ (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1)ွ (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)