** ဂျပန်အနေဖြင့် သမိုင်းကို ရိုးသားစွာဝန်ခံရန် တောင်ကိုရီးယားသမ္မတ အီမြောင်ဘတ်တိုက်တွန်း **
(ဆိုးလ်၊ မတ်လ ၂ ရက်)
နှစ်နိုင်ငံအကြား ဆက်ဆံရေးအသစ်တည်ဆောက်နိုင်ရန် ကိုရီးယားကျွန်းဆွယ်ကို ကိုလိုနီပြုခဲ့စဉ်ကာလက ကျူးလွန်ခဲ့သော အပြစ်များကို ဂျပန်နိုင်ငံအနေဖြင့် ရိုးစားစွာ ၀န်ချတောင်းပန်ရန် လိုအပ်ကြောင်း တောင်ကိုရီးယားသမ္မတ အီမြောင်ဘတ်က မတ်လ ၂ ရက်နေ့တွင် တိုက်တွန်းလိုက်သည်။ (အင်တာနက်)

** ဂမ္ဘီရပညာသည်များနှင့် ပတ်သက်သော ဥပဒေကြမ်း ရိုမေးနီးယားပါလီမန် ပယ်ချ **
(ဘူခါရက်၊ မတ်လ ၂ ရက်)
ဂမ္ဘိရပညာရှင်များနှင့်ပတ်သက်သည့် မလိုလားအပ်သော ဆိုးကျိုးများကို တားဆီးရန် ရည်ရွယ်သော ဥပဒေကြမ်းတစ်ရပ်ကို ရိုမေးနီးယားလွှတ်တော်အမတ်များက မတ်လ ၁ ရက်နေ့တွင် ကန့်ကွက်မဲပေးပယ်ဖျက်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဥပဒေကြမ်းသည် ဂမ္ဘိရပညာရှင်ဆိုသူများက လူအများကို လိမ်လည်လှည့်ဖြားခြင်းမပြုနိုင်ရန် ရည်ရွယ်ရေးဆွဲထားခြင်းဖြစ်ကြောင်း ဥပဒေကြမ်းစတင်ရေးဆွဲရာတွင် ပါဝင်သူ လွှတ်တော်အမတ်တစ်ဦးက ဆိုသည်။ (အင်တာနက်)
** အမေရိကန်နိုင်ငံနှင့် တာလီဘန် တွေ့ဆုံဆွေးနွေးရန် ဗြိတိန်ပါလီမန် တိုက်တွန်း **
(လန်ဒန်၊ မတ်လ ၂ ရက်)
အာဖဂန်စစ်ပွဲကို ရပ်တန့်ရန် မျှော်လင့်ထားပါက အမေရိကန်ပြည်ထောင်စုအနေဖြင့် တာလီဘန်စစ်သွေးကြွအုပ်စုနှင့် တိုက်ရိုက်တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်သင့်ကြောင်း ဗြိတိန်ပါလီမန်နိုင်ငံခြားရေးရာ ကော်မတီက ဗုဒ္ဓဟူးနေ့တွင် တိုက်တွန်းလိုက်သည်။ (အင်တာနက်)
** ခုခံအားကျဆင်းမှုရောဂါကုထုံးအဖြစ် မျိုးဗီဇအင်ဂျင်နီယာနည်းပညာကို အသုံးပြုနိုင်ရန်
မျှော်လင့်ချက်ရှိ **
(ဘော်စတွန်၊ မတ်လ ၂ ရက်)
ခုခံအားကျဆင်းမှုရောဂါ (အေအိုင်ဒီအက်စ်)ကို ကုသရန်ကြိုးစားသည့် အနေဖြင့် သိပ္ပံပညာရှင်များသည် အိတ်ခ်ျအိုင်ဗွီဇိုင်းရပ်စ်ပိုးကာကွယ်နိုင်သော သွေးကလာပ်စည်းများဖွံ့ဖြိုးရေးအတွက် မျိုးဗီဇအင်ဂျင်နီယာ နည်းပညာကို အသုံးပြု၍ အေအိုင်ဒီအက်စ်ဝေဒနာသည် ခြောက်ဦးအား ကုသလျက်ရှိကြောင်း ဖေဖော်ဝါရီလ ၂၈ ရက်နေ့ သတင်းများတွင် ဖော်ပြသည်။ (အင်တာနက်)
** အင်ဒိုနီးရှားယာဉ်ကြောပိတ်ဆို့မှုတွင် ကုန်တင်ကားအစီး ၂၀၀၀ ခန့် ပိတ်မိနေ **
(မာရက်စ်၊ မတ်လ ၂ ရက်)
အင်ဒိုနီးရှားနိုင်ငံ၌ ဖြစ်ပွားခဲ့သော ရက်သတ္တပတ်အကြာ ယာဉ်ကြောပိတ်ဆို့မှုအတွင်း ကုန်တင်ကားယာဉ်မောင်းများ ပိတ်မိကာ ဒုက္ခရောက်ခဲ့ကြရကြောင်း တာဝန်ရှိသူများက မတ်လ ၁ ရက်နေ့တွင် ပြောကြားသည်။ ပိတ်မိနေသည့် ယာဉ်ကြောအတွင်း ရောက်ရှိခဲ့သော ကုန်တင်ကားယာဉ်မောင်းများသည် ၄င်းတို့၏ ၀မ်းရေးဒုက္ခကို ဖြေရှင်းနိုင်ရန် လက်ကိုင်ဖုန်းအစရှိသော ကိုယ်ပိုင်ဥစ္စာများကို ထုခွဲရောင်းချ၍ အစားအသောက်များ ၀ယ်ယူစားသောက်ကြရသည်ဟု ဆိုသည်။ (အင်တာနက်)
** လေယာဉ်ဗုံးခွဲရန် ကြံစည်မှု ဗြိတိန်လေကြောင်းလိုင်းဝန်ထမ်း တရားစွဲခံရ **
(လန်ဒန်၊ မတ်လ ၂ ရက်)
အမေရိကန်နိုင်ငံသား အစွန်းရောက်ဘာသာရေးခေါင်းဆောင် အန်ဝါအယ်လ်အအော်လာကီနှင့် ပူးပေါင်း၍ လေယာဉ်တစ်စင်းကို ဖောက်ခွဲတိုက်ခိုက်ကာ လူရာပေါင်းများစွာ သေဆုံးစေရန် ကြံစည်အားထုတ်မှုဖြင့် ဗြိတိသျှလေကြောင်းလိုင်းကွန်ပျူတာကျွမ်းကျင်သူတစ်ဦးကို ဗြိတိန်တရားရုံး တစ်ရုံးက ဖေဖော်ဝါရီလ ၂၈ ရက်နေ့က တရားစွဲဆိုခဲ့သည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- မောင်မောင်မြင့်ဆွေ **

No comments:
Post a Comment