(Gas leak blast kills 4 in Israel )
**အစ္စရေး၌ ဓာတ်ငွေ့ပေါက်ကွဲမှုဖြစ်ပွား လေးဦးသေဆုံး ၊ ၅၅ ဦးဒဏ်ရာရရှိ**
(ဂျေရုဆလင်၊ ဇွန် ၁၇)
အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့မြောက်ပိုင်း နေတန်ယာအရပ်တွင် ဇွန် ၁၆ ရက်ညပိုင်းက ဓာတ်ငွေ့ပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားရာ လေးဦးသေဆုံးပြီး ၅၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း အစ္စရေးအရာရှိများက ဇွန် ၁၇ ရက်၌ ပြောကြားသည်။ အခင်းဖြစ်ပွားမှုမှာ နေတန်ယာအရပ်ရှိ လေးထပ်မြင့်သော အဆောက်အအုံ အပေါ်ဆုံးထပ်၌ ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်တစ်ဆိုင်တွင် ဓာတ်ငွေ့အိုး ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုသို့ ဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် ၄င်းလေးထပ်အဆောက်အအုံ ပျက်စီးသွားခဲ့သည်။ အဆောက်အအုံအတွင်း ပိတ်မိနေသောသူများအာ ကယ်ဆယ်ရေးအဖွဲ့များက ကရိန်းများ အသုံးပြုကာ ကယ်ထုတ်နိုင်ခဲ့ပြီး ဒဏ်ရာရရှိသူများအား ဆေးရုံသို့ တင်ပို့ပေးထားသည်။ ယခုဓာတ်ငွေ့ပေါက်ကွဲမှုမှာ အကြမ်းဖက်သမားများ၏ လက်ချက် သို့မဟုတ် မတော်တဆဖြစ်ရပ်ဆိုသည်ကို အစ္စရေးလုံးခြုံရေးအဖွဲ့များက စစ်ဆေးလျက်ရှိသည်။ (အင်တာနက်)
**ရုရှားအရှေ့ပိုင်း၌ မီးတောင်ပေါက်ကွဲမီးခိုးနှင့် ပြာမှုန်များ ဝေဟင်၌ ပျံလွင့်နေ**
(မော်စကို၊ ဇွန် ၁၇)
ရုရှားနိုင်ငံအရှေ့ပိုင်း ကမ်ချက်ကာကျွန်းဆွယ်ပေါ်ရှိ မီးတောင်တစ်လုံးမှာ ဇွန် ၁၇ ရက်က ပေါက်ကွဲမှုဖြစ်ပွားပြီး မီးခိုးနှင့် ပြာမှုန်များ ဝေဟင်အမြင့် ၁၀ ကီလိုမီတာအထိ ပျံ့လွင့် လျက်ရှိကြောင်း ရုရှားအရာရှိများက ပြောကြားသည်။ မီးတောင်ပေါက်ကွဲမှုကြောင့် အနီးဝန်းကျင်တွင်နေထိုင်ကြသော ဒေသခံများအား ရွှေ့ပြောင်းပေးထားရပြီး အရေးပေါ်သတိပေးချက်မီးတောင်ပြာမှုန်များနှင့် မီးခိုးများကြောင့် လေယာဉ်အင်ဂျင်များ ထိခိုက်နိုင်ကြောင်း သတိပေးထားသည်။ (အင်တာနက်)
**တရုတ်မြောက်ပိုင်း၌ ကျောက်မီးသွေးတွင်းပြိုကျခြောက်ဦး သေဆုံး၊ ရှစ်ဦး ဒဏ်ရာရရှိ**
(ပေကျင်းဇွန် ၁၇)
တရုတ်နိုင်ငံမြောက်ပိုင်း အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ကျောက်မီးသွေးမိုင်းတွင်း တစ်တွင်ပြိုကျမှုဖြစ်ပွားရာ မိုင်းလုပ်သား ခြောက်ဦး သေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း တရုတ်အရာရှိများက ဇွန် ၁၇ ရက်၌ ပြောကြားသည်။ ဖြစ်ပွားသည့် နေရာမှာ ၀ူစီဂီဒူးကျောက်မီးသွေးတွင်း၌ ဖြစ်ပြီး ဇွန် ၁၆ ရက်က ရုတ်တရက်ပြိုကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အတွင်း၌ ပိတ်မိနေသော မိုင်းလုပ်သား ၁၄ ဦးအား အချန်မီ ကယ်ထုတ်နိုင်ခဲ့သည်။ အဆိုပါ ကျောက်မီးသွေးတွင်းမျာ နော့သင်းယူနိုက်တက် ပါဝါကော်ပိုရေးရှင်းပိုင်ဖြစ်ပြီး မြေအောက်၌ ပြိုကျမှုဖြစ်ပွားခဲ့ခြင်းကို တာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက်ရှိသည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မောင်မောင်မြင့်ဆွေ

No comments:
Post a Comment