လွယ်အိတ် ဟု ဆိုလိုက်လျှင် ငယ်ငယ် ကျောင်းသားဘ၀က လွယ်ခဲ့သော ပြည်တွင်းဖြစ် လွယ်အိတ်ကလေးများကိုသာ မြင်ယောင်သွားပါမည်။
လွယ်အိတ်ကလေးသည် မြန်မာရနံ့ဖြင့် သင်းထုံနေသည်။ လွယ်အိတ်ကလေးသည် ထည့်စရာ ရိုးရိုးကလေး ဖြစ်သည်။ လှသည်။ ချစ်စရာဖြစ်သည်။ သို့သော် ခေတ်မဆန်ပါ။ မခန်းနားပါ။
လွယ်အိတ်ကလေးက ကျောကုန်းပေါ်မှာ ခွစီးပြီး မလိုက်ပါ ပါ။ လက်ဖျားကလေးမှာ လက်ဖျံပေါ်မှာ ပခုံးဖျားမှာ မခို့မရို့ တွယ်ချိတ်ကာ မလိုက်ပါ ပါ။ ပခုံးက ဖြစ်စေ စလွယ်သိုင်း အနေအထားဖြင့် ဖြစ်စေ ကိုယ့်ကိုယ်ခန္ဓာ နံဘေးမှ ထပ်တူကပ်ကာ ပိုင်ပိုင်နိုင်နိုင် လိုက်ပါလေ့ရှိသည်။
ကျောပိုးအိတ်တလုံးလို ဇစ်များ ခါးပတ်ကွင်းများ ဘေးအိတ် အတွင်းအိတ် အိတ်အပိုများ ဖြင့် လုပ်ငန်းစဉ် အစုံအလင် မပါဝင်ပါ။ ဇစ်လည်းမပါသလို သော့ခတ်မရသဖြင့် မလုံခြုံဟု ဆိုလိုက ဆိုနိုင်မည်။ အမျိုးသမီးသုံး စလင်းဘက်ကလေး တစ်လုံးလိုလည်း လှလှပပ နုနုရွရွ မဖြစ်ပါ။ ပွဲနေပွဲထိုင်အတွက် မသင့်လျော်ဟု ယူဆလေ့ရှိပါသည်။
လုံခြုံမှုသည် လွတ်လပ်မှု၏ အလျော်အစား ဖြစ်ခဲ့ပါသလား။ ခန်းနားမှုသည် လွတ်လပ်မှု၏ အပေးအယူ ဖြစ်ခဲ့ပါသလား။ ပန်းဆိုးတန်း အဟောင်းဆိုင်မှာ မွှေနှောက်ဝယ်ယူလိုက်သော စာအုပ်တစ်အုပ်ကို လွယ်အိတ်ကလေးထဲ အလွယ်တကူ ပေါ့ပေါ့ပါးပါး ပစ်ထည့်လိုက်စဉ် ပျော်ရွှင်ခဲ့ဖူးပါသည်။ လွယ်အိတ်ကလေးထဲ အသာထိုးထည့်ထားမိသော ထီးအသစ်တစ်ချောင်းကို ၄၅ ဘတ်စ်ကားပေါ်မှာ ခါးပိုက်နှိုက် ခံခဲ့ရဖူးစဉ် စိတ်ညစ်ခဲ့ဖူးပါသည်။ လွယ်အိတ်ကလေးတစ်လုံးကို လွယ်ကာ မင်္ဂလာအခန်းအနား ညစာစားပွဲတစ်ခုကို တက်ရောက်ခဲ့လျှင် ဘယ်လိုနေမလဲ။
ခေတ်ကာလ ပြောင်းသွားတော့ မြန်မာ ကျောင်းသားကလေးများသည် လွယ်အိတ်လွယ်လေ့ ရှိသေးရဲ့လား မသိပါ။ ထူထဲများပြားလာသော ကျောင်းစာအုပ်များကို ပိုအဆင်ပြေပြေ သယ်ပိုးနိုင်ရန် ကျောပိုးအိတ်သာ အသုံး ပိုတွင်ကျယ်လာနိုင်ပါသည်။ ကျေးလက်မှာတော့ ဈေးနှုန်းချိုသာသော ပြည်တွင်းဖြစ် လွယ်အိတ်ကလေးများကိုသာ အားထားရဦးမည် ထင်ပါသည်။ သည်လိုဆိုလျှင်တော့ လွယ်အိတ်ကလေးက ကျေးလက်စာသင်ခန်းတို့၏ သင်္ကေတ အဖြစ် ကျန်နေခဲ့ဦးမည်။
လွယ်အိတ်ကလေးက မြန်မာကဗျာဆရာ စာရေးဆရာတို့၏ သင်္ကေတလည်း ဖြစ်ခဲ့လေသည်။ သူတို့အတွက်တော့ အသက်အရွယ် မလို။ အချိန်ကာလ မလို။ နေရာဒေသ မလို။ လွယ်အိတ်ဖောင်းဖောင်းကြီး လွယ်ထားသော မုတ်ဆိတ်ကျိုးကျဲ ညှင်းသိုးသိုးနှင့် ဆရာများကို ဒါမှ ကဗျာဆရာ စာရေးဆရာ စတိုင်အစစ်ကွ ဟု သဘောတကျ ငေးမောခဲ့ဖူးသည်။
မသုံးဖြစ်တာ ကြာပြီဖြစ်သော လွယ်အိတ်ကလေးတစ်လုံးကို လှည့်ကြည့်မိစဉ် ကိုယ့်ကို သည်လို အမှတ်မထင် နှုတ်ခွန်းဆက်လိုက်ပါသည်။
“ပြောလေ.. သူငယ်ချင်း….”
ဒီအသုံးအနှုန်းကလေးက ကိုယ့်ကို တုန့်ခနဲ ဖြစ်သွားစေခဲ့သည်။ စာအုပ်ကလေးတွေ ထည့်ဖို့လောက်သာ ရည်ရွယ်ခဲ့သော သူငယ်ချင်း။ အဆီးအတားမရှိ ပိတ်နှောင်မှုမရှိ အလွယ်တကူ ထုတ်ယူနိုင် ပြန်ထည့်သွင်းနိုင်သော သူငယ်ချင်း။ ဘေးမှသာ အသာ လိုက်ပါခဲ့သော သူငယ်ချင်း။ သူ့ကို အသုံး မလိုအပ်ချိန်တွင် တိုင်မှာ ချိတ်ထားခဲ့သည်ကို ကိစ္စမရှိသော သူငယ်ချင်း။ သူငယ်ချင်းတစ်ဦးကို ခန်းနားကြီးကျယ်သော ရည်ရွယ်ချက်များဖြင့် ဘယ်တုန်းကမှ ဖွဲ့စည်းမထားခဲ့ပါ။
မိုးတွင်းမှာ ထီးမပါပဲ အပြင်ထွက်မိသည့် ကာလတွေ လူတိုင်း ကြုံဖူးပါမည်။ မိုးဖွဲဖွဲလေးတွေ ရွာလာတော့ အမိုးအကာရှိရာ အပြေးအလွှား လိုက်ရှာစဉ် လွယ်အိတ်ကလေးကို အမှတ်မထင် ခေါင်းပေါ်အုပ်မိုးကာ အကာအကွယ်ယူမိမည်။ မိုးတွေတအား သည်းလာပြန်တော့ လွယ်အိတ်ကလေးကို မစိုစေချင်လို့လား၊ အထဲမှာ ထည့်ထားသော စာအုပ်တွေကို ကာကွယ်လိုသည်လား သေသေချာချာ မစဉ်းစား မဝေခွဲမိစဉ်မှာပဲ ရင်ခွင်ထဲမှာ တင်းကျပ် ပိုက်ပွေ့ ထားမိဖူးမည်။
လွယ်အိတ်ကလေးတစ်လုံးကို တိုင်မှာ ချိတ်ထားခဲ့တာ ကြာပြီ။ သတိတရ ဖြုတ်ယူ ကြည့်လိုက်စဉ်တွင် လွတ်လပ်ခြင်း… ပေါ့ပါးခြင်း… ရိုးသားခြင်း… အဆောင်အယောင်ကင်းခြင်း… ကျောင်းသားဘ၀… ကဗျာ… စာအုပ်များ… အငွေ့အသက်လေးများ မျက်ဝန်းမှာ ပြန်လည်ခိုတွဲ ဝေ့၀ဲလာခဲ့သည်။
သာယာသော နေ့တစ်နေ့တွင် သူငယ်ချင်းကလေးကို ဘေးမှာလွယ်ကာ လွတ်လွတ်လပ်လပ် လမ်းလျှောက် ထွက်လိုက်ချင်ပါသေးသည်။
**ပန်ဒိုရာ**

No comments:
Post a Comment