**စင်ကာပူနိုင်ငံ၌ ရုံးအဆောက်အအုံ မီးလောင်မှုဖြစ်ပွား**
(စင်ကာပူ၊ သြဂုတ် ၁၁)
စင်ကာပူနိုင်ငံ စီးပွားရေးအချက်အချာကျသော ရိုဘင်ဆန်လမ်းမပေါ်ရှိ ရုံးအဆောက်အအုံတစ်ခုတွင် သြဂုတ် ၁၀ ရက်က မီးလောင်မှုဖြစ်ပွားရာ တစ်ဦးသေဆုံးခဲ့ကြောင်း စင်ကာပူမြို့ပြကာကွယ်ရေးတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။ မီးလောင်မှုဖြစ်ပွားသည့်ရုံးမှာ အက်ဖရိုအာရှအဆောက်အအုံရှိ ဥပဒေအကျိုးဆောင်လုပ်ငန်းရုံး၌ဖြစ်ပြီး သြဂုတ် ၁၀ ရက် နံနက် ၁၀ နာရီ၌ မီးစတင်လောက်ကျွမ်းခဲ့ခြင်းဖြစ်သည်။ မီးလောင်မှုအဖြစ်ပွားသည်နှင့် အချက်ပေးသံမြန်ချိန်တွင် အဆိုပါရုံးအဆောက်အအုံ၏ အရေးပေါ်တံခါးပေါက်သို့ ပြေးလွှားလာသူ တစ်ဥိးကိုတွေ့ရကြောင်း ယင်းအဆောက်အအုံမှ အလုပ်သမားတစ်ဦးက ပြောကြားသည်။ ထို့နောက်မီး သတ်ယာဉ်များနှင့် ကယ်ဆယ်ရေးအဖွဲ့ယာဉ်များရောက်ရှိလာပြီး မီးငြှိမ်းသတ်နိုင်ခဲ့သည်။ ၄င်းအဆောက်အအုံမှာ သက်တမ်းရင့်အဆောက်အအုံဖြစ်ကြောင်း သိရသည်။ (အင်တာနက်)
**နေဂြိုဟ်၌ ကြီးမားသည့်ပေါက်ကွဲမှုများဖြစ်ပွားနေမုန်တိုင်းများ ကမ္ဘာသို့ကျရောက်နိုင်**
(နယူးယေက်၊ သြဂုတ် ၁၁)
ပြီးခဲ့သည့်ရက်အနည်းငယ်က နေဂြိုလ်၌ ကြီးမားသောပေါက်ကွဲမှုသုံးကြိမ်ဖြစ်ပွားခဲ့သဖြင့် နေမုန်တိုင်းများ လာမည့်ရက်များတွင် ကမ္ဘာသို့ကျရောက်နိုင်ရာ ဂြိုလ်တုသုံးစွဲသူများ၊ ဆက်သွယ်ရေးစနစ်အသုံးပြုသူများနှင့် အီလက်ထရွန်နစ်ပစ္စည်းအစိတ်အပိုင်း အသုံးပြုများအား ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြရန်အမေရိကန်သိပ္ပံပညာရှင်များက သြဂုတ် ၁၀ ရက်၌ သတိပေးထားသည်။ “နေမုန်တိုင်းတွေဟာ မကြာမီကာလမှာ သေချာပေါက်ဖြစ်ပေါ်လာမှာဖြစ်ပြီး လက်ရှိကမ္ဘာမြေမှာတိုက်ခတ်နေတဲ့ အင်အားပြင်း
ထန်တဲ့မုန်းတိုင်းတွေရဲ့ တိုက်ခတ်နှုန်းအတိုင်းတိုက်ခတ်နိုင်ပါတယ်” ဟု အမေရိကန် အမျိုးသားသမုဒ္ဒရာနှင့် လေထုဆိုင်ရာအဖွဲ့မှ အာကာသိသိပ္ပံပညာရှင်တစ်ဦးဖြစ်သူ ဂျို့ကန်ချက်စ်က ပြောကြားသည်။ (အင်တာနက်)
**အလာစကာပြည်နယ်ရှိကလီဗီလန်မီးတောင် လှုပ်ရှားနေ**
(လော့စ်အိန်ဂျလိစ်၊ သြဂုတ် ၁၁)
အမေရိကန်နိုင်ငံ အလာစကာပြည်နယ်ရှိ ကလီဗီလန်မီးတောင်သည် သြဂုတ် ၁၀ ရက်မှ စတင်ကာလှုပ်ရှားလျက်ရှိကြောင်း ဂြိုလ်တုမှပေးပို့သော သတင်းဓာတ်ပုံအချက်အလက်များအရ အမေရိကန်အရာရှိများက သြဂုတ် ၁၁ ရက်၌ ပြောကြားသည်။ ကလီဗီဘန်မီးတောင်ထိပ်ဝမှ မီးခိုးမျာအနည်းငယ်ထွက်ရှိနေသော်လည်း လေယာဉ်ပျံသန်းမှုကိုထိခိုက်စေနိုင်သည့်အခြေအနေမျိုး မရောက်ရှိသေးကြောင်း၊ မီးတောင်လှုပ်ရှားမှုမှာလည်း ဖြည်းညင်းစွာလှုပ်နေခြင်းဖြစ်ကြောင်း ၄င်းတို့က ဆက်လက်ပြောကြားသည်။ မီးတောင်လှုပ်ရှားမှုအခြေအနေအရေ အန္တရာယ်သတိပေးမှုကို လိမ္မော်ရောင်အဆင့် သတ်မှတ်ထားပြီး စောင့်ကြည့်လျက်ရှိကြောင်း၊ လာမည့် ရက်အနည်းငယ်တွင် ပိုမိုလှုပ်ရှားလာဖွယ်ရှိကြောင်း ၄င်းတို့က ပြောကြားသည်။ (အင်တာနက်)
စုစည်းဘာသာပြန် - ဇော်ဦးခိုင်

No comments:
Post a Comment