(Korean Actress Han Ji Hye)
** ကိုရီးယားမင်းသမီး ဟန်ဂျီဟေး ရုပ်သံဇာတ်လမ်းတွဲသစ်တွင် ပါဝင်သရုပ်ဆောင် **
ကိုရီးယားမင်းသမီး ဟန်ဂျီဟေးသည် အက်စ်ဘီအက်စ်ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသမည့် ရုပ်သံဇာတ်လမ်းတွဲတစ်ခုတွင် ပါဝင်သရုပ်ဆောင်လျက်ရှိကြောင်း သူမ၏ အေဂျင်စီက ထုတ်ဖော်ပြောကြားသည်။

ဟန်ဂျီဟေး၏ အေဂျင်စီ WAYZ က သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားရာ၌ မင်းသမီးဟန်ဂျီဟေးသည် အက်စ်ဘီအက်စ်ရုပ်သံ လိုင်းမှ စက်တင်ဘာလတွင် ထုတ်လွှင့်ပြသမည့် Dangerous Gift အမည်ရှိ ရုပ်သံဇာတ်လမ်းတွဲတွင် ကင်ဟာယွန်းအဖြစ် အဓိကဇာတ်ဆောင်နေရာမှ ပါဝင်သရုပ်ဆောင်ထားသည်ဟု ဆိုသည်။ (အင်တာနက်)

** ဖလားလေးလုံး တစ်ပြိုင်တည်းရလျှင်ချဲလ်ဆီးနည်းပြသစ် ဗီလာဘို့စ် အနားယူတော့မည် **
(လန်ဒန်၊ သြဂုတ်လ ၁၄ ရက်)
ချဲလ်ဆီးနည်းပြသစ် အင်ဒရီဗီလာဘို့စ်က မိမိအနေဖြင့် အသက် ၃၄ နှစ်ပြည့်သည့်အချိန်တွင် ချန်ပီယံဆုဖလား လေးလုံးတစ်ပြိုင်တည်းဆွတ်ခူးရရှိပါက ဘောလုံးလောကမှ အနားယူသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ အသက် ၃၃ နှစ်ရှိ ဗီလာဘို့စ်သည် ယခုနှစ် ၂၀၁၁-၂၀၁၂ ဘောလုံးရာသီပိတ်သိမ်းချိန်တွင် အသက် ၃၄ နှစ်ပြည့်မည်ဖြစ်သည်။ ၄င်းသည် အသင်းသစ်ချဲလ်ဆီးနှင့်အတူ ပွဲဦးထွက်ရာသီတွင်ပင် ချန်ပီယံလိဂ်ဖလား၊ ပရီးမီးယားလိဂ်ဖလား၊ အက်ဖ်အေဖလားနှင့် ကားလင်းဖလားတို့ကို တစ်ပြိုင်တည်းရယူလိုသည်။ သို့သော် ရာသီသစ်အတွက် ပြင်ဆင်မှုအားနည်းနေသည့် ချဲလ်ဆီးအတွက် ဖလားလေးလုံးတစ်ပြိုင်တည်း ဆွတ်ခူးနိုင်ရန်မှာ အလွန်ပင် ခက်ခဲလိမ့်မည်ဖြစ်သည်။ (အင်တာနက်)
**ယူ -၂၀ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲများ ယှဉ်ပြိုင် ပေါ်တူဂီနှင့် မက္ကဆီကို အကြိုဗိုလ်လုပွဲတက်ပြီ **
(ဘိုဂိုတာ၊ သြဂုတ်လ ၁၄ ရက်)
အသက် ၂၀ အောက် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ (ယူ-၂၀) ကွာတားဖိုင်နယ်ပွဲများကို ကိုလံဘီယာနိုင်ငံ၌ သြဂုတ်လ ၁၄ ရက်နေ့က ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ အိမ်ရှင်ကိုလံဘီယာနှင့် မက္ကဆီကိုတို့ပွဲတွင် မက္ကဆီကိုအသင်းက သုံးဂိုး- တစ်ဂိုးဖြင့် အနိုင်ရရှိပြီး အကြိုဗိုလ်လုပွဲသို့ တက်ရောက်သွားပြီဖြစ်သည်။ အိမ်ရှင် ကိုလံဘီယာအသင်းသည် အကြိုဗိုလ်လုပွဲတက်ရောက်နိုင်ရေးအတွက် ပွဲအစမှာပင် တိုက်စစ်ဖွင့်ကစားခဲ့သည်။ သို့သော် မက္ကဆီကိုအသင်းက တစ်ဦးချင်းဘောလုံးကျွမ်းကျင်မှုနှင့် အပေးအယူမှန်ကန်မှုတို့ကြောင့် ၃၈ မိနစ်၌ တောရက်စ်က ပယ်နယ်တီဖြင့် စတင်ဂိုးသွင်းယူနိုင်ခဲ့သည်။ အိမ်ရှင်ကိုလံဘီယာအသင်း ချေပဂိုးရရှိရေး ကြိုးစားခဲ့ရာ ဒုတိယပိုင်း ပွဲချိန် ၆၄ မိနစ်၌ မက္ကဆီကို ဂိုးဧရိယာအစပ်မှ အမှတ်မထင် ကန်သွင်းယူသည့် ဘောလုံးမှာ မက္ကဆီကို ဂိုးသမားဖမ်းမိသော်လည်း လွတ်ထွက်ပြီး ပေါင်အောက်မှ ဂိုးဝင်သွားခဲ့သဖြင့် တစ်ဂိုးစီးသရေပွဲဖြစ်နေသည်။ ထို့နောက် မက္ကဆီကိုအသင်းမှ ရီဗီရာက နှစ်ဂိုးဆက်တိုက်သွင်းယူနိုင်ခဲ့သဖြင့် သုံးဂိုး- တစ်ဂိုးဖြင့် အနိုင်ရရှိပြီး မက္ကဆီကိုတို့ အကြိုဗိုလ်လုပွဲ တက်ရောက်သွားပြီဖြစ်သည်။ (အင်တာနက်)
** ရာသီအဖွင့်ပွဲစဉ်၌ မန်ယူတို့ အပြုံးဆင် ခဲ့။ ချဲလ်ဆီးတို့ သရေပွဲဖြင့် ကျေနပ်ခဲ့ရ **
(လန်ဒန်၊ သြဂုတ်လ ၁၄ ရက်)
ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်များကို သြဂုတ်လ ၁၄ ရက်နေ့က ဆက်လက်ယှဉ်ပြိုင်ကစားရာ ၀က်စ်ဘရွန်နှင့် မန်ယူတို့ပွဲတွင် မန်ယူက နှစ်ဂိုး- တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ရာ မန်ယူတို့ ရာသီအဖွင့်၌ အပြုံးဆင့်ခဲ့သော်လည်း စတုတ်နှင့် ချဲလ်ဆီးတို့ပွဲတွင် ဂိုးမရှိသရေဖြစ်ပြီး ချဲလ်ဆီးတို့ တစ်မှတ်ဖြင့်သာ ကျေနပ်ခဲ့သည်။ ပီးရီးမီးယားလိဂ် လက်ရှိချန်ပီယံမန်ယူသည် အဖွင့်ပွဲစဉ်၌ သုံးမှတ်အပြည့်ရရှိရေး ကြိုးစားခဲ့ရာ ပွဲချိန် ၁၃ မိနစ်၌ပင် ဂိုးဧရိယာအတွင်းမှ ရွန်းနေ ဘယ်ခြေဖြင့် အပိုင်ကန်သွင်းယူခဲ့သဖြင့် အဖွင့်ဂိုးရရှိခဲ့သည်။ သို့သော် အိမ်ရှင် ၀က်စ်ဘရွန်းတို့က ၃၈ မိနစ်၌ တိုက်စစ်မှူးလွန်းက ချေပဂိုးသွင်းယူခဲ့သဖြင့် ပထမပိုင်း၌ တစ်ဂိုးစီ သရေပွဲဖြစ်နေခဲ့သည်။ ပွဲချိန် ၈၀ နိနစ်၌ ဘယ်ခြမ်းမှ အက်ရှ်လေယမ်း တစ်ဦးတည်းဆွဲယူလာပြီး ကန်သွင်းယူခဲ့သဖြင့် မန်ယူတို့ ဒုတိယဂိုးရရှိကာ နှစ်ဂိုး တစ်ဂိုးဖြင့် နိုင်ပွဲရကာ သုံးမှတ်အပြည့်ရရှိခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)
** တိဗက်ဇ်နှင့် နာဆရီကို အလဲအထပ်ပြုလုပ်နိုင်ကြောင်း အာစင်ဝင်းဂါး ထုတ်ဖော်ပြောကြား **
(လန်ဒန်၊ သြဂုတ်လ ၁၄ ရက်)
အာဆင်နယ်အသင်း နည်းပြ အာစင်ဝင်းဂါးက မန်စီးတီးအသင်းအနေဖြင့် နာဆရီကို အလိုရှိကတီဗက်ဇ်နှင့် အလဲအထပ်ပြုလုပ်နိုင်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ မန်စီးတီးအနေဖြင့် နာဆရီကို ခေါ်ယူရေးကြိုးပမ်းမှုမှာ အောင်မြင်ရန် အလွန်နီးစပ်နေသည့် အနေအထားသို့ ရောက်ရှိလာချိန်တွင် အာစင်ဝင်းဂါးက ယခုကဲ့သို့ ပြောကြားလာခြင်းဖြစ်သည်။ သို့သော် မိမိကစားသမား နာဆရီ၏ တန်ကြေးမှာ ပေါင် ၂၅ သန်းဝန်းကျင်နှင့် တစ်ပတ်လုပ်ခ ပေါင် တစ်သိန်း ရှစ်သောင်းခန့်သာ ရှိမည်ဖြစ်သော်လည်း မန်စီးတီးတိုက်စစ်မှူး တိဗက်ဇ်၏ တန်ကြေးမှာ ပေါင် သန်း ၅၀ ၀န်းကျင်နှင့် တစ်ပတ်လုပ်ခပေါင်း နှစ်သိန်းခန့် ရှိနေသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- မောင်မောင်မြင့်ဆွေ **

No comments:
Post a Comment