**နယူးယောက်မြို့၌ မိုးသည်းထန်ပြီးရေလွှမ်း ၁၁၆ နှစ်အတွင်း အဆိုးရွားဆုံးဖြစ်**
(နယူးယောက်၊ သြဂုတ် ၁၆)
အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ သြဂုတ် ၁၅ ရက်က မိုးသည်းထန်စွာရွာသွန်းသဖြင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ ကားလမ်းနှင့်ရထားလမ်းများ ရေလွှမ်းမှုများဖြစ်ပေါ်ခဲ့ပြီး ကားများရေနစ်မြုပ်ခဲ့ရကြောင်း နယူးယေက်မြို့အာဏာပိုင်များက သြဂုတ် ၁၆ ရက်၌ ပြောကြားသည်။ နယူးယောက်မြို့တွင် တစ်ရက်တည်းဖြင့် မိုးရေချိန် ၈ လက်မခန့်အထိ ရွာသွန်းခဲ့ရာ နှစ်ပေါင်း ၁၁၆ နှစ်အတွင်း အမြင့်ဆုံးမှတ်တမ်းတင် စံချိန်ပင်ဖြစ်ကြောင်း အမေရိကန်အမျိုးသား ရာသီဥတုရေးရာဌာနမှ သတင်းထုတ်ပြန်သည်။ ကနေ့ဒီလေဆိပ်မြို့၌လည်း သြဂုတ် ၁ ၅ ရက် ည ၉ နာရီခန့်ကမိုးရေချိန် ၇ ဒသမ ၇ လက်မအထိရွာသွန်းခဲ့သည်။ (အင်တာနက်)

**ပင်လယ်ရေကြောင်းဆိုင်ရာ ဂြိုဟ်တုတရုတ်အောင်မြင်စွာလွှတ်တင်**
(တေယန်၊သြဂုတ် ၁၆)
တရုတ်နိုင်ငံက ပင်လယ်ရေကြောင်းဆိုင်ရာုစူးစမ်းလေ့လာရေးဂြိုလ်တုတစ်လုံးကို သြဂုတ် ၁၆ ရက်ပေကျင်းစံတော်ချိန် နံနက် ၆ နာရီ ၅၇ မိနစ်၌ အောင်မြင်စွာ လွှတ်တင်လိုက်ကြောင်း တရုတ်အရာရှိများက ပြောကြားသည်။ အဆိုပါဂြိုဟ်တုကို တရုတ်နိုင်ငံမြောက်ပိုင်း ရှန်စီပြည်နယ် တေယန်မြို့အနီးတေယန်ဂြိုဟ်တုလွတ်တင်ရေးစခန်းမှ လွှတ်တင်လိုက်ခြင်းဖြစ်ပြီး လောင်းမယ်ခ်ျ - ၄ ဘီဒုံးပျံဖြင့် ကမ္ဘာပတ်လမ်းအတွင်းသို့ သယ်ဆောင်သွားခြင်းဖြစ်သည်။ (အင်တာနက်)
**ကွမ်တက်(စ်) လေကြောင်းလိုင်းသစ်နှစ်လိုင်း ဖွင့်မည်**
သြစတြေးလျလေကြောင်း ကုမ္ပဏီတစ်ခုဖြစ်သော ကွမ်တက်(စ်) နိုင်ငံတကာလေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း တိုးချဲ့သည့်အနေဖြင့် အာရှတွင် လေကြောင်း လိုင်းသစ်နှစ်ခု ထပ်မံဖွင့်လှစ်ပြေးဆွဲရန် ပြင်ဆင်နေပြီဖြစ်ကြောင်း သြဂုတ် ၁၆ ရက်တွင် ၄င်းကုမ္ပဏီက ပြောကြားသည်။ အာရှတစ်ခွင် ခရီးသွားလုပ်ငန်းများတိုးတက်လာသည်နှင့်အမျှ လေယာဉ်သစ်များဝယ်ယူပြီး လေကြောင်းလိုင်းသစ်နှင့်လိုင်းကိုလည်း မကြာမီဖွင့်လှစ်ရန် စီစဉ်ထားကြောင်း ကွမ်တက်(စ်)လေကြောင်းလိုင်း အမှုဆောင်အရာရှိ အလန်ဂျိုဆေးက ပြောကြားသည်။ (အင်တာနက်)
**ဟူနန်ပြည်နယ်၌ ပေါက်ကွဲမှုဖြစ်ပွား**
တရုတ်နိုင်ငံ ဟူနန်ပြည်နယ်ကျေးလက်ဒေသ၌ သြဂုတ် ၁၅ ရက်က ပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားခဲ့ရာ သုံးဦးသေဆုံးပြီး အခြားကိုးဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ အစိုးရတာဝန်ရှိသူတစ်ဦးက သြဂုတ် ၁၆ ရက် ညနေ ၄ နာရီက ဟွိုင်ဟွာမြို့နယ်ချန်စီဒေသ ကျင်ဂျားအော်ကျေးရွာ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသဆိုင်ရာ အစိုးထုတ်ပြန်ကြေညာချက်၌ ဖော်ပြသည်။ ယင်းပေါက်ကွဲမှုဖြစ်ပွားရာ နေအိမ်မှ စီဘိုင်းယူဟု ခေါ်သည့် အမျိုးသားတစ်ဦး ပိုင်ဆိုင်သည့် အိမ်ဖြစ်ပြီး ငါးဖမ်းလုပ်ငန်းသုံး ဖောက်ခွဲရေးပစ္စည်းများမှတစ်ဆင့် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ (အမ်အင်န်အေ၊ ဆင်ဟွာ)
**ဆိုလာစွမ်းအင်သုံးရေယာဉ် ဟောင်ကောင်သို့ ဆိုက်ရောက်**
(ဟောင်ကောင်၊ သြဂုတ် ၁၆)
ကမ္ဘာ့အကြီးဆုံး နေစွမ်းအင်သုံးရေယာဉ်သည် သြဂုတ် ၁၅ ရက်က တရုတ်နိုင်ငံတောင်ပိုင်း ဟောင်ကောင်သို့ ဆိုက်ရောက်လာခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ အဆိုပါ နေစွမ်းအင်သုံးရေယာဉ်ကို MS Turanor Planetsolar ဟုအမည်ပေးထားပြီး ၂၀၁၁ ခုနှစ် စက်တင်ဘာလက နေစွမ်းအင်ဖြင့် ကမ္ဘာတစ်ပတ် လှည့်လည်ရန် မိုနာကိုနိုင်ငံမှ စတင်ထွက်ခွာလာခဲ့ခြင်းဖြစ်သည်။ ယင်းနေစွမ်းအင်သုံး ရေယာသ်သည် အရှည် ၃၁ မီတာရှိပြီး စတုရန်းမီတာ ၅၀၀ ကျယ်ဝန်းသည့် ဆိုလာပြားများတပ်ဆင်ထားသည်။ ၄င်းရေယာဉ်သည် တစ်နာရီလျှင် ၂၅ မီလိုမီတာနှုန်း ခုတ်မောင်းနိုင်ကြောင်း သိရသည်။ “ဆိုလာစွမ်းအင်ကို သင်္ဘောကြီးတွေမှာသုံးဖို့ အလားအလာများစွာရှိပါတယ်” ဟု ဆိုလာစွမ်းအင်ရေယာဉ်မီမံကိန်းထူထောင်သူ ရာဖေးလ်ဒွန်ဂျန်က ပြောကြားသည်။ (အမ်အင်န်အေ၊ ဆင်ဟွာ)
စုစည်းဘာသာပြန် - ကောင်းမြတ်သူ၊ မိုးမြင့်လင်းလက်

No comments:
Post a Comment