ဥပေက္ခာ- ဆိုတဲ့ ပါဠိစာလုံးကို မြန်မာပြန်တော့ လျစ်လျူရှုခြင်းတဲ့. ဘာကို ဘယ်လိုလျစ်လျူ ရှုရမှာလဲ ဆိုတာ မရှင်းပါဘူး၊ လျစ်လျူရှု-ဆိုတဲ့ မြန်မာစကားကို မြန်မာတစ်ယောက်ဖြစ်တဲ့ မိမိကိုယ်တိုင် နားမလည်ဘူး၊
မြန်မာ့လူ့ဘောင်ရဲ့ နေ့စဉ်သုံးစကားမှာလဲ ဥပေက္ခာပြုထားလိုက်ပါ..ဆိုတဲ့ စကားကို အသုံးပြုကြတယ်၊ တစ်ယောက်ယောက်ကို မပြောချင် မဆိုချင် မကြည့်ချင်တော့တဲ့အခါမှာ ဥပေက္ခာဆိုတဲ့ စကားလုံးကို အသုံးပြုကြတယ်။
အရေးအကြောင်းပေါ်လာလို့ မဖြေရှင်းချင်တဲ့အခါ မဖြေရှင်းနိုင်တဲ့အခါမှာလဲ ဥပေက္ခာပြုထားလိုက်ပါကွာ-တဲ့။
ဒါဆိုရင် မိဘတွေရဲ့ သားသမီးပေါ်ထားတဲ့ ဥပေက္ခာဆိုတာ… မပြောချင် မဆိုချင်တော့လို ပစ်ထားလိုက်တဲ့ သဘောလား၊ သားသမီးတွေ ကိုယ်တိုင်က ကိုယ့်လမ်းကိုယ်လျှောက်နိုင်တာကို ယုံကြည်လို့ ယုံကြည်မှုပေးအပ်ခြင်းလား..
စာပေမှာပြောတဲ့ ဥပေက္ခာရဲ့ သဘောထားကတော့ လေးနက်တယ်၊ ဈာန်အဆင့်လို့ သတ်မှတ်တယ်။ ဈာန်အဆင့်မှာတောင် ပဉ္စမဈာန်အဆင့် ပါတဲ့။ ဥပေက္ခာဆိုတာကို အဘိဓမ္မာသဘောအရ တရားကိုယ်ကောက်ရင် တတြမဇ္ဈတ္တတာ စေတသိက်ကို ကောက်ရတယ်၊ တရားသုံးခုတို့ရဲ့အလယ်မှာ ဖြစ်နေတဲ့ သဘောလို့ ဆိုရမယ်၊
ဘယ်တရားသုံးမျိုးလဲဆိုတော့ မေတ္တာ ကရုဏာ မုဒိတာ တရားသုံးမျိုးပေါ်မှာ ဘယ်ဖက်မှ အစွန်းမထွက်ဘဲ ထားနိုင်တဲ့သဘောကို ဥပေက္ခာလို့ ဆိုတယ်။
မေတ္တာ ကရုဏာ မုဒိတာ တရားသုံးခုအပေါ်မှာ ညီညီမျှမျှ ထားနိုင်မှ ဥပေက္ခာလို့ ခေါ်နိုင်မယ်၊တကယ့်ကို အဆင့်မြင့်တဲ့ စိတ်ပါ၊ လူဆိုတာ တစ်ခုခုပေါ်မှာ အစွန်းလေးတော့ ထွက်နေတတ်တယ်၊ ဒါဟာ လူ့သဘာဝ၊
မလွယ်ကူတဲ့ အဆင့်မြင့်စိတ်ဓာတ်မို့ ဥပေက္ခာဆိုတာ အဆင့်မြင့်ဆုံး ဈာန်စိတ်မှ ဖြစ်ခွင့်ရတာ မဟုတ်လား။
တစ်ယောက်ယောက်ကို ရက်ရက်စက်စက် စွန့်ခွာထားခဲ့တာဟာ ဥပေက္ခာ မဟုတ်ဘူး၊ ပြဿနာတစ်ခုကို မဖြေရှင်းဘဲ အေးအေးဆေးဆေး နေလိုက်တာ ဥပေက္ခာမဟုတ်ဘူး၊ (တာဝန်ယူလိုတဲ့စိတ်နဲ့ ဥပေက္ခာသဘောတရား နှစ်ခုရဲ့ ခြားနားချက်ကို သတိထားသင့်လှတယ်။)
ဥပေက္ခာဆိုတာ မတရားလုပ်တာကို လက်မခံသလို မသိလို့ ဖြစ်သွားတာပါ ဆိုတဲ့ သဘောတရားကိုလဲ မညွှန်းဆိုဘူး၊ အရာရာပေါက်ကွဲနေတဲ့ သဘောတရားကိုလဲ လက်မခံဘူး၊ မြင့်မြတ်တဲ့ အဆင့်မြင့်တဲ့ မေတ္တာ၊ ဒုက္ခရောက်နေသူကိုမြင်ရင် တကယ့်ကို နှလုံးသားနဲ့ရင်းပြီး ခံစားကူညီပေးတတ်တဲ့ ကရုဏာ၊သဘောထားကြီးကြီးနဲ့ နားလည်ခံစားပေးတတ်တဲ့ မုဒိတာ၊ ဒီတရားသုံးခုရဲ့အပေါ်မှာ ညီညီမျှမျှ စိတ်ထားနိုင်မှ အကောင်းဆုံး ဥပေက္ခာပြုခြင်းလို့ ဆိုရပါမယ်၊
ဥပေက္ခာနှလုံးသားဖြင့် လောကအတွက် မိမိအတွက် စနစ်တကျ အသုံးပြုနိုင်ပါစေ…ဟု။ ။
http://www.yawcommunity.com/2010/02/blog-post_19.html
**Aung Kyaw Moe**
__._,_.___

No comments:
Post a Comment