(Student Mr Bean)
..............................................
သင်ခန်းစာ အသစ်တစ်ခု သင်ကြားရန် စာသင်ခန်းသို့ဝင်မည်ပြင်တိုင်း ကျွန်တော့်ခေါင်းထဲမှာ မေးခွန်းငယ်လေးတွေ ပလုံစီထနေတတ်သည်။ ကျွန်တော်က တစ်ခွန်းမေးတိုင်း သူတို့တွေက ညီညာဖြဖြ တက်ကြွရွှင်ပြစွာ ပြန်လည်ဖြေဆိုကြမည်။ မေးရင်း၊ ပြန်ဖြေရင်း....ချဲ့ထွင်ရှင်းလင်းရင်းဖြင့် သင်ခန်းစာအသစ်ကို သူတို့တတွေနှင့် မိတ်ဆက်ရင်းနှီးပြီးသား ဖြစ်စေရမည်။
ဝှိုက်ဘုတ်မှာ ရေးခြစ်ရှင်းလင်း၊သင်ပြနေချိန်မှာတောင် ကျွန်တော် ..သူတို့တတွေကို ကျောခိုင်းမနေခဲ့ပေ။ စာတစ်ကြောင်း ရေးမည်ပြင်တိုင်း နောက်လှည့်ကာ သဘောဆန္ဒခံယူသလို မေးမြန်းမပျက်။ ဆွေးနွေးမြဲလျှက်....။
ထိုကဲ့သို့သော အချိန်မျိုးမှာ ခေါင်းကြီးအောက်ငုံ့ကာ တကုတ်ကုတ်အလုပ်ရှုပ်နေတတ်လျှင် သီးခံမည်မဟုတ်ပါ။ စာသင်ခန်း အပြင်ဘက်ဆီငေးမျှော်ကာ စိတ်ရွက်လှေ လေမှလွင့်နေသော ကျောင်းသား မရှိစေရ။ အချင်းချင်း အချက်ပြလျှက် တိတ်တခိုး ရယ်ပွဲဖွဲ့နေတတ်သူများကြပ်ကြပ်သတိထားကြ...။
သံပြိုင်ညီညီ မောင်းကုန်တင်၊ အော်ဟစ်နေသူ ကျောင်းသားများကြားမှာ နှုတ်ဆိတ်ငြိမ်ငေး နေသူတွေ့လျှင်...
``မင်းတို့တစ်ဆွေမျိုးလုံးအကြောင်း ရာဇ၀င်အူပေါက်လျှောက်လိုက်မေးမှာစိုးလို့ အိမ်က နှုတ်ပိတ်လွှတ်လိုက်သလား´´
ဖြစ်ကတတ်ဆန်း၊ ညစ်ပတ်ပေရေ လက်ရေးများတွေ့လျှင်...
``လက်ရေးက ဆိုးလိုက်တာကွာ။ ရုပ်နဲ့လိုက်အောင် ရေးထားတာလား။ ဟုတ်လား..။ ဒါပေမယ့် မင်းလက်ရေးက မင်းသောက်ကျင့်ကို ဖေါ်ပြနေတယ်ကွ။ ကြုံသလို၊ ဖြစ်သလို၊ ဖရိုဖရဲ...´´
နှုတ်တစ်လှည့်၊ တုတ်တစ်လှည့်ဆူဆဲမွှေနှောက်နေသည့်ကြားကပင် သင်းတို့တတွေက အပြုံးမပျက်ကြသောအခါ ကိုယ့်မှာသာ ဝေဒနာတိုးရလေသည်။
စာသင်ခန်းထဲမှာ ဆူပူမြည်တွန်ကာ ပြန်ထွက်လာရတိုင်း သင်းတို့၏ မျက်နှာငယ်တွေက တရစ်ဝဲ၀ဲ။ ပြစ်မှုနှင့်ပြစ်ဒဏ် မျှတခဲ့ရဲ့လား..ဟုလည်း ကိုယ့်ကိုယ် မေးနေမိပြန်တာ အခါခါ။ အတွေးမေးခွန်း တို့ က ဦးခေါင်းကို အကြိမ်ကြိမ် ထုနှက်နေသလိုထင်သည်။ နားထင်နှစ်ဘက်ဆီမှာတဒိတ်ဒိတ်သွေးတိုးခုန်စ ပြုပြီ။
ကလေးတွေကို မဆူချင်၊မရိုက်ချင်တော့ဘူး။

(Student Mr Bean)
ဒါပေမယ့် အဲလိုမှ မလုပ်လျှင် ဆယ်တန်းကျောင်းသား သင်းတို့တတွေက အတင့်ရဲ လာကြတော့မှာ...။ ဘာသာရပ်အပေါ်မှာ လေးနက်မှုတွေ လျော့ရဲလာကြတော့မှာ။ နောက်ဆုံးတော့ တစ်နှစ်လုံး အားခဲလာခဲ့ရသမျှ ခြေချော်၊လက်ချော်ဆိုတဲ့ စကားတစ်ခွန်းနဲ့ပဲ သဲထဲရေသွန် ဖြစ်သွားတော့မှာလေ...။
အင်း.....
မနေ့ညနေကတင် ဆူဆဲခဲ့ရသေးသော ကျောင်းသားသုံးယောက် မ၀ံ့တ၀ံ့ အပြုံးရိပ်ရိပ်ဖြင့် အနားကပ်လာကြသည်။ မေးတစ်ချက်ဆတ်ပြလျှင် ကိုယ့်ကိုရို့ကိုင်းကာ....
``ဟို...ဒီညနေ ဆရာကန်တော့ပွဲ လုပ်ကြမလို့ဆရာ။ အဲဒါ ဆရာ့ကို လာဖိတ်တာပါ...´´
လွန်ခဲ့သော သုံးလေးရက်ခန့်ကကတည်းက သင်းတို့တတွေ တိုးတိုးကျိတ်ကျိတ် တွတ်ထိုးနေခဲ့ကြတာ ရိပ်မိနေခဲ့သားပင်။ ဒါပေမယ့် ယခုကိစ္စနှင့် ဆက်စပ်မစဉ်းစားမိခဲ့။ ခုမှ... ရုတ်တရက်ကြီး....
ညနေ...ဆရာ ကန်တော့ပွဲတက်ရန် တိုက်ပုံမလိုပါ။
ဒါပေမယ့်...မျက်နှာဖုံးတစ်ခုလောက် လိုချင်သည်။ ။
**သတိုး**

No comments:
Post a Comment