မိသားစုပိုင် ယာမြေတစ်ခုကို ညီအစ်ကိုနှစ်ယောက် အတူတကွ လုပ်ကိုင်ကြသည်။ တစ်ယောက်က အိမ်ထောင်သည်။ သူ့မိသားစုက ကြီးသည်။ နောက်တစ်ယောက်က လူပျိုလူလွတ်။
တစ်နေကုန် အလုပ်လုပ်ပြီးလျှင် လယ်ယာထွက်သီးနှံများနှင့် ရောင်းချရသည့် အမြတ်အစွန်းများကို ညီအစ်ကိုနှစ်ယောက် ညီတူညီမျှ ခွဲဝေယူကြသည်။
တစ်နေ့မှာတော့ တစ်ကိုယ်တည်းသမားက စဥ်းစားသည်။ " လယ်ယာထွက်သီးနှံတွေ အကျိုးအမြတ်တွေ ကို ညီတူညီမျှ ခွဲဝေနေတာ မသင့်ဘူး၊ ငါက တစ်ယောက်တည်းသမား ၊ ငါ့လိုအပ်ချက်က နည်းနည်းလေး" သည်လိုတွေးကာ ညစဉ်ညတိုင်း သူ့စပါးကျီမှ စပါးတစ်အိတ်စီထမ်းကာ ကွင်းပြင်ကို တိတ်တဆိတ်ဖြတ်သန်းပြီး သူ့အစ်ကိုအိမ်က စပါးကျီထဲ သွားထည့်သည်။
သည်အတွင်း အိမ်ထောင်ရှင် အစ်ကိုကြီးကလည်း စဉ်းစားသည်။ " သီးနှံတွေ၊ ၀င်ငွေတွေကို ညီတူညီမျှဝေယူနေကြတာ မမှန်ဘူး၊ ငါက အိမ်ထောင်သည် ၊ ငါ့မှာ အသက်ကြီးတဲ့အချိန်ပြုစုစောင့်ရှောက်ဖို့ မိန်းမရှိတယ်။ သားထောက်သမီးခံ ရှိတယ်၊ ငါ့ညီမှာက တစ်ယောက်တည်း၊ မမာရေး မကျန်းရေး ဆိုရင်စောင့်ရှောက်မယ့်သူမရှိဘူး" သူ၍ တွေးကာ ညတိုင်း စ ပါးတစ်အိတ်စီ ထမ်းပြီး သူ့ညီစပါးကျီထဲ သွားထည့်သည်။
သည်လိုနှင့် နှစ်ချီ၍ ကြာလာလေသည်။ ကိုယ့်ကျီထဲက စပါးတွေ ညစဉ်ထုတ်ယူနေပါလျက် လျော့နည်းသွားခြင်း မရှိသည်ကို နှစ်ယောက်လုံးပင် စဉ်းစား မရဖြစ်နေကြသည်။
သို့သော် မှောင်မည်းမည်း ညတစ်ည၌ ညီအစ်ကိုနှစ်ယောက် ၀င်တိုက်မိကြသည်။ သည်တော့မှပင် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ဖြစ်ပျက်ပုံအလုံးစုံကို နှစ်ဦးသား သိမြင်သွားကြသည်။
စပါးအိတ်တွေ ပစ်ချကာ ညီအစ်ကိုတွေ တစ်ဦးကိုတစ်ဦး တင်းတင်းဖတ်ထားလိုက်မိကြလေသည်။

[ မူရင်း။ ။ More Sower's Seeds စာအုပ်မှအမည်မသိစာရေးသူ၏ Two Brothers ]
ဖေမြင့်၏
နှလုံးသား အာဟာရ စာအုပ်မှ
နောက်ထပ် ခေါင်းစဉ်များကို လည်း ဆက်လက် ရေးသား ဖော်ပြပေးသွားပါအုံးမယ်ခင်ဗျာ..
Posted by ဇော်သိင်္ခ

No comments:
Post a Comment