**အဿဃောသ ၏ ဗုဒ္ဓစရိတ နှင့် အ၀ဒါန စာပေများ ထွန်းကားလာခြင်း**
မဟာယာနဗုဒ္ဓဘာသာ စတင် မြစ်ဖျားခံပေါ်ပေါက်ရာသည် အရင်းအမြစ်အားဖြင့် အထက်တွင် ဖေါ်ပြခဲ့ပြီးသော ဗုဒ္ဓ၀င်စာပေများ ဖြစ်ကြသည့် မဟာဝတ္တု နှင့် လလိတာဝတ္တာရ ကျမ်းများ ဖြစ်သော်လည်း ဤကျမ်းများတွင် ဗုဒ္ဓ၏ ဘ၀ဖြစ်စဉ်သည် အစီအစဉ်တကျမရှိသေးပဲ ရှုပ်ထွေးမှုများရှိနေသေးသည်။ ဗုဒ္ဓ၏ ဘ၀ဖြစ်စဉ် ကို သပ်ရပ်တိကျစွာ ကဗျာဥာဏ်ကွန့်မြူး၍ ရေးသားစီကုံး ခဲ့သည်မှာ ဗုဒ္ဓစရိတ ကျမ်းပြုဆရာ အဿဃောသ ပင်ဖြစ်၏။
ဗုဒ္ဓစရိတ ကျမ်းပြုဆရာ အဿဃောသ သည်ကား သက္ကဋစာပေ၏ အပြောင်မြောက် အထူးချွန်ဆုံးသော ကဗျာက၀ိများ
အနက် ပါဝင်ကြောင်း စာပေပညာရှင်များ သဘောတူသတ်မှတ်ကြ၏။ ရှေးဟောင်း အိန္ဒိယနိုင်ငံ ၏ နေမင်းကြီးလေးဆူ (ကဗျာက၀ိအဿဃောသ၊ ဗုဒ္ဓဒဿနိကပညာရှင် နာဂဇ္ဇုန၊ သက္ကဋသဒ္ဒါပညာရှင်ပါဏိနီ နှင့် ယောဂသုတ္တကျမ်းပြုဆရာ ပတဉ္ဇလီ ) အနက် ထည့်သွင်းရေတွက်ခံရသူလည်းဖြစ်ပါ၏။ ရှေးဟောင်းသက္ကဋစာပေ၀ိဒူဖြစ်သော ကာလီဒါသ ဆရာကြီး အများဆုံး ကိုးကားရည်ညွန်းရသူ လည်းဖြစ်၏။
တိဗက်စာပေမှတ်တမ်းများ အရ အဿဃောသ သည် အေဒီ (၂) ရာစုတွင် ပေါ်ထွန်းခဲ့ ဟန်ရှိ၍ ကနိရှကဘုရင်ကြီးနှင့် ခေတ်ပြိုင်ဖြစ်သည်။ ပါသွ နှင့် ၎င်း၏တပည့် ပုဏ္ဏယသ ကို အဿဃောသ ၏ ဆရာများ အဖြစ် ယူဆကြလေသည်။
အဿဃောသ သည် အစဉ်အလာ အားဖြင့် မဟာယာနဗုဒ္ဓဘာသာ ကို စတင်တည်ထောင်သူများအနေနှင့် နာဂဇ္ဇုန အရိယဒေ၀တို့ နှင့်အတူယှဉ်တွဲဖေါ်ပြ ခြင်းခံရသူလည်းဖြစ်၏။ အဿဃောသ သည် မဟာယာနဗုဒ္ဓဘာသာဂိုဏ်း အားလုံးက လေးမြတ်ကြည်ညိုခြင်း ကို ခံရ ပညာရှင် ဖြစ်ပြီး မဟာယာနသဒ္ဓေါပါဒ ကဲ့ သို့ သော ကျမ်းမျိုးကို ပင် သူစီရင်ခဲ့ သည်ဟု (မှားယွင်းစွာ) အမည်တပ်ခြင်းခံ ရလောက်အောင်ပင် မဟာယာနစာပေလောကတွင် ကျော်ကြားသူဖြစ်ပါ၏။
အဿဃောသ၏ ဘ၀ဇစ်မြစ် စစ်စစ်ပေါက်ပေါက် ကို သိရန်ခဲယဉ်းသော်လည်းသူသည် အမျိုးမြတ်ပညာတတ်သော ဗြဟ္မဏ အနွယ်မှ ဆင်းသက်ပေါက်ဖွားခဲ့ ကြောင်း သူ၏ မွေးရပ်ဒေသ သာကေတ သို့မဟုတ ဗာရာဏသီ စသဖြင့်ဖေါ်ပြကြ ကြောင်း
သူ့ မိခင်၏အမည်မှာ သုဝဏ္ဏက္ခီ ဖြစ်ကြောင်းတို့လောက်သာ သိရှိနိုင်လေသည် ။
အဿဃောသ သည် မဟာယာနဗုဒ္ဓဘာသာ ၀င်ဖြစ်မလာမီ က ဗြဟ္မဏ စာပေကျမ်းဂန်များကို အကုန်အစင် လေ့လာသင်ကြားခဲ့ သည့်အပြင် မဟာယာနဗုဒ္ဓဘာသာ ၀င်ဖြစ်မလာမီ သဗ္ဗတ္တိဝါဒ ဂိုဏ်းသားတစ်ဦးဖြစ်ခဲ့ဟန်တူ၏။ နောက်မှ ဗုဒ္ဓမြတ်စွာ ကို အထူးလေးမြတ်ပူဇော်ကြည်ညိုသော ဗုဒ္ဓ ဘက္တိ ကို များစွာ တိမ်းညွတ်ခဲ့ သူဖြစ်လေသည်။

တိဗက်ကျမ်းများက အဿဃောသ၏ ပညာဥာဏ်ကို ချီးကျူးရာ၌ အဿဃောသအတွက် မဖြေရှင်းနိုင်သော အမေးပုစ္ဆာ ပြဿနာ ဟူသည်မရှိ မကျော်လွှားနိုင်သော ပြစ်တင်စောကြောမှုမျိုးသည်မရှိ သစ်ဆွေးသစ်ခြောက်ပင်များကို အားကြီးသောလေမုန်တိုင်းသည် တစ်ခဏအတွင်း ချိုးဖဲ့ဖျက်ဆီးနိုင်ဘိသကဲ့သို့ မိမိ၏ ဆန့်ကျင်ဖက်များကို အမြဲတမ်း အောင်နိုင်လေ့ရှိသူ စသဖြင့် ချီးကျူးထားခဲ့သည်ကို တွေ့ရပါသည်။
အဿဃောသ သည် မိမိ ၏ အနုပညာစွမ်းအား ဖြင့် ဓမ္မဂီတများစွာ ရေးသားသီးကုံးလျှက် အနယ်နယ် အရပ်ရပ်သို့ လှည့်လည်၍ လူအများရှေ့မှောက် သီဆိုဖျော်ဖြေခဲ့ခြင်းဖြင့် ဂီတအနုပညာမီဒီယာမှ ဗုဒ္ဓသာသနာပြုခဲ့ ကြောင်းသိရ၏။ (ယခုခေတ် ခရစ်ယာန်ဧ၀ံဂေလိ သာသနာပြုများနှင့် များစွာခြားနားမည်မဟုတ်ချေ) အေဒီ ၆၇၁ မှ ၆၉၅ ကာလအတွင်း အိန္ဒိယနိုင်ငံသို့ ရောက်ရှိခဲ့သော တရုပ်ရဟန်းတော်ခရီးသည် ယိချင် (I-Tsing) ၏ မှတ်တမ်းတွင် အဿဃောသ သည် နာဂဇ္ဇုန အရိယဒေ၀တို့ နှင့်အတူ မဟာယာနလှုပ်ရှားမှုကို စတင်ခဲ့သူဖြစ်ကြောင်း ဤသို့သောပါရမီရှင် ပုဂ္ဂိုလ်ထူးများသည် တစ်ခေတ်တွင် တစ်ဦးစ နှစ်ဦးစသာပေါ်ထွန်းတတ်ကြောင်း အိန္ဒိယနိုင်ငံတစ်ဝှမ်းလုံးရှိ ဗုဒ္ဓဘာသာ ကျောင်းတိုက်များတွင် အဿဃောသ၏ ဓမ္မဂီတများ ကို ကျူးရင့်ပူဇော်ကြကြောင်း မှတ်တမ်းပြုခဲ့ လေသည်။
အဿဃောသ၏ ဓမ္မစာပေလက်ရာမွန်များအနက် ရှင်တော်ဗုဒ္ဓ၏ ဖြစ်တော်စဉ်ကို ဖော်ပြရေးဖွဲ့သော ဗုဒ္ဓစရိတ အမည်ရှိ ဗုဒ္ဓ၀င်မဟာကဗျာကြီးသည် အပြောင်မြောက်ဆုံး အထင်ရှားဆုံးလက်ရာဖြစ်ခဲ့ ၏။ တရုပ်ရဟန်းတော်ခရီးသည် ယိချင် ၏ မှတ်တမ်းတွင် ဖော်ပြရေးဖွဲ့သော ဗုဒ္ဓစရိတ အမည်ရှိ ဗုဒ္ဓ၀င်မဟာကဗျာကြီးသည် ကြီးမားကျယ်ဝန်းလှသော ကျမ်းကြီးဖြစ်ကြောင်း မြတ်စွာဘုရား၏ အရေးအကြီးဆုံးတရားတော်များ နှင့် မင်းစည်းစိမ်စံစား ခံစားချိန်မှစတင်၍ ကုသိနာရုံ အင်ကြင်းတော၌ မဟာပရိနိဗ္ဗာန်စံဝင်တော်မူသည့်အချိန်အထိ တစ်သက်တာကာလပတ်လုံး လုပ်ဆောင်ချက် များကို ရေးသားဖေါ်ပြထားကြောင်း ဗုဒ္ဓစရိတ ကို အိန္ဒိယနိုင်ငံ တစ်ဝှမ်းလုံး နှင့် ဗုဒ္ဓယဉ်ကျေးမှု ထွန်းကားသော တောင်အာရှ နှင့် အရှေ့တောင်အာရှမှ တိုင်းနိုင်ငံများတွင် အနှံ့အပြား ရွတ်ဖတ်သီဆိုကြကြောင်း ဖေါ်ပြထားခဲ့ပါသည်။ တရုပ်ရဟန်းတော်ခရီးသည် ယိချင် အနေဖြင့် ဗုဒ္ဓစရိတ တရုပ်ဘာသာပြန်ကို ဖတ်ဖူးဘွယ်ရှိပြီး ဗုဒ္ဓစရိတ သည် တိဗက် နှင့် တရုပ်ဘာသာပြန်များတွင် အခန်း (၂၈) ခန်း ရှိ ၍ ယခုတွေ့ရှိရသော သက္ကဋမူရင်းတွင် အခန်း(၁၇)ခန်းသာ တွေ့ ရှိရသောကြောင့် မူလ ကဗျာ၏ နောက်ပိုင်းအခန်းများ သက္ကဋစာပေတွင် ပျောက်ဆုံးနေကြောင်းကို မှတ်သားမိပါ၏။
ပညာရှင်များ အလိုအရ ရှေးအကျဆုံး အခန်း (၁၃) ခန်းကို သာ အဿဃောသ၏ လက်ရာ အဖြစ် ယူဆကြလေသည်။ မည်သို့ပင်ဖြစ်စေ အဿဃောသ ကိုယ်တိုင်ရေးဖွဲ့ခဲ့ကြောင်း အခိုင်အမာအတည်ပြုနိုင်သော ရှေးအကျဆုံး အခန်း (၁၃) ခန်းကို ချင့်ချိန်ကြည်ခဲ့လျှင်ပင် အဿဃောသ၏ ဗုဒ္ဓစရိတ ဗုဒ္ဓ၀င်မဟာကဗျာကြီးသည် သက္ကဋစာပေ သဒ္ဒါနည်းစံနစ်များနှင့်ကောင်းစွာညီညွတ် အလင်္ကာ ဆန်းကျမ်းများ အရလည်း အနုပညာဂုဏ်မြောက်သော အရေး အဖွဲ့ဖြစ် လှပဆန်းကြယ်စွာ သီကုံးထားသော ဂါထာများတွင် လေးနက်သော တရား အမြိုက်ကိုလည်း အချိုးညီညီ ပေါင်းစပ်ပေးခဲ့ သော အနုကဗျာ စာပေလက်ရာမွန်တစ်ခု ဖြစ်ကြောင်း ထင်ရှားနေပါသည်။
အဿဃောသ သည် ဗုဒ္ဓစရိတ အပြင် သုန္ဒရနန္ဒ (ညီတော်မင်းနန် ရဟန်းပြုခြင်းအကြောင်း) သာရိပုတ္တပကာရဏ (ရှင်သာရိပုတ္တရာ တရားသိမြင်ခြင်းကြောင်း) စသော ကဗျာ ပြဇာတ် များလည်း ရေးခဲ့ သိရပါသည်။ အခြေခံအားဖြင့် အဿဃောသ၏ စာပေလက်ရာများ သည် ဗြဟ္မဏ၀ါဒ အယူကို စွန့်လျှက် ဗုဒ္ဓသာသာနာတော်ထံကူးပြောင်းခိုလှုံ လာပုံဇာတ်လမ်းများ ကို ရေးဖွဲ့ထားသောကြောင်း သူ့စာပေလက်ရာများ၏ ဦးတည်ချက်သည် ဗုဒ္ဓဘာသာ သာသနာပြုရေးအတွက်ဦးတည်ကြောင်းထင်ရှားနေပါသည်။
အဿဃောသ နှင့် မရှေးမနှောင်းသော ကာလတွင် မဟာယာနဗုဒ္ဓဘာသာဖြစ်ပေါ်ရန်အတွက် အရေးပါသော အ၀ဒါန (ပါဠိဘာသာ=အပါဒါန) အမည်ရှိသော စာပေပုံစံသစ် တစ်မျိုးပေါ်ပေါက်လာခဲ့ပါသည်။ အ၀ဒါနစာပေသည် ဟီနယာန တစ်ဝက် မဟာယာန တစ်ဝက်ရောယှက်နေသော စာပေဖြစ် သည်။ ရှေးဦးခေတ် အ၀ဒါနစာပေသည်ကား ပါဠိပိဋကတ်နှင့် ဟီနယာနဂိုဏ်းကွဲများ တွင် ပါဝင်၍ နှောင်းခေတ် အ၀ဒါနစာပေသည် မဟာယာနသန့်သန့် စာပေမျိုးဖြစ်ကြောင်း ပညာရှင်များသတ်မှတ် ကြပါသည်။
အ၀ဒါန ဟူသော ဝေါဟာရ “အထူးတလည် မော်ကွန်းတင်ထိုက်သော ပြုမူလုပ်ဆောင်ချက်များ” သို့တည်းမဟုတ်“သူမတူအောင် စွမ်းစွမ်းတမံ ဆောင်ရွက်ချက်” စသော အနက်အဓိပ္ပါယ်များရှိပေသည်။ အ၀ဒါနစာပေ သည် ဗုဒ္ဓသာသနာတော်မှ ကြီးမြတ်သောပုဂ္ဂိုလ်ထူးတို့ အကြောင်းမှတ်တမ်းတင်ချက်များဖြစ် တစ်ခါတစ်ရံ ကျောင်းတိုက်ကြီးများ သမိုင်း နှင့် လူဥပသကာတို့ ၏ ဖြစ်ရပ်များပါ ပါဝင်နိုင်လေသည်။
အ၀ဒါနစာပေသည် ဘာသာရေးတန်ဖိုး နှင့် ကျင့်စဉ်များ ကို လက်တွေ့ ဘ၀ပတ်ဝန်းကျင်တွင် ကျင့်သုံးအောင် မြင်ခဲ့ ကြသော ပုဂ္ဂိုလ်မြတ်များ၏ ဘ၀အတ္တုပ္ပတ္တိများ ကို ချီးကျူးဂုဏ်ပြုရေးသားချက်များဖြစ်ကြ၏။ ကံ ကံ၏ အကျိုးတရားများ ဆန်းကြယ်စွာ ဆက်နွယ်နေပုံ နှင့် မြင့်မြတ်သောဆုကို ပန်ဆင်ခဲ့သူ ဆုကြီးပန် အလောင်းအလျာ ပုဂ္ဂိုလ်များ၏ အားထုတ် ကြိုးပမ်းချက်များ ကို အသားပေးဖေါ်ပြထား သော စာပေပုံစံ ဖြစ်လေသည်။ ခေတ်ပေါ် ၀တ္တုဇာတ်လမ်းများကဲ့သို့ပင် အ၀ဒါနစာပေလာ ပုဂ္ဂိုလ်မြတ်များ၏ ဘ၀ အတ္တုပ္ပတ္တိများ သည် ရသစုံလင်စွာ ပေးသော အနုပညာ လက်ရာများဖြစ်ကြ၏။
အ၀ဒါနစာပေသည် ဗုဒ္ဓ၀င်စာပေ ဇာတကစာပေ နိပါတ်တော်စာပေ ပိဋကတ်တော်လာ ထေရီထေရာများ၏ ဘ၀ အတ္တုပ္ပတ္တိများ အပြင် ရှေးဟောင်း အိန္ဒိယစာပေသိုက်ကြီးထဲမှ ပုံပြင် ဒဏ္ဍာရီ ၀တ္တုများ တွင် ပါရှိသော အကြောင်းအရာ ပေါင်းစုံ ကို ရောနှောပေါင်းစပ်ရေးသား ထားသော စာပေလက်ရာများဖြစ်သည်။
အ၀ဒါနစာပေခေတ်စားခဲ့ သည် ကာလ ကို ဘီစီ (၂) ရာစု မှ အေဒီ (၃) ရာစု အတွင်း နှစ်ပေါင်း (၅၀၀) ခန့် ရှိခဲ့ကြောင်းအိန္ဒိယ နိုင်ငံပြင်ပ မှ ဗုဒ္ဓဘာသာယဉ်ကျေးမှု အလွှမ်းမိုးခံရသော အခြားအာရှ နိုင်ငံများသို့လည်း အ၀ဒါနစာပေ ပျံ့နှံ့ ရောက်ရှိခဲ့ ဘာသာရေးဆိုင်ရာ နံရံဆေးရေးပန်းချီပါ ဇာတ်လမ်းများကို အ၀ဒါနစာပေ က များစွာလွမ်းမိုးခဲ့ကြောင်း ကို သိရပါသည်။
အ၀ဒါနစာပေ၏ အတွင်းသာဖွဲ့စည်းပုံသည် ဇာတကစာပေပုံစံ ကဲ့သို့ ပင် ပစ္စုပ္ပန်ဝတ္တု အတိတ်ဝတ္တု ဇာတ်ပေါင်းခန်း(သမာဝဒါန) ဟူ၍ အပိုင်း (၃) ပိုင်းဖြင့် ဖွဲ့စည်းထားလေသည်။ ဇာတ်ပေါင်းခန်း တွင် အဓိက ပြောဆိုသူဖြစ်သော ဗုဒ္ဓ နှင့် သာဝကတို့ က အတိတ်ဇာတ်ကြောင်းမှ မည်သူမည်ဝါသည် ပစ္စုပ္ပန်ဇာတ်လမ်းတွင် မည်သူမည်ဝါ ဖြစ်လာကြောင်း ကို ထပ်တူပြုဆက်စပ်ပြ ထားလေ၏။ အချို့ အ၀ဒါနဇာတ်လမ်းများတွင်မူ အဓိကပုဂ္ဂိုလ်ဖြစ်သူ၏ အနာဂတ် ဗျာဒိတ်ပေးချက် (ဗျာကရဏ) ကို ဖေါ်ပြ မည်သူမည်ဝါသည် အနာဂတ်ကာလတွင် မည်သို့သော ဘ၀ ကို ရရှိပြီးနောက် မည်သို့မည်ပုံ တရားထူးရ၍ ကျွတ်တမ်းဝင်လိမ့်မည်ဟူသော ဟောကိန်းများ ပါရှိလေသည်။

အကယ်စင်စစ်အားဖြင့် အ၀ဒါနစာပေသည် မကောင်းမှုတို့ သည် မကောင်းသောအကျိုးကို ပေး၍ ကောင်းမှုသည် ကောင်းကျိုးကိုပေးသည် ဟူသော အခြေခံ ကမ္မနိယာမ သဘောတရားကို ပြရန် နှင့် အတိတ် ပစ္စုပ္ပန် နှင့် အနာဂတ်ဘ၀ ဖြစ်စဉ် သံသရာ ကို အခြေခံထားသည့် ကမ္မ၀ါဒ ကို ဟောကြားသင်ပြရန် ရည်ရွယ်ထားသည်မှာ ထင်ရှားလေသည်။
ပါဠိပိဋကတ် ခုဒ္ဒကနိကာယ်တွင် သွတ်သွင်းထားသော ထေရီ ထေရာ အပါဒါန် ကျမ်းများသည် အ၀ဒါနစာပေခေတ် ၏ ရှေးအကျဆုံးသော လက်ရာများ ဖြစ်ဖွယ်ရှိပြီး ဘီစီ (၂) ရာစုဝန်းကျင်တွင် စုဆောင်းခဲ့ပုံရလေသည်။ ထေရီ ထေရာ အပါဒါန် ကျမ်းများသည် ရှင်တော်ဗုဒ္ဓ၏ အကြီးမြတ်ဆုံး ထိပ်တန်း မဟာသာဝကကြီးများ၏ အတိတ်ဇာတ်ကြောင်း ပါရမီဖြည့်ဆည်းခဲ့ကြပုံ နှင့် ပစ္စပ္ပန်ဘ၀တွင် ရှင်တော်ဗုဒ္ဓကို ဖူးတွေ့ ရပြီးနောက် အမြိုက်တရား ရပုံဇာတ်လမ်းများ ဖြစ်လေသည်။
နောက်ပိုင်းကာလ (အေဒီ ၁ ရာစု မှ ၄ ရာစု အတွင်း) ပေါ်ပေါက်ခဲ့သော အ၀ဒါနသတက (ပုဂ္ဂိုလ်ထူး ၁၀၀ ဇာတ်လမ်းများ) ကမ္မသတက (ကံ-ကံ၏ အကျိုးပြ ပုံဝတ္တု ၁၀၀) နျင့် ဒိဗျာဝဒါန (နတ်ဒေ၀လောကမှ ဇာတ်ဝတ္တုများ) တို့သည်ကား ရဟန်းရှင်လူ ပုဂ္ဂိုလ် အထူးထူးအထွေထွေ တို့၏ ဇာတ်လမ်းများ ပါဝင်နေ လေသည်။အ၀ဒါနသတက နှင့် ကမ္မသတက ဇာတ်လမ်းများ သည် အကျဉ်းချုပ် သဘော ဆန်သော အရေးအသားများ ဖြစ်လေသည်။
အ၀ဒါနသတက ကျမ်းတွင် ရှေးဟောင်းရောမခေတ်သုံး ဒင်္ဂါးတစ်မျိုး (ဒီနာရ) ၏ အမည်ကို ဖေါ်ပြထားသောကြောင့် အေဒီ (၂) ရာစုထက် မစောနိုင်ဟု ပညာရှင်များယူဆကြ၏။အ၀ဒါနသတက ကျမ်းသည် အ၀ဒါန (၁၀) ခုစီ ပါဝင်သော ၀ဂ် (၁၀)ခု ပါရှိပြီး ၀ဂ်တစ်ခုလျှင် အကြောင်းအရာတစ်မျိုးစီ ဖေါ်ပြထား၏။ ပထမ ၀ဂ် မှ စတုတ္တ ၀ဂ် အထိသည် ဗုဒ္ဓ နှင့် ပစ္စေကဗုဒ္ဓ တို့ နှင့် ဆိုင် သော ပါရမီဖြည့်ပုံ ဇာတ်လမ်းများဖြစ်ပါသည်။ ပဉ္စမ၀ဂ် မှာ ပေတ၀တ္တု ကဲ့သို့ အထူးထူး အထွေထွေ သော ပြိတ္တာမျိုးစုံတို့ ၏ ဇာတ်လမ်းများဖြစ် ပြီး ဆဋ္ဌမ၀ဂ်မှာမူ လူ နှင့် တိရစ္ဆာန် တို့ ဒါန သီလ မှု များကြောင့် နတ်ပြည်လားကြ ရပုံများ ကောင်းမှု ကုသိုလ်ကံ ၏ အကျိုးပေးပုံများ ကို ဖွင့်ဆိုထားလေသည်။ ဤကျမ်း၏ နောက်ဆုံး ၀ဂ် လေးခုမှာ ရဟန္တာ တို့ နှင့် သက်ဆိုင်သော ဇာတ်လမ်းများဖြစ်လေသည်။
ဒိဗျာဝဒါန (နတ်ဒေ၀လောကမှ ဇာတ်ဝတ္တုများ) မှာ မူ အလွန် ရှုပ်ထွေးသော ဇာတ်လမ်းဇာတ်ကွက်များဖြင့် တန်ဆာဆင် ရေးဖွဲ့ထားလေသည်။ (အေဒီ ၆ ရာစု မှ ၈ ရာစု အတွင်း) ပေါ်ပေါက်ခဲ့သော ပါဠိဘာသာ အဋ္ဌကထာကျမ်းများနှင့် တရုပ်ဘာသာပြန် အ၀ဒါနကျမ်းများတွင် ဤ ဇာတ်ဝတ္တုများ ကိုတွေ့ရပါသည်။
ဟိန္ဒူကဗျာဆရာတို့ က မဟာဘာရတ ရာမယန တို့ ကဲ့ သို့သော မဟာကဗျာကျမ်းကြီးများ ရှေးဟောင်းပူရာဏ်ကျမ်းလာ ဇာတ်လမ်းဇာတ်ကွက်များ ကို မှီငြမ်း၍ ၎င်းတို့၏ သူရဲကောင်းဇာတ်လိုက်များကို ဖန်ဆင်းသည့်နည်းတူ အ၀ဒါနစာပေ ကို ရေးသားပြုစုကြောင်း ခန့်မှန်းရပေသည်။ အေဒီ (၂) ရာစုတွင်ပေါ်ပေါက်ခဲ့သော ကုမာရလာတ ရေးသားသော ကပ္ပနာမဏ္ဍိ ဋီကာ နှင့်၎င်းနောက် ပေါ်ပေါက်သော အရိယသူရ ဟာရိဘတ္တ ဂေါပဒတ္တ စသည့် ပညာရှိများပြုစုခဲ့ကြသော ဗောဓိသတ္တာဝဒါနမာလာ ဇာတကမာလာ အစရှိသောကျမ်းများ သည် ဘုရားလောင်း၏ ရှေးဘ၀ ဇာတ်ကြောင်း များ ကို ရေးဖွဲ့ထားသော ကျမ်းစာများဖြစ်လေသည်။
ဤ ကျမ်းစာများ၏ အဓိကပစ်မှတ်မှာ သာမန်ပြည်သူလူထု၏ ဘာသာတရားအပေါ် ကြည်ညိုသဒ္ဓါစိတ် ကို တိုးတက် ဖြစ်ထွန်းစေရန် ဖြစ်သည်။ ဘုရားလောင်း နှင့် သာဝကလောင်းလျာတို့၏ ပါရမီဖြည့်ကျင့်ခဲ့ ရသော အတိတ် ဘ၀ ပေါင်းများစွာ ကို ရေးသားဖေါ်ပြခြင်းအားဖြင့် မြတ်စွာဘုရားနှင့် ရဟန္တာသာဝကများ အပေါ် အထူးလေးစားကြည်ညိုစရာကောင်းအောင် ရေးသားထားခြင်းဖြစ်လေသည်။ ဤ ဇာတ်လမ်းများ ကို အခြေခံ၍ ဘ၀ပေါင်းများစွာ ပါရမီဖြည့်ကျင့်ရသော လမ်းစဉ် (မဟာယာန ပါရမိတာလမ်းစဉ်) ဆီ သို့ ဦးတည်ခဲ့သည်ဟု မှန်းဆနိုင်ပါ၏။
စုဆောင်းတင်ပြသူ-လင်းထက်ဆွေ

No comments:
Post a Comment