( ပုံပြင်ပြောတတ်တဲ့ ကဝေ)
ဟိုအရင်တုန်းက လူတွေနဲ့ အလှမ်းဝေးကွာလှတဲ့ ကျွန်းကြီးတစ်ကျွန်းမှာ မွန်တီ လို့ ခေါ်တဲ့ မျောက်ကြီးတစ်ကောင်ရှိတယ်တဲ့။ သူ့ကို အမှီပြုပြီး နေထိုင်ကြ တဲ့ မျောက်တွေကလည်း အများကြီး ရှိတယ်တဲ့။ သူတို့နေထိုင်တဲ့ ကျွန်းဟာ လူသူကင်းတဲ့အပြင် အစားအသောက်တွေ ကလည်း ပေါများတာကြောင့် မျောက်တွေ ဟာ လွတ်လပ်အေးချမ်းစွာနဲ့ နေထိုင်ကြရတယ်။ ရာသီအလိုက် ဖူးပွင့်ဝေဆာနေတဲ့ အသီးအနှံတွေကို စားသောက်ရင်းနဲ့ ကျန်းကျန်း မာမာ နေထိုင်ကြတယ်တဲ့။ အဲဒီလိုနေရင်းနဲ့ တနေ့မှာ မွန်တီဟာ ပင်လယ်ထဲကနေ အသံတစ်သံကို သတိပြုလိုက်မိတယ်။ ပင်လယ်ထဲကနေ ပုံမှန်လှိုင်းရိုက်သံမဟုတ်တဲ့ အသံကို ကြားလိုက်တာနဲ့ မွန်တီဟာ သူ့ရဲ့ မျောက်တွေကို ခေါ်လိုက်ပြီးတော့ အဲ့ဒီအကြောင်းကို ပြောပြလိုက်တယ်။ ပျိုပျိုအိုအို မျောက်မှန်သမျှဟာ ဒီကိစ္စကို တိုင်ပင်ဆွေးနွေးကြပေမယ့် တိကျတဲ့အဖြေကို ရှာလို့မရဘူး။ ဒါနဲ့မွန်တီတို့ဟာ ကျောက်ဆောင်တွေ နောက်ကွယ်မှာနေတဲ့ အသက်အကြီးဆုံး မျောက်အိုကြီး ရှိတဲ့နေရာကို သွားရောက်မေးမြန်းဖို့ ဆုံးဖြတ်လိုက်ကြတယ်တဲ့။ သူတို့ ရောက်သွားတဲ့အချိန်မှာ မျောက်အိုကြီး ဟန်တီဟာ သူ့ရဲ့ ပစ္စည်း ပစ္စယတွေကို ထုတ်ပိုးသိမ်းဆည်းနေတဲ့အချိန်တဲ့။ သူတို့က ဒါကို မြင်လိုက်တော ဟန်တီကို ဘယ်သွားမလို့လဲလို့ မေးလိုက်တယ်။ ဒီတော့ ဟန်တီက ငါဒီအရပ်မှာ မနေတော့ဘူး။ ထွက်ခွာသွားရတော့မယ်။ တခြားကျွန်းဆွယ်တွေက အမျိုးအဆွေတွေဆီကို သွားမလို့တဲ့။ ဒီလိုဆိုတော့ မွန်တီတို့ အုပ်စုဟာ မျောက်အိုကြီး ဟန်တီကို မတားသာတော့ဘူး။ သွားချင်လည်း သွားပါစေဆိုပြီးတော့သာ ကြည့်နေရတော့မှာပေါ့။ ဒါပေမယ့် ဟန်တီကြီး မသွားခင် မေးသင့်မေးထိုက်တာကို မေးရမယ် ဆိုပြီးတော့ သူကြားတဲ့အသံနဲ့ပတ်သက်ပြီးတော့ မေးလိုက်သတဲ့။ ဒီလိုမေးလိုက်တော့ ဟန်တီကြီးက ဖြေသတဲ့။ ငါတို့ကျွန်းကို ရေလွှမ်းမိုးတော့မယ်နဲ့တူတယ်။ ငါလည်း ခပ်ငယ်ငယ်တုန်းက ဒီလိုအသံမျိုး ကြားဖူးတယ်တဲ့။ ဒီအသံကြားပြီး ၇ ရက်အတွင်းပဲ ရေမျက်နှာပြင်တွေ မြင့်တက်လာ၊ လေမှုန်တိုင်းတွေတိုက်လာလို့ ငါတို့ သစ်ပင်တွေပေါ်မှာ တက်ပုန်းနေ၇တယ်တဲ့။ အခုလည်း ဒီလိုမျိုးပဲဖြစ်တော့မယ် ထင်ပါရဲ့၊ သိပ်ပြီးတော့လည်း မစိုးရိမ်ကြပါနဲ့။ ထင်သလောက်လည်း ဆိုးချင်မှ ဆိုးမှာပါလို့ ပြောပြီး မျောက်အိုကြီးဟာ အထုပ်အပိုးတွေကို ထမ်းပြီးတော့ တရွေ့ရွေ့နဲ့ ထွက်သွားသတဲ့။ အဲ့ဒီလို မျောက်အိုကြီးထွက်သွားတော့မှ မွန်တီတို့ဟာ လှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။ အခုလိုဆိုရင် ဘယ်လို လုပ်ကြမလဲပေါ့။ ဟန်တီမျောက် အိုကြီး ပြောတဲ့အတိုင်းသာ ဖြစ်လာခဲ့ရင် သူတို့ ဘယ်လိုလုပ်ကြမလဲပေါ့။ လေမုန်တိုင်ဒါဏ်၊ ရေဘေးဒါဏ်ကနေ ကာကွယ်ဖို့ ဘယ်လို လုပ်ကြမလဲပေါ့။ မွန်တီဟာ ဒီအကြောင်းကို စဉ်းစားရင်းနဲ့ ရေလှိုင်းတွေ တ၀ုန်းဝုန်းရိုက်ခတ်နေတဲ့ ပင်လယ်ပြင်ကို လှမ်းမျှော်ကြည့်လိုက်တယ်။ အဲ့ဒီမှာ မြင်လိုက်ရတဲ့ ကျောက်ဆောင်တွေကို ကြည့်ပြီး မွန်တီဟာ အကြံရသွားသတဲ့။ သူဟာ တခြားမျောက်တွေကိုလည်း သူ့အကြံကို ပြောပြပြီး ချက်ခြင်း အကောင်အထည် ဖော်စေသတဲ့။ အဲဒီအကြံက ဘာလဲဆိုတော့ သူတို့နေနိုင်ဖို့ အတွက် အိမ်တွေကို ကျောက်ဆောင်အမြင်တွေပေါ်မှာ ကျောက်တုံးတွေနဲ့ အကာအရံလုပ်ပြီး ဆောက်ထားဖို့ပါပဲ။ မွန်တီရဲ့ စကားကို နာခံပြီးတော့ မျောက်တွေဟာ သူတို့နေဖို့အတွက် အိမ်တွေကို ဆောက်ကြသတဲ့။ သူတို့ဟာ ကျောက်တုံးငယ်တွေကို သုံးပြီးတော့ အိမ်ဆောက်လိုက်တာ တရက်တာအတွင်းမှာ ပြီးသွားရောတဲ့။ အိမ်အသစ်လေးတွေရှိသွားတဲ့ သူတို့ဟာ ကျောက်ဆောင်အောက်မှာ အမောဖြေဆော့ကစားရင်းနဲ့ မွန်တီကို လှောင်ပြောင်နေကြတယ်။ အကြောင်းက မွန်တီဟာ အိမ်ကို ဆောက်နေတုန်းပဲရှိသေးလို့တဲ့။ သူတို့ဟာ မွန်တီကို ခေါင်းဆောင်တစ်ယောက်အနေနဲ့ တင်မြောက်ထားပေမယ့် လေးစားသမူတော့ မရှိကြဘူး။ ကိုယ့်ဝမ်းဆာ ကိုယ်ဖြည့် ဆိုတာလိုမျိုး သဘောထားပြီး သူတို့လိုအပ်တဲ့အချိန်ကြရင် ကူညီပေးနိုင်ရုံအတွက်သာ သဘောထားကြတယ်တဲ့။ မွန်တီ ပေးတဲ့ အကြံက ကောင်းမယ် ထင်ရင် လုပ်မယ်။ မကောင်းဘူးထင်ရင်တော့ ဘယ်လောက်ပဲ ပြောပြောလက်သင့်မခံကြတော့ မွန်တီဟာ ခေါင်းဆောင်တစ်ယောက်ရယ်လို့ စကားသြဇာမညောင်းလှဘူးပေါ့။
အခုလည်း မွန်တီဟာ ကျောက်တုံးအကြီးကြီးတွေကို လေးလေးပင်ပင်နဲ့ သယ်မပြီးတော့ အိမ်ဆောက်နေတာကို ကြည့်ပြီး သူတို့က လှောင်ပြောင်နေကြတယ်။ မွန်တီရဲ့ မိသားစု အပါအ၀င်ပေါ့။ မွန်တီမှာ အကြံကောင်းရှိတာကို ဘယ်သူ့ကိုမှ ပြောလို့မရဘူး။ သူရဲ့ သဘောထားဟာ ရေဘယ်လောက် ကြီးကြီး ကြံကြံခံခံနိုင်တဲ့ အိမ်တွေ ဖြစ်ပေါ်လာဖို့ပဲ။ အဲ့ဒီလို ဖြစ်ဖို့ အချိန်ကြာနိုင်တယ်ဆိုပေမယ့် တနေ့မှာ ပြီးကို ပြီးရမယ်လို့လည်း ယုံကြည်နေတာပေါ့။ ဒါကြောင့် မွန်တီဟာကျောက် တုံးကြီးကြီးတွေသုံးပြီး အိမ်ကို တဖြည်းဖြည်းချင်းစီ ရုပ်လုံးပေါ်အောင် တည်ဆောက်သတဲ့။ တခြားသူတွေ ဘယ်လောက်ပဲ လှောင်ပြောင်ရယ်မောနေပါစေ မွန်တီဟာ သူလုပ်နေတာကို အားမလျော့ဘူးတဲ့။ လအနည်းငယ်ကြာတော့ တခြားမျောက်တွေဟာ အိမ်နားမှာ ဆော့ကစားရတာကို ပျင်းလာကြတယ်တဲ့။ အဲဒီအချိန်မှာ မွန်တီဟာလည်း သူ့ရဲ့ အိမ်ကြီး ကို ဆောက်လို့ ပြီးသွားတယ်တဲ့။ သူဟာ ကျွန်းပေါ်မှာ ရှိတဲ့ တခြားမျောက်တွေကို သူ့အိမ်ကို ဖိတ်ခေါ်ပြီးတော့ ဧည့်ခံပွဲလုပ်တယ်တဲ့။ ၇ ရက် ၇ လီတောင်ကြာ တယ်တဲ့။ အဲဒီလို ပါတီလုပ်တဲ့နောက်ဆုံးနေ့မှာပဲ သူတို့မေ့လျော့နေတဲ့ အန္တရာယ်ဆိုးကြီးဟာ သူတို့ဆီကို ဆိုက်ရောက်လာတယ်။ မွန်တီတို့ ကျွန်းကြီး တစ်ကျွန်းလုံး ဟာ ရုတ်တရက် နီရဲလာပြီး လေပြင်းမုန်တိုင်းတွ ကျရောက်လာတယ်။ သူတို့ဟာ မွန်တီအိမ်ထဲကနေ အပြင်ကို ထွက်ကြည့်နေတုန်းမှာပဲ လှိုင်းလုံးကြီးတွေ ဟာ မြင့်တက် လာပြီး ကျောက်တုံးလေးတွေနဲ့ တည်ဆောက်ထားတဲ့ သူတို့အိမ်လေးတွေကို ရေအောက်ကို ဆွဲချသွားတယ်တဲ့။ သူတို့အားလုံး ကံကောင်းတာက သူတို့ဟာ မွန်တီရဲ့ အိမ်ကို ရောက်နေလို့ပဲ။ ကျောက်တုံးက ကြီးတော့ တော်ရုံ လေဒါဏ်နဲ့ မပျက်စီးနိုင်တဲ့အပြင် ကျောက်ဆောင် အမြင့်ကို ရောက်နေတော့ ရေလှိုင်းရဲ့ ဆွဲပုတ်မှုနဲ့လည်း လွတ်ကင်းတာပေါ့။ ဒီလိုအချိန်မှာ တုန်လှုပ်နေတဲ့ မျောက်တွေကို မွန်တီက အားပေးစကား ပြောလိုက်တယ်။ မိတ်ဆွေတို့… ဘာမှ သောက မများကြပါနဲ့။ ကျုပ်ဟာ အစောကြီးတည်းက မိတ်ဆွေတို့အတွက်ပါ စဉ်းစားပြီး ဒီအိမ်ကို တည်ဆောက်ခဲ့တာပါ။ မိတ်ဆွေတို့ေ ဆာက်တဲ့အိမ်မှာ မိတ်ဆွေတို့ကို လုံခြုံမှု မပေးနိုင်တော့တဲ့အချိန်ကျရင် အရိပ်ခိုနိုင်အောင် ဒီအိမ်ကို ကျုပ်တည်ဆောက်ခဲ့တာပါ။ အခု ဒီအိမ်မှာပဲ သက်တောင့် သက်သာ နေကြပါ။ ကျုပ်မှာရှိသမျှ အစားအသောက်လေးနဲ့ အာဟာရကို ဖြည့်ကြမယ်။ အခု ကျုပ်တို့ ကြုံတွေ့နေရတာကနေ သင်ခန်းစာရတယ်လို့ သဘောထားကြပါ။ ဒီအန္တရာယ်ဆိုးအချိန်လွန်မြောက်တာနဲ့ ကျုပ်တို့ ကိုယ် ကျုပ်တို့ ဘယ်လို တည်ဆောက်သင့်လဲ ဆိုတာကို သိသွားကြမှာပါ မွန်တီရဲ့ စကားဆုံးတဲ့ အချိန်မှာ တခြားမျောက်တွေဟာ မွန်တီကို ၀ိုင်းပြီးတော့ ဖက်ထားလိုက်ကြတယ်။ မျောက်ငယ်လေးတွေကတော့ သီချင်းတွေ အော်ဆိုကြတယ်တဲ့။ ဟုတ်တယ်လေ။ သူတို့ မွန်တီကို လေးစားသွားကြတယ်။ မွန်တီဟာ ရှေ့ရေးကို မျှော်တွေးတတ်သလို ကြင်နာသနား တတ်သူတစ်ယောက်လေ။ သူဟာ အကျိုးတစုံတစ်ရာ မမျှော်ကိုးဘဲနဲ့ မိတ်ဆွေတွေကို ကယ်တင်ခဲ့ကြသူမဟုတ်လား။ အဲဒီနေ့ညက မုန်တိုင်းလွန်မြောက်သွားလို့ သူတို့ဟာ ကမ်းခြေကို ဆင်းလာတဲ့ အချိန်မှာ စိတ်မကောင်းစရာ မြင်ကွင်းတွေကို မြင်လိုက်ရပါ တယ်။ အဲဒါကတော့ မျောက်ကြီး ဟွန်တီအပါအ၀င် သူ့ရဲ့ သားချင်းမျောက်တွေဟာ သေဆုံးပြီးတော့ ကမ်းခြေမှာ ပြန့်ကျဲနေတာကိုပေါ့။ ဒါကို မြင်တော့မှ မွန်တီတို့ဟာ သဘောပေါက်သွားတယ်။ မျောက်ကြီး ဟွန်တီဟာ အစားအသောက်ပေါများတဲ့ သူတို့ကျွန်းကို တခြားမျောက်တွေကို ခေါ်ချင်သူကိုး။ အန္တရာယ်ရှိနေတုန်းက ရှောင်ထွက်ခဲ့ပြီး အခုလို ပြန်လာချိန်မျိုးကျမှ ကံအကြောင်း မလှလေတော့ သေပွဲဝင်ခဲ့ရတဲ့ သူတို့တွေကို ကြည့်ပြီးတော့ မွန်တီတို့မှာ ၀မ်းနည်းလို့မဆုံးဖြစ်နေရတယ်။ အခုအချိန်မှာ သူတို့အားလုံးတတ်နိုင်တာကတော့ ဟွန်တီတို့ကို ကောင်းစွ သဂြိုလ်ပေးလိုက်ဖို့ပေါ့။ ကဝေတို့ကို မွန်တီက အများကြီး သင်ပေးလိုက်တယ်နော်။ ဘယ်လိုနေရာမျိုးကို မဆို ဦးစီးဦးရွက်ပြုတဲ့သူတွေမှာ အတိုက်အခံဆိုတာ ရှိစမြဲပဲ။ ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ကြတာမျိုးတွေ ရှိတယ်။ မသိမသာ ရှုံ့ချ ဝေဖန်ကြသူတွေရှိတယ်။ လေလာခိုက်မှ ရွက်လွှင့်ဖို့ စောင့်ဆိုင်းနေကြသူတွေလည်း ရှိတယ်။ ဒီလိုအချိန်မျိုးဆိုရင် ကဝေတို့ ဘာလုပ်ကြမလဲ။ ကဝေထင်တယ်။ ခိုင်မာတဲ့ စိတ်ထားနဲ့ ဖြောင့်မတ်တဲ့ စေတနာပဲပေါ့။ တနည်းဆိုရရင် မွန်တီလိုမျိုး ပြန်ရလာမယ့် အကျိုးကို မမမျှော်ကိုးတဲ့ ရဲစွမ်းသတ္တိမျိုးပေါ့။ မွန်တီဟာ သူ့ရဲ့ မိတ်ဆွေမျောက်တွေကို ဘေးတွေ့ပါစေလို့ ဆုတောင်းခဲ့တာ မဟုတ်ပါဘူး။ ဘေးရှိတဲ့အချိန်မှာ လုံခြုံတဲ့နေရာကို ပေးချင်ရုံ စေတနာသက်သက်ပါ။ ကဝေတို့တတွေ … မွန်တီလို ကျင့်ဖို့ခက်ပါတယ်။ ကဝေတို့လူ့ဘ၀ရဲ့ များပြားလှတဲ့ အရေးအရာတွေထဲမှာ အလိုက်သင့် စီးမျောနေတဲ့အချိန်မှာ မွန်တီလိုမျိုး စွမ်းဆောင်ဖို့က ပိုပြီးတော့ ခက်ခဲပါတယ်။ အဲ့ဒီလိုမျိုး ကဝေတို့ ရှေ့မတတ်နိုင်တဲ့ အချိန်မျိုးမှာ ရှေ့တတ်နိုင်သူကို တွန်းတင်ပေးမယ်ဆိုရင်ရော အဆင်မပြေနိုင်ဘူးလား။ မသာယာနိုင်ဘူးလား။ ကိုကိုခေါ်မှ ဗျာလို့ ထူးမယ်စိတ်ကူးရင်တော့ ကဝေတို့ကပြမယ့် ဇာတ်ခုံဟာ ဘယ်လိုမှ အဆုံးမသတ်နိုင်တော့ပါဘူး။ ဒီတော့ ကဝေ မိတ်ဆွေတို့ရေ … ကျောက်တုံးသေးသေးလေးနဲ့ အိမ်လို့ ခေါ်မည်ရရုံလေး အိမ်ဆောက်ကြမလား။ …… မွန်တီကြီးတစ်ယောက်တည်း အိမ်ဆောက်တာကို ၀ိုင်းဟားနေကြမလား။ ………… ကဝေတို့အကုန်စုပေါင်းပြီး အိမ်ကြီးကြီး ခိုင်ခိုင်ဆောက်ကြမလား..။ ကဝေအတွက်တော့ ရှင်းလင်းတဲ့အဖြေကို သိပြီးသားမို့ ဒီပုံပြင်လေးကို ပြန်ပြောပြလိုက်တယ်။ မိတ်ဆွေတို့နဲ့ ကဝေ အဖြေတူ၊ မတူ တိုက်ကြည့်ကြတာပေါ့နော်။
ချစ်တဲ့ ကဝေ
** နှင်းနုလွင်**
-မျောက်နှင့် ကျောက်တုံးများ-

No comments:
Post a Comment