-ကျွန်ုပ်နှင့် ထူးဆန်းသည့် အမျိုးသမီးတစ်ယောက်အကြောင်း-
"ဘယ်လို နီးစပ်တာလဲ"
"အဲဒီ မိုးခါးဆိုတဲ့ နာမည်က ဒို့ ညီမအရင်းရဲ့ နာမည်လေ။ ဒို့နာမည် မဟုတ်ဘူး။ ဒို့နာမည်က. xxxxxxxxxxxx" "အော်.." " ဒါနဲ့.... သူကြီးမင်း... ရှေ့ နှစ်ပတ်လောက်ဆိုရင် အပြင်မှာ နေ့လည်စာသွားစားရအောင်။ နဂါးနီနဲ့ အတူ လာခဲ့ပါလား။ စတိန်း ဟိုက်စထရိက အင်ဒိယ ဘူဖေး အရမ်း ကောင်းတယ်။ မိတ်ဖြစ်ဆွေဖြစ်ပေါ့" ကျွန်ုပ်ထင်ထားတာ ကွက်တိ ဖြစ်နေလေသည်။ ဒီမယ်မင်းကြီးမ နဂါးနီနဲ့ ပတ်သက်ရမယ်လို့။ နဂါးနီဆိုသော သူငယ်ချင်းက သူနဲ့ ခင်သူတိုင်းကို သူနဲ့ ခင်သူတိုင်းရဲ့ အကြောင်းတွေကို ပြောပြတတ်လေသည်။ ယခုလဲ ထိုကဲ့သို့ သူပြောထား၍ ကျွန်ုပ်အကြောင်းကို ထိုအမျိုးသမီး တော်တော်များ သိထားလေသည် မဟုတ်ပါလား။ မိတ်ဖြစ်ဆွေဖြစ် အပြင်ထွက်စားကြမယ်ဆိုပြန်တော့လဲ ခပ်လန့်လန့်။ ကျွန်ုပ်သည် စာရေးသည့်အခါ၌ ခပ်သွက်သွက် ရေးလေ့ရှိသလောက် စကားပြောရာ၌မူ သ န ကွဲအောင် မပြောတတ်ချေ။ စကားအလွန်နည်း၍ သူစိမ်းတရံရှေ့၌ စကားပြောရမှာ အလွန်ဝန်လေးတတ်သူ ဖြစ်လေသည်။ ထိုသို့ဆိုလျှင် ထိုနေ့လည်စာစားမည့် နေ့၌ ဘာစကားတွေ ပြောရမည်နည်း။ ဘယ်လို စကားမျိုးဖြင့် တန်ဆာ ဆင်ရပါလိမ့်မည်နည်း။ အရေးသွက်သွက် အပြောခက်ခက်ပေတကား။ ချုံး၍ ဆိုရပါမူ ချိန်းထားသည့် နေ့၌ နဂါးနီက ကျွန်ုပ်အား ကားဖြင့် လာခေါ်လေ၏။ ထိုအင်ဒိယ ဘူဖေးဆိုင်သို့ နာရီဝက်ခန့် ကားမောင်းရလေ၏။ ဆိုင်သို့ရောက်သောအခါ အစားအသောက်များ မှာပြီး အတူတူ စားကြလေ၏။ အစားအသောက် စားခါစပင် ရှိသေး။ ထို မယ်မင်းကြီးမထံသို့ ဖုန်းတစ်ချက် ၀င်လာ၏။ အမေရိကားက ဖုန်းမို့ ခဏနော် ဟု ဆိုကာ စားရင်းပြော ပြောရင်းစားဖြင့် အချိန်ကြာလာသည်နဲ့အမျှ ဗိုက်ပြည့်လာသည့်တိုင် မယ်မင်းကြီးမ ဖုန်းပြောခြင်းအလုပ်မှာ စီးဆင်းကောင်းနေလျှက်ပင်။ ခဏအကြာတွင်... ဒီမှာ ဧည့်သည်တွေနဲ့ အတူ နေ့လည်စာ စားနေလို့ နောက်မှ ပြောမယ်နော်... ဟု ဆိုကာ အမေရိကားက ဖုန်းကို ချလိုက်လေ၏။ ထို့နောက် ပန်းကန်အတွင်းရှိ လက်ကျန် အင်ဒိယ အစားအစာတို့ကို ခပ်မြန်မြန် စားလေ၏။ ထိုစဉ် မယ်မင်းကြီးမ ဖုန်း ထမြည်လာပြန်လေ၏။ ဟာ.... သူငယ်ချင်းဆီက ဖုန်းဘဲ။ သူနဲ့ စကားပြောစရာ နဲနဲ ရှိသေးလို့ ခဏပြောလိုက်ဦးမယ်နော်... ဆိုပြီး တော်ကီပွါးပြန်လေ၏။ နေ့လည်စာစား ပိုက်ဆံတွေရှင်းပြီးသည်အထိ မယ်မင်းကြီးမနဲ့ ကျွန်ုပ် စကားကောင်းကောင်းမပြောရသေးပေ။ သူလဲ သူ့အလုပ်နဲ့ သူပေကိုး။ ထို့နောက် သူငယ်ချင်းဖြစ်သူ နဂါးနီက... ကဲ ကဲ ပြန်ကြမယ်။ ငါလဲ တက္ကသိုလ်သွားပြီး စူပါဗိုက်ဆာနဲ့ တွေ့စရာရှိသေးတယ်။ သွားကြစို့ ဟု ဆိုကာ ကားရပ်ထားရာ နေရာသို့ အတူတူ လာခဲ့ကြလေ၏။ ထိုအချိန်ထိ မယ်မင်းကြီးက ဖုန်းပြောကောင်းနေတုန်း။ ကားပေါ်တက်ပြီးမှ ဖုန်းပြောခြင်းကို ရပ်နားလေ၏။ အင်း..... သူ ဖုန်းပြော နားနေတုန်း အလ္လာပသလ္လာပ စကားလေး ပြောဦးမှဘဲ ဆိုပြီး.... "ကျနော်က အင်ဒိယစားသောက်ဆိုင်ကို ရောက်ဖူးတာ ဒါ ပထမဆုံးအကြိမ်ဘဲ။ အစားအသောက်ကလဲ မဆိုးပါဘူး။ အင်ဒိယအစားအစာကို မကြိုက်ပေမဲ့ ဒီဆိုင်ကတော့ စားလို့ကောင်းသားဘဲ။ အခုလို ဖိတ်ခေါ်ကျွေးတဲ့ အတွက် ကျေး........" "ကလင် ကလင် ကလင်..." ကျွန်ုပ်၏ ကျေးဇူးတင်စကားပင် မဆုံးလိုက်သေး။ မယ်မင်းကြီးမရဲ့ ဖုန်း ထမြည်လာပြန်၏။ "ဟယ်... မာမီ....( သူကြီးမင်း ခဏလေးနော်။ မြန်မာနိုင်ငံက မာမီဆီက ဖုန်းဝင်လာလို့)။ မာမီ နေကောင်းလား။ ဘာ ခေါင်းနဲနဲ မူးနေတယ်။ ဆေးခန်းမသွားဘူးလား။ သားတော်မောင်ကကော ဂရုမစိုက်ဘူးလား။ အပြင်မှာ အရမ်းပူနေတယ်။ အပြင်မထွက်နဲ့လို့ ပြောတာလဲ နားမထောင်ဘူး။ အရမ်းနေမကောင်းရင် ဟို ဒေါက်တာနဲ့ သွားပြလေ။ သမီး ဒီကနေ ဖုန်းဆက်ပေးလိုက်မယ်။ ဘာ.... မိုးအရမ်းချုပ်နေလို့ မသွားတော့ဘူး ဟုတ်လား။ ဘာမှ အားနာမနေပါနဲ့။ အဲဒီ ဆရာဝန်က အရမ်းသဘောကောင်းတယ်။ ကျန်းမာရေးက ပိုအရေးကြီးတယ်။ ဆရာဝန်ဆီ သွားပြပါ။ သမီးလား။ သမီးလဲ ရှေ့ နှစ်လလောက်ဆို မြန်မာပြည် ပြန်လာမှာ။ သမီးက နေကောင်းပါတယ်။ သမီးအတွက် ဘာမှ မပူနဲ့။ မာမီသာ နေကောင်းအောင်နေ။ ဘယ့်နှယ် နေပူပူကြီး အပြင်ထွက် ဈေးဝယ်ရတယ်လို့" သူငယ်ချင်းဖြစ်သူ နဂါးနီကလဲ ကားကို တ၀ှူးဝှူးမောင်း.. မယ်မင်းကြီးမကလဲ ဖုန်းကို တတွတ်တွတ်ပြော.. ကျွန်ုပ်သည်လည်း အင်ဒိယအစားအစာစားထားသည့်အတွက် အိပ်ငိုက်ချင်ချင်။ "မာမီ... ဒါနဲ့... အိမ်ရှေ့က ပန်းပင်လေးတွေကိုရော ရေလောင်းပေးရဲ့လား။ အိမ်မှာ မွေးထားတဲ့ ဂျက်ကီလေးကော နေကောင်းရဲ့လား။ လျှပ်စစ်မီးတွေကော ပုံမှန်လာရဲ့လား။ တူတော်မောင်လေးကော အဆင်ပြေရဲ့လား......" စသဖြင့် အိမ်မှာ မွေးထားသည့် အိမ်မွေးတိရစ္ဆာန်ပါမကျန် လူတိုင်းစေ့အကြောင်း သတင်းမေးမြန်း၍မဆုံး ဖြစ်နေလေတော့၏။ ထိုအခိုက် ကျွန်ုပ်တို့၏ ကားကလေးသည် ကျွန်ုပ်နေအိမ် လမ်းထိပ်သို့ ရောက်လာလေ၏။ "ကဲ... နဂါးနီရေ.... ငါကတော့ ဒီမှာဘဲ ဆင်းတော့မယ်။ မင်းတို့က တက္ကသိုလ်ဘက် ဆက်သွားဦးမှာဆိုတော့ ငါ့ကို အိမ်အထိ လိုက်ပို့မနေနဲ့တော့ နောက်ကျနေလိမ့်မယ်။ ငါ ဒီမှာဘဲ ဆင်းပြီး လမ်းလျှောက်သွားလိုက်တော့မယ်" ဟုဆိုကာ လမ်းထိပ်၌ ကားရပ်ခိုင်းကာ ကားပေါ်မှဆင်းပြီး သူတို့ကို နှုတ်ဆက်ဖို့ ဟန်ပြင်လိုက်လေ၏။ မယ်မင်းကြီးမလဲ ဖုန်းတစ်ဘက်နဲ့..... "သူကြီးမင်း... ကျေးဇူးနော်။ အခုလို တကူးတက လာပြီး နေ့လည်စာ လာအားပေးလို့။ နောက်မှ အေးအေးဆေးဆေး တွေ့မယ်နော်။ တာ့တာနော်။။ မာမီ... ပြောတော့.. ရပြီ။ အသိတစ်ယောက်ကို နှုတ်ဆက်နေတာ။ အင်း.. သမီးပြန်လာရင် မာမီ့အတွက် ဆေးဗူးတွေ ၀ယ်လာမယ်.........." ထိုအခိုက် သူငယ်ချင်းဖြစ်သူ နဂါးနီတစ်ယောက် ကားတံခါးကို ဂျုန်းကလဲ ပိတ်ကာ မောင်းထွက်သွားလေတော့၏။ ကားပေါ်၌မူ မယ်မင်းကြီးမတစ်ယောက် ဖုန်းပြော မပြတ်သေးပေ။ ကျွန်ုပ်သည်လည်း အင်ဒိယအစားအစာများဖြင့် ပြည့်ဖောင်းလာသည့် ဗိုက်မို့မို့ကလေးကို လက်ကလေးဖြင့် အထက်အောက် ပွတ်သပ်ပြီး.... အင်း.. မဆိုးပေဘူးဘဲ။ စကားတစ်လုံးမှ ကောင်းကောင်း မပြောခဲ့ရဘဲ နေ့လည်စာလဲ အ၀တီးခဲ့ရတယ်။ ကျေးဇူးလဲ အတင်ခံလိုက်ရသေးတယ်။ တော်ပါသေးရဲ့.. သူ့ဖုန်းတွေ တဂွမ်ဂွမ်လာနေလို့။ နို့မို့ဆို သူ့ကို ဘာခေါင်းစဉ်နဲ့ ဘာစကားတွေ ပြောရမှန်း မသိဘူး။ ပြီးတော့ နေ့လည်စာကိုလဲ ကောင်းကောင်း စားလို့ရခဲ့မှာ မဟုတ်ဘူး။ အခုတော့ အိုကေမှာ စိုပြေလို့... ဟု စဉ်းစားကာ ကိုယ့်အတွေးနဲ့ကိုယ် ပြုံးတုံးတုံးဖြင့် ကျွန်ုပ်နေအိမ်သို့ လမ်းလျှောက် ပြန်ခဲ့လေတော့၏။ မယ်မင်းကြီးမတစ်ယောက်မူကား မည်သို့မည်ပုံတွေးပြီး မည်သို့မည်ပုံ ဖြစ်နေမည်ကိုကား မယ်မင်းကြီးမ ကိုယ်တိုင်သာ အသိဆုံးဖြစ်ပေတော့မည်တည်း။ ။
သဗ္ဗေသတ္တာ အဝေရာ ဟောန္တု။

ကိုကိုမောင် (ပန်းရနံ့)

No comments:
Post a Comment