" ၀မ်းတစ်ထွာ "
ရေးသူ - သိပ္ပံမောင်ဝ
မောင်လူအေးတို့ လင်မယား၊ သားအမိ (ကဘိုး) သို့ ရောက်နေကြလေသည်။ ကဘိုးကား ရွှေဘိုမြေခံ မိုင် ၃၀-ခန့်အကွာ မူးကမ်းဘေးတွင်တည်ရှိသော ရွာကလေးဖြစ်၏။ ကဘိုးရွာ နာမည်ကြီး နေသည်ကား အခြားကြောင့်မဟုတ်။ အစိုးရက သိန်းပေါင်းများစွာ အကုန်ခံ၍ ဆောက်လုပ်ထားသော ဆည်ကြီးရှိသောကြောင့် ဖြစ်သည်။ ထိုဆည်မှပင် ရွှေဘိုတစ်နယ်လုံးရှိ တူးမြောင်းများကို ရေပေး၏။ ထိုဆည်ကား ရွှေဘိုနယ်သူနယ်သား လယ်သမားတို့၏ အသက်သခင်ဟူ၍ဆိုလျှင် မှားမည်မဟုတ်ပေ။ ကဘိုးဆည်ကြီးကို မျက်နှာမူကာ ဆောက်လုပ်ထားသော ဗိုလ်တဲကား အုတ်တိုက်ကလေးဖြစ်၏။ မြန်မာပြည်တွင်ရှိသော ဗိုလ်တဲအကောင်းဆုံးတို့တွင် အပါအ၀င်ဖြစ်သော ဗိုလ်တဲဖြစ်လေသည်။ အဆောက်အဦးလည်းကောင်း၊ ရှုမျှော်ခင်းလည်းကောင်းသော ဗိုလ်တဲပေတည်း။ စိတ်အေးလက်အေး လာရောက်နေထိုင်ရန် ကောင်းသော အရပ်ဖြစ်၏။ စာကလေးဖတ်၊အလုပ်ကလေးလုပ်၊ ဆောင်းပါးဝတ္ထုကလေး ရေးသားနေရန် ကောင်းသောအရပ်ဖြစ်၏။ မောင်လူအေးတို့ ယခင်က ကဘိုးသို့ရောက်သည်မှာ လပေါင်းအတော်ကြာခဲ့လေပြီ။ ထို့နောက် ကုလားမြန်မာ အဓိကရုဏ်းအရေး၊ ကျောင်းသားများ သပိတ်မှောက်သောအရေး၊ လယ်သမားများ အခွန်မပေးသောအရေး၊ ဈေးသူဈေးသားများ အာဏာဖီဆန်ရေးများကြောင့် မောင်လူအေးမှာ ရွှေဘိုမှ မခွာရအောင်ပင် ဖြစ်ခဲ့လေသည်။ ယခုအခါ တိုင်းရေးပြည်ရေး အတော်ကလေး အေးလာပြီဖြစ်သောကြောင့် ခင်သန်းမြင့်ရော၊ မောင်လူမွှေးပါ တောသို့ထွက်လာခြင်းဖြစ်လေသည်။ ကဘိုးသို့ရောက်ပြီး နောက်တနေ့ ညနေစောင်းတွင် ဗိုလ်တဲဝရန်တာမှ ထွက်ကာ ဆည်ကြီးကို ကျော်လွန်၍ ရေတံခွန်ကဲ့သို့ ကျနေသောရေများကိုကြည့်နေကြ၏။ ကြည့်၍ဘဲ ကောင်းသေးတော့- မူးမြစ်ထဲတွင်လည်း ကိုတံငါတို့သည် လှေယဉ်ကိုင်္စးကာ ပိုက်ကြီးများကိုချနေကြလေသည်။ ၀င်လုဆဲဆဲ နေမင်းကလည်း နီသောရောင်ခြည်များကို ကောင်းကင်သို့လွှတ်နေလေသည်။ ထိုရောင်ခြည်များ မူးမြစ်ပေါ်သို့ ကျနေသောကြောင့် မြစ်တခုလုံးမှာ နီရဲတောက်ပလျက်၊ တဖြတ်ဖြတ်နှင့်နေ၏။ ထိုညနေခင်း၏ အရသာကို မောင်လူအေးတို့ ဇနီးမောင်နှံ အစွမ်းကုန်ခံစား၍နေကြလေသည်။ ကြာကြာခံစားနိုင်မည်လော၊ ရုံးမှအလုပ်များ လိုက်လာလေပြီ။ ထိုအလုပ်များကို လုပ်ရတော့အံ့၊ မလုပ်သေး၊ ညစာစားပြီးမှ အေးအေးဆေးဆေးလုပ်တော့မည်။ ရုံးသေတ္တာထဲမှ သတင်းစာနှင့် စာများကိုသာယူပြီးလျှင်၊ ၀ရန်တာသို့ပြန်၍ထွက်ခဲ့၏။ စာတစ်စောင်ကိုဖောက်၍ဖတ်လေသည်။ ထိုစာကားမိမိ၏ညီ တက္ကသိုလ်ကျောင်းသား မောင်မြသွင်ထံမှစာဖြစ်၏။ ယခုနှစ် ဥပစာတန်း စာမေးပွဲအောင်လျှင် ဆရာဝန် အတတ်သင်ရန် ဆေးကောလိပ်သို့ ၀င်လိုကြောင်း ပါလေသည်။ ခင်သန်းမြင့်အား ဤအကြောင်းကိုပြောပြ၏။ " အင်း အကောင်းသားဘဲ၊ သည်လိုလဲ မြန်မာတွေ ဆေးအတတ်ကို သင်ဦးမှဘဲ၊ အခုများ ဆေးကျောင်းတို့ ဆေးရုံတို့မှာ ကုလားနဲ့ အင်္ဂလိပ်ချည်းဘဲ။ မြန်မာတွေ အနည်းကလေးရယ် " " ဆေးအတတ်ကို သင်ရတာ နှစ်ကများတာကိုးဗျ။ မြန်မာစိတ်က နှစ်ကြာကြာသင်ကြားရတာကို သည်းမခံနိုင်ဘူး။ အခု တက္ကသိုလ်ရောက်၊ ၄ ၅ နှစ်ကြာရင် ဘီအေအောင်၊ အောင်ရင်အောင်ခြင်း အလုပ်ရချင်တာကလားလေ၊ ကိုယ်တို့လဲ အတူတူဘဲ၊ မြန်မာဟာကိုး " " သည့်ပြင် အလုပ်တွေကတော့ ဟုတ်ပါရဲ့။ ဆရာဝန်အလုပ်ကတော့ ကောင်းကောင်း ကျကျနနတတ်မှ နေရာကျမယ်။ လူမမာတွေ အသက်ဟာ သူတို့လက်ထဲမှာရှိတာဘဲ။ မတော်တဆ ဆေးအပေးမှားမှဖြင့် မခက်ပေဘူးလား " " အင်း ဟုတ်တယ်၊ နို့ပေမယ့် ကိုယ်ဖြင့် ဆရာဝန် မလုပ်ချင်ပေါင်၊ လူသေကို ၀မ်းခွဲဖို့မဆိုထားနဲ့၊ လူသေကားကားကြီးကို ကြည့်ရမှာတောင်ရွံတယ် " " တယ် တရားလက်လွတ်ပါလား " " တရားလက်လွတ်တယ်ဘဲဆိုဆို၊ ကိုယ်တို့တော့ လူသေကို အင်မတန်ရွံတယ်၊ နောက်ပြီးတော့ ဆရာဝန်ဆိုတဲ့လူမျိုးဟာ ညလဲကောင်းကောင်းမအိပ်ရဘူး။ နေ့လည်းကောင်းကောင်းမနေရဘူး။ စားသောက်တာလဲ အေးအေးဆေးဆေးမစားရဘူး။ ညဉ့်နက်သန်းခါင်လဲ လာနှိုးတော့တာဘဲ။ ထမင်းစားနေတုန်းလဲ လာခေါ်တာဘဲ။ နေရာမကျပါဘူးဗျာ " " သည်အလုပ်မျိုးမှ ကုသိုလ်လဲရ၊ ၀မ်းလဲဝဆိုတာ၊ ဒါနဲ့- စကားမစပ် မောင်မွှေးကြီးလာရင် ဘာလုပ်စေမလဲ " " အောင်မယ်လေးဟဲ့၊ ပူတတ်လိုက်တာ၊ ကောင်ကလေးဟာ စကားတောင်မပြောတတ်သေးဘူး။ အေးအေးနေပါဦးဗျာ " " ဘယ့်နှယ်ပြောပါလိမ့်။ အခုကတည်းက စီမံထားမှ အတော်ကျမယ်။ အခုခေတ်ဟာ အပြိုင်ခေတ်ကြီးဆိုတာ အသိသားနဲ့ " " ဟာ .... ဘာခေတ်ဘဲဖြစ်ဖြစ်၊ အခုကတည်းက မစဉ်းစားထားနိုင်ပေါင်၊ မြင့်ဘဲ စဉ်းစားပေတော့၊ သူ့ကို ဘာလုပ်စေချင်သလဲ - ကဲ " " အိုင်-စီအက် လုပ်စေချင်တာဘဲ၊ မြင့်သဘောက အိုင်-စီ-အက်တွေ ဘယ်လောက်ခေတ်ကောင်းသလဲ၊ ကြည့်စမ်း၊ ယောက္ခမလောင်းတွေက ငွေတွေတင်ကြ၊ ပါကြနဲ့ လုပ်နေတာတွေ မမြင်ဘူးလား " " အခု အိုင်-စီ-အက် မရှိတော့ဘူး " " အိုင်-စီ-အက်မရှိရင် ဘီ-စီ-အက် ပထမတန်းပေါ့ရှင်၊ အတူတူဘဲ မဟုတ်လား " " အိုင်-စီ-အက် သော ဘီ-စီ-အက် သော ဘာကိုမှ မကြိုက်ဘူး။ အုပ်ချုပ်ရေးဘက်ဆိုရင် ၂ ထပ် ဆလံပါဘဲ " " ဘာဖြစ်လို့လဲ၊ သည်လောက်တောင်ဘဲလား " " သြော် ... မမြင်ဘူးလား မိန်းမရယ်၊ အရင်တလောက ဖြစ်ပျက်တာတွေကို၊ ညလဲ ကောင်းကောင်း မအိပ်ရ၊ နေ့လဲ ကောင်းကောင်းမနေရ၊ စားသောက်ရတာလဲ အချိန်နဲ့အခါနဲ့မဟုတ်၊ တော်တော်ကြာ ပြေးရပြန်ပြီ။ တော်တော်ကြာ လိုက်ရပြန်ပြီ၊ မနက်စာကို ညမှစားရတာတွေဟာလဲ ဘယ်နှစ်ခါရှိပြီလဲ " " အို - ဒါမျိုးကတော့ လေးငါးနှစ်မှာမှ တစ်ခါလောက်ဖြစ်တာကလား " " အရင်တုန်းကတော့ လေးငါးနှစ်မှာမှ တစ်ခါလောက်ရယ်။ နောင်ကိုတော့ သည်ထက်ရှုပ်လာတော့မှာဘဲ။ သည်အုပ်ချုပ်ရတဲ့ဘက်ကအလုပ်ဟာ မကောင်းတော့ပါဘူး " " ဟုတ်ပါရဲ့လေ၊ မြင့်လဲ ကိုကို့အဖြစ်အပျက်ကို မြင်ကတည်းက စိတ်ပျက်ပျက်ပါဘဲ။ နို့-သည်လို ဒုက္ခမျိုးတွေနဲ့ဝေးရအောင် ပညာပိုင်းကို ၀င်စေရင် မကောင်းဘူးလား။ ဦးတရုတ်တို့၊ ဦးကျင်လျှံတို့လိုလေ " " ဟာ ... ဒါလဲမကောင်းပါဘူး။ သူတို့ပညာပိုင်းကလူတွေလဲ သူတို့ဒုက္ခနဲ့ဘဲ။ ဒီစတြိတ်ကောင်စီတွေနဲ့ ဆက်ဆံပြီးကြဲနေရတာကိုက ဒုက္ခတစ်မျိုးတဲ့ဗျ။ ကိုယ်စီမံချင်တာကတမျိုး၊ ဒီစတြိတ်ကောင်စီ မင်းဘုရားတွေ စီမံချင်တာက တခြားဖြစ်နေမှဖြင့်၊ အတော့ကို စိတ်ညစ်ရတယ်ဆိုကိုး။ ပညာပိုင်းကလူတွေလည်း ညည်းလှပေါ့ " " ဒါကတော့ အလိုက်အထိုက် လုပ်သွားရင်ဖြစ်မှာပါဘဲ " " ဒီစတြိတ်ကောင်စီတွေနဲ့ အလိုက်အထိုက် ဆောင်ရွက်သွားရင်ဖြစ်တယ်ဆိုဦးတော့၊ ကျောင်းသား ဘွိုင်ကောက်တွေနဲ့တိုးနေမှဖြင့် မခက်ပေဘူးလား ဟရို့ရဲ့" " အင်း - သည်လိုဆိုတော့လဲ ဟုတ်ဟုတ်ဘဲ။ ဒါဖြင့် တက္ကသိုလ်မှာ ပါမောက္ခလုပ်စေရင် မကောင်းပေဘူးလား " " ပါမောက္ခ အလုပ်ဟာလဲ ထူးမခြားနားပါဘဲ။ အရင်တုန်းကသာ သူတို့အလုပ်ဟာ အေးသဗျ။ အခုများတော့ သူတို့ခမြာတွေလဲ မအေးကြပါဘူး။ ဘွိုင်ကောက်တွေဟာ တက္ကသိုလ်ကချည်း စတာမဟုတ်ဘူးလားဗျ " " ဒါဖြင့်လဲ ၀က်လက်တင်တို့ မိုးနက်ကြီးတို့လို ကျောင်းဆရာ လုပ်စေရရင် မကောင်းဘူးလား " " သူတို့အလုပ်က သာဆိုးသေး။ ဘွိုင်ကောက် လုပ်လိုက်မှဖြင့်၊ ဆရာကိုလည်း မကြောက်ကြတော့ဘူး။ မိဘဆွေမျိုးကိုလဲ ဂရုမစိုက်ကြတော့ဘူး။ ဂါရ၀တရားဆိုတာ တစ်ခါတည်းပျောက်ကုန်တော့တာဘဲ။ လွန်ခဲ့တဲ့ သပိတ်တုန်းက ( မိုးနက်-မိုးနက်-ရှက်ဘွယ်-ရှက်ဘွယ် ) လို့ ကျောင်းသားကလေးတွေက အော်တယ်ဆို မဟုတ်လား " " ဘယ်ကလာ ဟုတ်ရမှာလဲ ( မျိုးပျက်-မျိုးပျက်-ရှက်ဘွယ်-ရှက်ဘွယ် ) လို့ အော်တာတဲ့။ ဦးမိုးနက်ကြီးကပြောတယ်။ " " မသိပါဘူးဗျာ၊ မိုးနက်-မိုးနက်၊ ရှက်ဘွယ်-ရှက်ဘွယ် အော်သလားလို့၊ အင်မတန် အိနြေ္ဒသိက္ခာနဲ့နေတဲ့ ၀က်လက်တင်တောင် ဟိုအခါတုန်းက ကျောင်းသားတွေရဲ့ သံချပ် အထိုးခံရသေးဆို မဟုတ်လား " " ဘယ်လိုထိုးကြသတဲ့လဲ " " ဦးသီ၊ ဦးသင်၊ ၀က်လက်တင်၊ မျိုးချစ်စိတ်ပင်ရှိကြရဲ့လား တဲ့ဗျ " " တယ်လာတဲ့ ကောင်ကလေးတွေဘဲ " " ကောင်ကလေးတွေကတော့ ဘယ်တတ်မလဲလေ၊ ကောင်ကြီးတွေက ကွယ်ရာကမြှောက်ပေးရမှာပေါ့။ အညှီရှိ ယင်အုံဆိုသလိုပေါ့။ တစ်ခုခုဖြစ်လာမှဖြင့် မြှောက်ပေးဘို့ စောင့်နေကြတဲ့ငနဲတွေလဲ အများကြီးဘဲ။ ခေတ်ကိုက နေရာမကျပါဘူးလေ။ " " ဟိုအလုပ်လည်းနေရာမကျ၊ သည်အလုပ်လည်းနေရာမကျ။ ကိုင်း - ဒါဖြင့် ဦးသုခတို့လို ပိုက်ဆံရှိတဲ့ မိန်းမနဲ့ပေးစားပြီး၊ ထိုင်စားခိုင်းတာပေါ့၊ အဲဒါ အကောင်းဆုံးဘဲ " " အခုခေတ် သူဌေးတွေက အလုပ်အကိုင်ရှိတဲ့ အိုင်-စီ-အက် တို့၊ ဘီ-စီ-အက် တို့ကိုမှ မှန်းတာဗျ။ သူတို့ပစ္စည်းတွေကို ထိုင်စားတဲ့လူကိုတော့ သူတို့သမီးနဲ့ ပေးစားမှာမဟုတ်ဘူး " " ပေးစားမဲ့လူကို ရှာရတာပလေ " " ရှာလို့ဘဲ ရပါပြီတဲ့။ တော်တော်ကြာတော့ ယောက္ခမအိမ်မှာ မျက်နှာငယ်လေးနဲ့၊ယောက္ခမကခိုင်းတာကို လုပ်ရမယ်။ သူဌေးသမီး မမဘုရားကလည်း ကိုယ်တို့သားကို မလေးမစား လုပ်ဦးမယ်။ ကိုယ်ဖြင့် မခံနိုင်ပေါင်ဗျာ " " သည်အကြံလဲ နေရာမကျသေးဘူး။ သခင်မွှေးဆိုပြီး သခင်ထဲသွင်းရ မကောင်းဘူးလား။ အလုပ်အကိုင်ကောင်းကောင်းမရှိပေမယ့် ဂုဏ်တော့ အင်မတန်ရှိတယ်။ သခင်မွှေး - သခင်မွှေးနဲ့ တိုင်းပြည်မှာ ဟိုးလေးတကျော်ကျော် ဖြစ်နေတာကိုမြင်ယောင်သေးရဲ့ " " ဂုဏ်ရှိတာတော့ ဟုတ်ပါရဲ့၊ သံပုံးတီးတာက နားငြီးလှသဗျာ။ သူတကာနားငြီးအောင်လို့တီးတာ သူတို့လည်းနားမငြီးဘူးတဲ့လား။ နားငြီးမှာပေါ့၊ ကိုင်း ... ကောင်းသေးရဲ့လား " " သူတို့ အဆိုကတော့ သူတို့ဝါဒနဲ့ မတိုက်ဆိုင်တဲ့လူကို တောထုတ်တယ်ဆို မဟုတ်လား။ နားငြီးပေမဲ့ သူတို့လိုရာကို ရတာပေါ့ " " သူတို့သံပုံးကို ကြောက်တဲ့လူလဲ ရှိမပေါ့။ မကြောက်တဲ့ ၀ါးရင်းတုတ် ဂဠုန်တွေနဲ့တွေ့တော့ ဦးခေါင်းကွဲပြဲတာကို မကြားဘူးလား၊ ကိုယ်တို့သား ခေါင်းကွဲပြဲတာကို မြင်ချင်သလား " " ဘယ်မြင်ချင်မလဲ၊ နောက်ပြီး သူတို့သံပုံးတွေဟာလဲ ရိုးကုန်ပါပြီ။ ကြောက်တဲ့လူလဲ တယ်မရှိတော့ပါဘူး။ " " မြင့်ပြောတာကိုတော့ ကိုကို သဘောတူမှာ မဟုတ်ပါဘူးလေ။ ကိုကိုသဘောတူမှာက မွှေးကို ဘုန်းကြီးကျောင်းမှာထား၊ နောက်ပြီး တိုင်းရေးပြည်ရေး လိုက်စားခိုင်း၊ တိုင်းရေးပြည်ရေး အ၀ါးဝလာတော့ နန်းရင်းဝန်လုပ်၊ ကိုင်း - ဒါကိုသဘောကျတယ် မဟုတ်လား " " ဒါကိုလဲ သဘောမကျပါဘူး၊ တိုင်းပြည်ခေါင်းဆောင်လုပ်တယ်ဆိုကတည်းက အဆဲခံရတော့မယ်။ အမတ်ချုပ်ကြီးဖြစ်လေ၊ သာပြီးအဆဲခံရလေ။ နန်းရင်းဝန်ဖြစ်လေ၊ သာပြီးအဆဲခံရလေဘဲ မဖြစ်ဘူးလား။ နန်းရင်းဝန်ကြီးတွေ၊ အမတ်ချုပ်ကြီးတွေကို နေ့စဉ်နှင့်အမျှ ဆဲနေကြတာ၊ ကိုယ်တို့သားကို သူတကာနေ့တိုင်းဆဲနေတာ မခံနိုင်ပေါင်။ " " သည်လိုသာတွေးကြောက်နေမယ်ဆိုရင် မခက်ပေဘူးလား။ ကိုင်း - ကိုကိုဘဲ ပြောပါဦး၊ ကိုယ့်သားကို ဘာလုပ်စေမလဲ " " ကိုယ့်သဘောပြောရမှာဖြင့် မွှေးကို သတင်းစာဆရာ လုပ်စေချင်တာဘဲ " " ဘာကြောင့်လဲ " " သတင်းစာဆရာဆိုတာ လောကမှာ နေရာအကျဆုံးပ။ ဘယ်သူ့အဆဲကိုမှ မခံရဘဲ ကိုယ်ကချည်းဆဲရတာဘဲ။ အခြားသတင်းစာကနေပြီး ကိုယ့်ကိုဆဲမယ်ဆိုရင်လဲ ကိုယ်ကပြန်ဆဲနိုင်တယ်။ အမြင်မတော်တာတွေ့ရင် ဆော်နိုင်တယ်။ မြှောက်စရာရှိရင် မြှောက်ပေးနိုင်တယ်။ ခံစရာရှိရင်တော့ ရှောင်နေလိုက်တာပ။ ရန်ကုန်မှာ မောင်အောင်ကျော်တို့ အရိုက်ခံရတုန်းက သတင်းစာဆရာ ဘယ်နှစ်ယောက်ပါသလဲ။ မန္တလေးမှာ လူတွေ၊ ရဟန်းတွေ အပစ်ခံရတုန်းက သတင်းစာဆရာ ဘယ်နှစ်ယောက်ပါသလဲ။ တစ်ယောက်မှမပါဘူး။ အော်စရာရှိရင်တော့ သူတို့ချည်းအော်နေတာဘဲ။ လုပ်စရာရရှိရင်တော့ အခြားလူတွေကလုပ်။ ခံစရာရှိရင်တော့ တခြားလူတွေကခံ။ ကိုင်း - ဘယ်ကလောက်ကောင်းတဲ့အလုပ်လဲ " " သတင်းစာဆရာအလုပ်ဟာ လွတ်လပ်တယ်၊ ရေးချင်တိုင်းရေးလို့ရတယ်ဆိုပေမဲ့ အစိုးရက ရှိသေးတယ် မဟုတ်လား။ ရေးချင်တိုင်း ဘယ်ရေးလို့ရမှာလဲ " " ဟာ ... မြင့် န သေးတာဘဲ။ ရေးတယ်ဆိုပေမဲ့ ဥပဒေနဲ့လွတ်အောင် ရေးရတာပ။ လွန်ခဲ့တဲ့ဆူပူရေးကြီးမှာ သခင်တွေ ဘယ်လောက်ထောင်ကျသလဲ။ ရဟန်းတွေ ဘယ်လောက်ထောင်ကျသလဲ။ ကျောင်းသားတွေ ဘယ်လောက်အဖမ်းခံရသလဲ။ သတင်းစာဆရာတွေ ထောင်ထဲရောက်တာ ဘယ်နှစ်ယောက်ရှိမလဲ။ သတင်းစာဘယ်နှစ်စောင် အာမခံအသိမ်းခံရသလဲ။ ကိုင်း - ဘယ်နှယ့်ရှိစ။ နေရာမကျဘူးလား။ သတင်းစာဆရာက ထင်ပေါ်စေချင်တဲ့လူဆိုရင်လဲ အရှင်မွေး နေ့ချင်းညချင်းကြီးဆိုသလို၊ နေ့ချင်းညချင်း ထင်ပေါ်တော့တာပ။ သတင်းစာဆရာက နှိမ်ချင်တဲ့လူကျတော့လဲ မြုပ်သွားတော့တာဘဲ။ ကိုင်း သတင်းစာဆရာဟာ ဘယ်ကလောက်တန်ခိုးကြီးသလဲ။ အေးအေးချမ်းချမ်းလဲ နေရတယ်။ ဘယ်သူဆဲမှာကိုလဲ မကြောက်ရဘူး။ ဒါကြောင့် မွှေးကလေးကို သတင်းစာဆရာလုပ်စေချင်တာပေါ့ " " တော် တော် တော်၊ သည်စကားသည်မှာဘဲပျောက်၊ တော်တော်ကြာ သတင်းထောက်တွေ ကြားသွားမှာဖြင့် အဆော်ခံနေရဦးမယ်။ " " ဟာ ကိုယ့်အချင်းချင်းပြောတာ ဘယ်ကသတင်းထောက်လာပြီး ကြားရမှာလဲ။ သူတို့ရှေ့မှာတော့ မပြောဝံ့ပေါင်ဗျာ။ တော်တော်ကြာ ဂျောက်ကျနေဦးမယ်။ " " ကိုင်း ဆရာ၊ စကားကောင်းနေလိုက်ကြတာ မှောင်တောင်မှောင်လာပြီ။ ရေသွားချိုးတော့၊ ထမင်းစားရအောင် " " အင်း ... ဟုတ်သားဘဲ " ဤသို့ဆိုကာ မောင်လူအေး နေရာမှထသွားသောကြောင့် စကားပြတ်သွားဟူ၏။
သိပ္ပံမောင်ဝ မှတ်တမ်းဝင်စာပေများ
အောက်တိုဘာလ၊ ၁၉၃၉ -- Posted By Blogger လူဗိုလ်

No comments:
Post a Comment