- မြိန်-
အရွက်အဖျား အနုလေးတွေကို လက်ညှိုးနဲ့ လက်မထိပ်လေးတွေကို အသုံးပြုလို့ ဆိတ်ကာ ဖဲ့လိုက်တယ်။ ပြီးမှ ရိုးတိုင်ကို ကိုင်လို့ အရွက်တွေကို တစ်ရွက်ချင်း သွက်သွက်လေး ခြွေချလိုက်တယ်။ ပြီးမှ ရိုးတိုင်တလျှောက်ကို လက်နဲ့ ခပ်သာသာဖိချေပြီး အရိုးလေးတွေ ခပ်မွမွလေး ကြေသွားမှ လက်တစ်ဆစ်ခန့်စီ ဆတ်ခနဲ ဆတ်ခနဲ ချိုးလို့ နဘေးနားက ၀ါးဇကာထဲ ထည့်လိုက်တယ်။ ဒီလိုနဲ့ လယ်ကန်စွန်းရွက် ချွန်ချွန်လေး နှစ်စီးစာက ခြွေလို့ ပြီးသွားတယ်။ သစ်သားစားပွဲဝိုင်း အပုလေးပေါ်မှာတော့ စုံစီနဖာ ဟင်းရွက်မျိုးစုံနဲ့ နေရာပြည့်လို့။ ကန်စွန်း ပြီးတော့ ဘူးညွန့်အစည်းကို မနော်က ယူလိုက်တယ်။ လတ်ဆတ်လိုက်တဲ့ ဘူးညွန့်တွေ။ ကဗျာဆန်တဲ့ ဘူးညွန့်တွေလို့ပဲ ခေါ်လိုက်ချင်မိသေး။ အစိမ်းရောင်အရွက် ဖားဖားတွေကြားက အညွန့်လေးတွေ စပလိမ်လို ကွေ့လိပ်လို့ ၀ဲခွေ ကျနေပုံက တကယ့်ကို ကဗျာဆန်တဲ့ အလှ။ မနော်က ဘူးရွက်၊ ဘူးညွန့်လေးတွေကို ခြွေ၊ ဖဲ့၊ ဆိတ်၊သင်လို့ ၀ါးဇကာထဲက ကန်စွန်းရွက် နဘေးမှာ နေရာချလိုက်လေတယ်။
ပြီးတော့ အလှည့်ကျတဲ့ စားပွဲပုလေးအပေါ်က ပဲညွန့်အစည်းကို ယူလို့ ချည်ထားတဲ့ နှီးစကို ဖြည်လိုက်တယ်။ “ ပဲညွန့်က သိပ်ချိုတာ..၊ နုတာလေးပဲ ရွေးထည့်ရမယ်..၊ ကျွန်မတို့ ရွာမှာဆို အလကားပဲတင်း ရတဲ့ အရွက်တွေ..၊ ဒီမှာ ၀ယ်စားနေရတော့ အရမ်းကို အံ့သြပြီး နှမျောမိတာ..” မနော်က ပါးစပ်က ပြောလည်းပြော၊ လက်က သိုးသိုးသွက်သွက်နဲ့ ပဲညွန့်တစ်စီးကို ခြွေသွားလိုက်တာများ တစ်ခဏလေးသာ။ ပဲညွန့် ခြွေပြီးသားလေးလဲ သွားပေဦးတော့ ၀ါးဇကာထဲက ဘူးညွန့်ရွက်တွေရဲ့ နဘေးကို။ ၀ါးဇကာက ဒီအရွက်သုံးမျိုးနဲ့တင် နေရာလပ်မရှိ ပြည့်သွားလေပြီ။
မနော်က ဆင့်ပေါ်မှာ မှောက်ထားတဲ့ ဒန်အိုးလွတ် တစ်လုံးကို ယူလိုက်တယ်။ ဒီတစ်ခါတော့ အခြွေခံရမှာက ဟင်းနုနွယ်။ “ဟင်းနုနွယ်က စိတ်ရှည်လက်ရှည် ချွေယူရတာမျိုး..၊ ရေလဲ နိုင်နိုင်ဆေးယူမှ..၊ မဟုတ်ရင် သဲက တရှပ်ရှပ်နဲ့ အရသာပျက်ရော..၊ ကျွန်မ အမေက သူ့ကို စိမ်းစိမ်းအိအိလေးများ ကြော်ကျွေးရင် သိပ်ကြိုက်ရှာတာ” လို့ ပြောရင်း အမေကို သတိရသွားပုံ ရလေတယ်။ ခြွေပြီးသား ဟင်းနုနွယ်ရွက် ထည့်ထားတဲ့ ဒန်အိုးထဲကို ရေလောင်းထည့်လို့ ခဏဘေးမှာ ဖယ်ထားလိုက်တယ်။
“ ဆူးပုတ်ရွက် ခြွေပြီးရင် ခြွေစရာပြီးပြီ.. ” လို့ ပြောရင်း ဆူးပုတ်ရွက် နုနုလေးတွေကို အစည်းလိုက် ရေအရင် ဆေးလိုက်တယ်။ ပြီးမှ အစူးလေးတွေကို သတိထားလို့ ပန်းကန်တစ်ချပ်ထဲ သပ်ချကာ ခြွေထည့်လေတယ်။ “ ဆူးပုတ်က အနံ့သာဆိုးတာ၊ ချွေရတာသာ လက်ဝင်တာ၊ စားရတာ မွှေးပြီး ကောင်းမှကောင်း၊ နောက်.. စားပွဲပေါ်မှာ တွေ့ရတဲ့ ပင်စည်မှာ ဖော့အဖြူလေးတွေ ကပ်နေသလို အမြစ်မွှားလေးတွေပါလျှက်က အရွက်သေးသေးလေးတွေနဲ့ ဟင်းရွက်တစ်စည်း ကျန်နေလေတော့ “ အဲ့ဒါ ဘာခေါ်လည်း မနော်..၊ အဲ့ဒါရော ထည့်ချက်မှာလား..” လို့ မေးတော့ “ အဲ့ဒါက ချက်စားဖို့ မဟုတ်ဘူး။ ပြီးတော့ သိမယ်.. ဘာအတွက်လည်း..ဆိုတာ ” ..ဆိုပြီး ကျွန်မရဲ့ စိတ်ဝင်စားနေမှုကို အရှိန်မြင့်လေအောင် ပဟေဋ္ဌိဖွက်လိုက်တယ်။
ကျွန်မ စိတ်ပါလက်ပါ ထိုင်ကြည့်နေမိတာ။ မီးဖိုထဲမှာ ဒီနေ့တစ်ရက် သူကိုယ်တိုင် အစအဆုံး စီမံပြီး လျှာလည်သွားအောင် ချက်ကျွေးပါ့မယ်ဆိုတဲ့ မနော်ရဲ့ ဟင်း၊ မနော်ရဲ့ လက်ရာ။ ကျွန်မ အရမ်းကို စိတ်ဝင်စားနေမိတာ။ ပုံမှန်က အိမ်မှာ အမေက ဟင်းရံ စီစဉ်သူ၊ ကျွန်မက ဈေးဝယ်၊ မနော်က ကျွန်မ၀ယ်လာသမျှ ဒိုင်ခံချက်သူ။ ဒီတစ်ခါ အမေ့ကို မနော်က “ ဒေါ်လေး ခံတွင်းပျက်နေတယ်ဆို၊ တစ်နေ့ တစ်နေ့ အသား ငါးတွေ စားနေရတာ ညည်းငွေ့ရောပေါ့..၊ ကျွန်မ တစ်ရက်လောက် ဟင်းရံစီစဉ်ပြီး ကျွန်မတို့ တောဟင်း ချက်ကျွေးပါ့မယ်.. ၊ ကျွန်မ ချက်တဲ့ဟင်း တစ်ရက်လောက် စားကြည့်..၊ မမြိန်ရင် ကြိုက်သလိုပြော..” ။
ဒါနဲ့ပဲ ကျွန်မတို့ ဒီတနင်္ဂနွေတစ်ရက်အတွက် ဟင်းရံကို မနော်ရဲ့ လက်ထဲ ၀ကွက်အပ်လိုက်တာ။ သူ..ဈေးက ပြန်လာလေတော့ လက်ဆွဲခြင်းတစ်ခုလုံး ဟင်းရွက်တွေနဲ့ ဗောင်းသလံ လျှံလို့။ ဈေးခြင်းတောင်းထဲက ပစ္စည်းတွေ တစ်ခုခြင်း ထုတ်တော့ ဟင်းရွက်တွေ အောက်က ငါးဘဲဖြူ သေးသေးလေးတွေက တစ်ထုတ်၊ ငါးပနော် အရွယ်တော်က ၂ကောင်၊ ငါးပိရည်ကြိုက နည်းနည်း၊ ဒညင်းဝက်လည်းပါသေး၊ မျှစ်ဝါသေးသေး ဆုံတိုလေးတွေ၊ ခရမ်းပြုပ်သီးလေးတွေ၊ ကုလားအော် ငရုပ်ကနှစ်တောင့်။
ဈေးခြင်းတောင်း ချချခြင်း မနော်က ငါးဘဲဖြူလေးတွေကို နှီးဇကာအဟောင်းထဲ ထည့်လို့ ပွတ်တိုက်လိုက်တယ်။ အံ့သြဖွယ်ရာ တစ်အောင့်လောက် ပွတ်တိုက်ပြီးလို့ ရေဆေးချ လိုက်ရော ငါးအကျည်းခွံ သေးသေးလေးတွေက ဓားနဲ့ ချွတ်စရာမလိုတော့ဘဲ ရေနဲ့မျောပါသွားတော့တာ။ ပြီးမှ ဓားဦးချွန်လေးနဲ့ တစ်ကောင်စီ စိတ်ရှည်လက်ရှည် ၀မ်းဗိုက်ဖောက်၊ ဗိုက်ထဲက အညစ်အကြေး ကလီစာတွေကို ဓားဦးလေးနဲ့ ဖိလို့ ဆွဲထုတ်။ တစ်ကောင်ပြီးတစ်ကောင် လုပ်သွားလိုက်တာများ ကြည့်လို့တောင် ကောင်းလှသေး။ အားလုံး ဗိုက်ဖောက်ပြီးတော့ ရေအသန့်နဲ့ ထပ်ဆေး၊ ဆား၊ နနွင်း၊ အချိုမှုန့် နည်းနည်းနဲ့ နယ်ထားလိုက်တယ်။ ပြီးတော့ ငါးပနော်နှစ်ကောင်ကိုလဲ အကျည်းထိုး၊ ဓားနဲ့ပါးပါးမွှမ်း၊ တစ်ကောင်ကို ငန်ပြာရည် နည်းနည်းနဲ့ ပြုတ်လိုက်ထားလိုက်တယ်။
တစ်ဆက်ထဲမှာ မီးသွေးမီးဖိုအောက်က လေ၀င်ပေါက်မှာ ကျနေတဲ့ ပြာပူထဲ ကုလားအော် နှစ်တောင့်နဲ့ ကြက်သွန်နီ တစ်ဥလောက်၊ ကြက်သွန်ဖြူ နည်းနည်း ပစ်ထည့်ထားလိုက်သေး တယ်။ ကျွန်မကိုလဲ ဘာမှ ၀င်ကူ လုပ်ခွင့်မပေးပဲ ” ကြည့်ချင်ရင် ဘေးကနေသာ ငြိမ်ငြိမ် ကြည့်နေ.. ” ဆိုတော့ သူ ဇယ်ဆက်သလို လုပ်နေတာတွေကို ကျွန်မမှာ မျက်ခြေပြတ်မခံနိုင်ပဲ လိုက်ကြည့်နေမိတယ်။ သားကြီး၊ ငါးကြီး မယ်မယ်ရရ ဘာမှမပါလာတဲ့ ဈေးခြင်းထောင်းထဲက ဟင်းလျှာတွေနဲ့ ကျွန်မတို့ကို မနော်တစ်ယောက် ဘယ်လိုဘယ်ပုံများ ထမင်းမြိန်လေအောင် လက်စွမ်းပြမလည်းဆိုတာ မဟာဒယားကြီးကို စိတ်ဝင်စားနေမိတော့တာ။ “ မနော်… တကယ် စားကောင်းမှာ သေချာတယ်နော်..” လို့ ကျွန်မက သူ့ရဲ့ဆွဲဆောင်မှု မရှိလေတဲ့ ဟင်းလျှာတွေကို ကြည့်ပြီးပြောလေတော့ “ သြော်.. ဒါကြောင့် မပြီးခင် ဗမာမမြင်စေနဲ့လို့ ပြောတာ ..” ဆိုပြီး ကျွန်မကို ပြုံးစေ့စေ့နဲ့ စလေတော့ “ ကောင်းပြီ.. ကျွန်မ တကယ် စားကောင်းရင် ဟိုနေ့က မနော်က လှတယ်လို့ပြောတဲ့ လမ်းထိပ်စတိုးဆိုင်က တရုပ်ပိတ် ၀မ်းဆက်အစလေး ကျွန်မမုန့်ဘိုးနဲ့ ၀ယ်ပေးမယ်.. ဘယ့်နှယ့်လဲ.. ” လို့ ကျွန်မ စိမ်ခေါ်လိုက်မိတယ်။ မနော်ကတော့ ဘာမှ မပြော။ ပြုံးတုံ့တုံ့နဲ့သာ။
တကယ်တော့ မနော်ကို ကျွန်မကိုယ်တိုင် သွားခေါ်ခဲ့ရတာ။ ကျွန်မ တက္ကသိုလ်ကျောင်း စတက်တော့ အမေကလဲ အလုပ်တစ်ဖက်နဲ့ဆိုတော့ အိမ်မှာ အိမ်အလုပ်လဲ ကူရအောင်၊ ကျွန်မလဲ အဖော်ရလေအောင် အိမ်အကူတစ်ယောက်လောက်တော့ ရှာမှဆိုလို့ အမေ့မိတ်ဆွေ တစ်ယောက်ရဲ့ အကြံပေးချက်နဲ့ အလုံမစ်ရှင်ကျောင်းလမ်းမှာ အိမ်အကူ သွားရှာခဲ့ပါတယ်။ ရောက်သွားတော့ အလုပ် လာခေါ်သူတွေကို တန်းစီပြီး ထိုင်စောင့်နေသူတွေထဲမှာ မနော်ကို ကျွန်မ မျက်စိကျသွားရပါတယ်။ ဒူးဆစ်အထိ ရှည်လျှားနက်မှောင်တဲ့ ဆံပင်ကို အုန်းဆီရွှဲနေအောင် လူးလို့၊ နဖူးအပြောင်သိမ်းကာ စည်းထားလျှက်၊ မျက်လုံးပြူးပြူး၊ မျက်နှာကျဝိုင်းဝိုင်း၊ နဖူးပြင် ကျယ်ကျယ်၊ အရပ်ခပ်ပြတ်ပြတ်နဲ့ ရိုးသားပွင့်လင်းတဲ့ ဟန်ပန်ရှိတဲ့ ဗုဒ္ဓဘာသာ ကိုးကွယ်သူ၊ ကျန်းမာသန်စွမ်းတဲ့ ကျေးလက် ကရင်တိုင်းရင်းသူ မနော်ကို ကျွန်မ စိတ်ကြိုက် ရွေးခေါ်ယူခဲ့ပါတယ်။ ကျွန်မရွေးတာမှန်ခဲ့ပါတယ်။ မနော်ရဲ့ နာမည်အရင်းက “ နော်ခရီးမေ ”၊ မြစ်ဝကျွန်းပေါ် တောင်ပို့ကြီးလို့ ခေါ်တဲ့ ကရင်လူမျိုးတွေ အများစုနေတဲ့ ကျေးရွာလေးက။ မနော်က ကျွန်မထက် အသက်၆နှစ်တောင် ကြီးတယ်။ အစသန်တဲ့ ကျွန်မ၊ မိန်းကလေး အဖော်မရှိလေတဲ့ ကျွန်မအတွက် စိတ်ရှည်တဲ့ မနော်က တကယ့် အဖော်ကောင်း တစ်ယောက်ပါ။ မနော်ကလဲ အဆင့်အတန်း မခွဲခြားတတ်တဲ့၊ ပွင့်လင်းဖော်ရွေတဲ့ ကျွန်မတို့မိသားစုကို မကြာခင်မှာပဲ ခင်တွယ်လာခဲ့ပါတယ်။ အခုတစ်လော ခံတွင်းပျက်နေတယ်လို့ အမေညည်းလိုက်တာကို ကြားပြီး ဒီနေ့တော့ မနော်တစ်ယောက် သူ့စိတ်ကြိုက် လက်စွမ်းပြနေလေပြီ။
“ ကဲ.. စချက်ပြီဝေ့…” လို့ မနော်က အသံပေးပြီး ငရုပ်သီး၊ ကြက်သွန်ကို မွှေးလာတဲ့အထိ ဆီသတ်လိုက်ပြီး ခုနနှပ်ထားတဲ့ ငါးဘဲဖြူများကို ဆီသတ် ဒယ်အိုးထဲထည့်လို့ လက်နှီးလေးနဲ့ ဒယ်အိုးကို လှုပ်လိုက်၊ အဖုံးလေးအုပ်လိုက်နဲ့၊ တအောင့်နေတော့ မကျည်းရည် ပျစ်ပျစ်လေးဆမ်းလို့ ဆားပြား၊ အချိုမှုန့် ထည့်ပြီး နံနံပင် လတ်လတ်ဆတ်ဆတ်လေးတွေကို လက်နဲ့ နှစ်ပိုင်းချိုးဖြတ်လို့ အပေါ်က အုပ်ဖြူးကာ ဒယ်အိုးလေးကို လှုပ်ပေးပြန်ပါတယ်။ ငါးအိုးဆီပြန်လို့ မခြောက်ခင်မှာ ခုန ပြုတ်ထားတဲ့ ငါးပနော်ကို အရိုးသင်ပါတယ်။ ခဏကြာတော့ ငါးဘဲဖြူ အိုးကပ်ဟင်းလေးက ဆီသံ တဖျစ်ဖျစ်မြည်လာကာ မွှေးလာပါတယ်။
ငါးဘဲဖြူဟင်း ကျက်လေတော့ ငါးပြုတ်ရည်အိုး မီးဖိုပေါ်ပြန်တင်ပြီး၊ ခုနက အရိုးနွှံထားတဲ့ ငါးပနော်အသားများ၊ ကြက်သွန်ဖြူ ဓားပြားရိုက်ထားတာကို ပွက်ပွက်ဆူလာတဲ့ ပြုတ်ရည်အိုးထဲကို ပစ်ထည့်လိုက်ပါတယ်။ ပြီးတော့ သင်ထားတဲ့ ကန်စွမ်းရွက်၊ ဘူးညွန့်၊ ဟင်းနုနွယ်နဲ့ ပဲညွန့်တို့ကို ကရင်လို သီချင်းတစ်ပုဒ် ပါးစပ်က ညည်းလျှက်က ဟင်းအိုးထဲ ပစ်ထည့်ပြန်တယ်။ ဟင်းအိုးပွက်လို့ ဟင်းရွက်တွေ နူးလာချိန် စောင့်နေတုန်းမှာ ဘယ်ကရှာလာမှန်းမသိတဲ့ ၀ါးသီတံတစ်ချောင်းကို ကျန်တဲ့ ငါးပနော်တစ်ကောင်ကို ပါးစပ်ကနေ အမြှီးထိအောင်လျိုလို့ ငါးကင်ဖို့ ပြင်ပါလေတယ်။ ဟင်းရွက်ပြုတ်အိုး ပွက်လာချိန်မှာ အပေါ့အငန်မြည်းလို့ ငရုပ်ကောင်းလှော်ခတ်၊ ဆူးပုတ်ရွက်ကို နောက်ဆုံးဘိတ် ပစ်ထည့်ပြီး အဖုံးအုပ်ကာ ဖိုပေါ်မှ ချလိုက်ပါတော့တယ်။
ဆူးပုတ်ရွက် ရနံ့လေးမွှေးလာတော့ ကျွန်မဗိုက်ထဲ ဂွီခနဲတောင် မြည်လာပါတယ်။ အိမ်ရှေ့ကနေ အဖေ့ရဲ့ “ မွှေးတယ်ဟေ့.. ကျက်တာနဲ့ စားမယ်နော် ” လို့ ပြောလိုက်သံ ကြားလိုက်လို့လားမသိ။ မနော်က ချက်နေတာကို အရှိန်မြှင့်လိုက်လေတယ်။ ခုန သီထားတဲ့ ငါးကင်တံကို မီးဖိုပေါ်မှာ ဟိုသည်လှည့်လို့ ကင်တယ်။ တခဏနေတော့ ငါးကင်နံ့မွှေးမွှေးက နှာဝကို လာကလူလေတယ်။ “ အဲ့ဒီ ငါးကင်က ဘာလုပ်ဖို့လဲ ” မေးတော့ ငပိရည်ဖျော်မှာဆိုပဲ။ အရွယ်တော် ဟင်းပန်းကန် တစ်လုံးယူပြီး အရိုးထွင်ထားတဲ့ ငါးကင်၊ ခုနက ပြာပူမှာ မီးအုံးထားတဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကုလားအော်ငရုပ်တောင့်တို့ကို လက်နဲ့ ပယ်ပယ်နယ်နယ် ရောသမကာ ဖိချေပါတော့တယ်။ ကျေနပ်လောက်အောင် ဖိချေပြီးတော့မှ စောစောက ကျိုထားတဲ့ ငပိရည်ကျိုကို အပေါ်ကနေ လောင်းထည့်တယ်။ ငပိတို့စရာ ကြိုက်တဲ့ ကျွန်မအတွက် ငါးမီးဖုတ်ငပိရည်ဖျော် စိမ်းမြမြရဲ့ မွှေးရနံ့က စိတ်ကို မထိမ်းနိုင်တော့လေပြီမို့ လျှာဖျားတလျှောက် လျှံတက်လာတဲ့ သွားရည်ကို လည်ချောင်းထဲကို ဂလုဆို မြိုချပစ်လိုက်ရပါတယ်။ စိတ်ကို ဘယ်လိုမှ မထိမ်းနိုင်တော့တာနဲ့ ပန်းကန်တွေ ရေဆေးလို့ ထမင်းကို ကြိုတင် ခူးခပ်ထားလိုက်နှင့်ပါတယ်။ အဲ့ဒီအချိန်မှာ မနော်က ဆီဒယ်အိုး မီးဖိုပေါ်တင်လို့ ဒညင်းဝက်ကို အခြမ်းလေးတွေခြမ်းပြီး မီးလက်ကျန်လေးနဲ့ ဆီပူထိုးကာ ကြော်နေပါပြီ။
ကျွန်မလဲ ထမင်းခူးပြီးတာနဲ့ ငါးဘဲဖြူ မကျည်းနှစ်အိုးကပ်ချက်ကို ပန်းကန်နဲ့ထည့်။ အလယ်သောက် ပန်းကန်ကြီးထဲမှာ ငါးပနော် ဟင်းရွက်စုံ ဟင်းချို ပူပူလောင်လောင်ကို ခပ်။ ငါးမီးဖုတ် ငပိရည်ဖျော် မွှေးမွှေးနဲ့ မနော်ယူလာပေးတဲ့ ဒညင်းဝက်ကြော်ပန်းကန်ကို နေရာချ။ တစ်ချိန်ထဲမှာ “ အမေရေ.. စားလို့ရပြီ ” လို့ အိမ်ရှေ့ကို လှမ်းအော်လိုက်တယ်။ ကျွန်မတို့ မိသားစု လေးယောက် ထမင်းဝိုင်းမှာ နေရာယူလိုက်ချိန်မှာ မနော်က တို့စရာဆိုပြီး ပန်းကန်တစ်ချပ် လာချပေးလို့ ကြည့်လိုက်တော့ မျှစ်ပြုတ် ၀ါဝါလေးတွေနဲ့အတူ စစချင်းတုန်းက ကျွန်မက ဒါ ဘာအရွက်တွေလဲလို့ မေးခဲ့ရတဲ့ အရွက်လေးတွေကို ရိုးတံနဲ့အတူ အစိမ်းလိုက် အလောတော် ပိုင်းဖြတ် ထည့်ထားတာ တွေ့ရလေတယ်။ “ ဒါ.. ထိကရုန်းရွက်လေ..၊ ကျွန်မတို့ ရွာမှာဆို ပေါချင်းသောချင်း..၊ ဒီအတိုင်း ပေါက်နေတာ၊ ငပိဖျော်နဲ့ တို့စားရင် ခံတွင်းမြိန်ပြီး ဆေးဘက်လဲ ၀င်တယ် ” လို့ မနော်က ပြောပြလေတော့ ကျွန်မတို့ မိသားစုရဲ့ လက်တွေက တို့စရာ ပန်ကန်းပေါ်မှာ ရစ်ဝဲလို့ သွားပြန်ပါတယ်။
ကျွန်မတို့မိသားစု လေးယောက် စကား မပြောနိုင်ကြတော့ပါဘူး။ ငါးဘဲဖြူ အိုးကပ်ဟင်းရဲ့ အရသာက အရိုးပါ ၀ါးစားလို့ လျှာမှာ အရသာ စွဲငြိနေပါတယ်။ ထိကရုန်း အရွက်တွေကို ထမင်းထဲ မြုပ်၊ ငပိဖျော် စပ်စပ်နဲ့ တဂျွမ်းဂျွမ်းတို့၊ ဒညင်းဝက်လေး ကိုက်လိုက်၊ မျှစ်ကလေး မြုပ်တို့လိုက်နဲ့ ရှူးရှူးရှဲရှဲနဲ့ စပ်လာတော့ ဆူးပုတ်ရွက်နံ့ သင်းနေတဲ့ ငရုပ်ကောင်းနိုင်နိုင်နဲ့ ဟင်းရွက်စုံ ပြုတ်ရည်ပူပူကို တရှူးရှူး မှုတ်သောက်။ ထမင်းလုပ်တွေက တစ်လုပ်ပြီး တစ်လုပ် အသော မသတ်နိုင်တော့။ ချွေးသီးချွေးပေါက်တွေက အားလုံးရဲ့ နဖူးမှာ၊ နှာသီးဖျား ထိပ်မှာ၊ နှုတ်ခမ်း တစ်ဝိုက်မှာ တွဲရွဲခိုလို့။ နှာရည်များတောင် ယိုလာချင်ချင်။ ထမင်းဝိုင်းမှာ လက်တွေက ရှုပ်ရှက်ခတ်လို့ နေပြီ။ ဇွန်းတွေ ခလုပ်တိုက်ကုန်ပြီ။ ဟင်းပန်းကန်တွေ အပေါ်မှာ ကျွန်မတို့ လက်တွေ မနားတမ်း ၀ဲပျံနေကြပြီ။ မနော်ရဲ့ တောဟင်း လက်ရာအောက်မှာ ကျွန်မတို့ မိသားစု ခေါင်းမဖော်နိုင်တော့ပြီ။
မနော်ကလဲ မြိန်ရည်ယှက်ရည် စားနေတဲ့ ကျွန်မတို့ မိသားစုအတွက် ချွေးတလုံးလုံးနဲ့ စားပွဲ နဘေးကနေ ထမင်း၊ ဟင်း လိုအပ်တာတွေ ဒရစပ် လိုက်ပေးလို့။ ထမင်းစား နည်းတဲ့ အမေတောင် နှစ်ပန်းကန် မောက်မောက်စားနိုင်လေတော့ ဒီပွဲမှာ မနော် နိုင်လေပြီပေါ့။ အသားမပါရင် မစားတတ်လေတဲ့ မောင်လေးကလည်း အစားကြီးတဲ့ ကျွန်မကို အမှီလိုက်လို့။ နောက်ဆုံးဘိတ် ဟင်းချိုတစ်ဇွန်း ခတ်သောက်အပြီး ကျွန်မရဲ့ ဗိုက်က တင်းဖောင်းလို့ ပြည့်အင့်သွားချိန် မနော်တစ်ယောက် ဘာတွေများ လုပ်နေပါလိမ့်လို့ မီးဖိုထဲကို လှမ်းကြည့်လိုက်တော့၊ သူ စားဖို့တောင် တစ်စိ မကျန်တော့အောင် ပြောင်သလင်း ခါသွားလေတဲ့ လေးလုံးချက် ထမင်းအိုးကို ပီတိမျက်နှာနဲ့ ပြုံးပြုံးကြီး ရှိလျှက်က ကျွန်မကို လှမ်းပြလေတယ်။
ထမင်းစားပြီးတော့ ကျွန်မ မျက်လုံးတွေက ထမင်းဆိပ်တက်ပြီး လေးလံအိကျလာတယ်။ အင်း… ထမင်းလုံးစီပြီးလို့ တရေးတမော နိုးလာရင်တော့ လမ်းထိပ်က စတိုးဆိုင်လေးကို မနော်နဲ့အတူ သွားပြီး ကတိအတိုင်း ၀ယ်ပေးဦးမှ..။
( “အိပ်မက်ကောက်ကြောင်း” ရသစာစုများထဲမှာ ပါဝင်ဖြစ်ခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ပို့စ်အဟောင်းလေးပါ။)
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။
** မြသွေးနီ**

No comments:
Post a Comment