-ကောက်ရိုးလေးတစ်မျှင်-
သည်တစ်ခါတော့ မွန်မွန်က ကျော်စွာ့ခါးကို ဆွဲမလိမ်တော့ဘဲ.. “ အဘွားဆုပေးတိုင်း သူက အသားယူပြောနေရတာကို အရသာတွေ့နေတယ်လေ” လို့ ရှက်ပြုံးဖြင့် ပြော၏။ အဘွားက မွန်မွန်တို့နှစ်ယောက်ကို ကြည့်ပြီး သွားကျိုးများ ပေါ်သည်အထိ ပြုံးနေ၏။ ထိုင်ခုံမှာ ထိုင်နေသည့် အဘွား၏ခါးက ထိုင်လျှက်ကပင် ကုန်းနေလေပြီ။ နိုင်လွန်ကြိုးဖြင့် ချည်နှောင်ထားသည့် မျက်မှန်ကိုင်းကျိုးအောက်တွင် အဘွား၏မျက်ဝန်းများက ဝေေ၀၀ါးဝါးရှိလှ၏။ ရေနွေးကြမ်းခွက်ကို ကိုင်ထားသည့် အဘွား၏လက်မှ လက်သည်းခွံများကြားတွင် ချေးညှော်များနှင့်။ အဘွားခြေထောက်ကို ကြည့်လိုက်တော့ မညှပ်တာကြာလှသည်း ခြေသည်းရှည် ခြေချောင်းများကို သယ်ဆောင်လာသည့် သားရေဖိနပ် မြှီးပိုင်းပြတ်နှင့်။ အဘွား ၀တ်ထားသည့် ဆေးလိပ်မီးပေါက်ဗလပွအင်္ကျီနှင့် အရောင်မပေါ် ထမီတို့က နွမ်းဖတ်နေချေပြီ။ အဘွားငယ်ထိပ်က ကွမ်းသီးဖု ဆံထုံးလေးမှာ ရစ်ခွေပတ်ထားသည့် စပယ်ပန်းကုံးလေးကတော့ လတ်လတ်ဆတ်ဆတ်ရှိ၏။ “ အဘွားအကြောင်း ပြောပြပါလား၊ သမီးတို့ စိတ်ဝင်စားလို့” မွန်မွန်က အဘွားအကြောင်းကို စပ်စပ်စုစု မေးခြင်းထက်၊ အဘွားနှင့် သူတို့နှစ်ဦး ပိုမိုရင်းနှီးလိုသည့်သဘော ပြလိုသည်ကို ချစ်သူဖြစ်၍ ကျော်စွာ ကောင်းကောင်း နားလည်လိုက်သည်။ “ အဘွား ဘယ်က စပြောရမလဲ” အရိုးခံ မေးလိုက်တဲ့ အဘွား၏ စကားကြောင့် မွန်မွန်က ဟက်ဟက်ပက်ပက် ရယ်ရင်းက- “ အဘွားရဲ့အသက် ဘယ်လောက်ရှိပြီ၊ အဘွား ဘယ်မှာနေတယ်က စလို့၊ ဒီနားတ၀ိုက်မှာ အလှူခံဖြစ်နေ တဲ့အထိ ပြောပြပေးနော် ” အဘွားက ပေါင်ပေါ်က လွယ်အိတ်လေးကို လက်ထဲ တင်းတင်းဆုတ်ကိုင်လိုက်ရင်းက - “ အဘွားအသက်က လာမယ့် ပြာသိုလဆို ခြောက်ဆယ့်ရှစ်နှစ်ရှိပြီ” ရှိရင်းစွဲအသက်ထက် ပိုအိုစာနေသည့် အဘွားက နှုတ်ခမ်းလေးတလှုပ်လှုပ်ဖြင့် ပြောပြလေသည်။ “ အဘွားက ရန်ကုန်တစ်ဘက်ကမ်း ဒလမှာနေတယ်၊ သဘောင်္စီးပြီး ရန်ကုန်ကို လာတာ၊ အဘွားမှာ ခန္ဓာကိုယ် လေတခြမ်းဖြတ်နေတဲ့ ညီမတစ်ယောက်ရယ်၊ နောက် သုံးတန်းတက်နေတဲ့ မြေးမတစ်ယောက် ရှိတယ်၊ သမီးနဲ့ သူ့ ယောကျာ်းက အလုပ်သွားလုပ်မယ်ဆို မြေးမ ငါးနှစ်သမီးလောက်ထဲက ထွက်သွားလိုက်ကြတာ ပြန်ကို မလာတော့ဘူး၊ ဒီတော့ အဘွားလည်း ၀မ်းရေးအတွက် မြေးကျောင်းစာရိတ်အတွက် ငွေရှာထွက်ရတော့တာ” “ ဒါဆို အဘွား ဒီလို အလှူခံထွက်နေတာ ကြာပြီပေါ့” လို့ ကျော်စွာက မေးလိုက်တော့ - “ ကြာလှပေါ့၊ အဘွားကို ဒီနားတ၀ိုက်မှာ ဘွားမှုံလို့ သိကြတယ်၊ အလှူရှင်တွေကလဲ ပုံမှန် လှူနေကြသူတွေပဲလေ ” မွန်မွန်က “ အဘွား တစ်နေ့ကို ဘယ်လောက်လောက် အလှူခံလို့ရသလဲ” လို့ မေးတော့ “ စားပြီးသောက်ပြီး တစ်ထောင်လောက်တော့ ရပါတယ် ” လို့ ပြော၏။ သို့ဖြင့် ကျော်စွာက - “ ခုနက မနက်စာ စားခဲ့တယ်ပြောတယ်၊ နေ့လည်စာရော အဘွားဘယ်မှာ စားသလဲ” “ မနက်စာက ရန်ကုန်ဘက်ကမ်း မကူးခင် အိမ်မှာထဲက ညကျန် ထမင်းကြမ်းခဲကို ငပိရည်နဲ့ လူးပြီး စားလာပြီးသား၊ နေ့လည်စာကတော့ ဖြစ်သလို ၀ယ်စားတယ်၊ အသုတ်လေးတစ်ပွဲလောက်ဆိုလဲ ရတာပဲ၊ အများကြီးလဲ စားနိုင်တာမှ မဟုတ်တာ၊ အဘွားက ဆေးပေါ့လိပ်တော့ မသောက်ရမနေနိုင်ဘူး” သွေးတိုးမှာစိုးသဖြင့် အိမ်က အဘွားကို အငန်တွေ ရှောင်ရန် တဖွဖွ သတိ ပေးနေခဲ့သည့် ကျော်စွာတစ်ယောက်၊ မျက်စိရှေ့တွင် ထိုင်နေသည့် မနက်စာအဖြစ် ငပိရည်လူးစားလာသည့် အဘွားကိုကြည့်ပြီး စိတ်မကောင်း ဖြစ်နေမိ၏။ မွန်မွန်က စိုးရိမ်စိတ်ဖြင့် ပြောမိ၏။ “ အဘွား သဘောင်္ပေါ်က ဆင်းရင်သတိထားနော်၊ ကုန်းပတ်ကို သေချာနင်းပြီးမှ ဆင်း၊ တစ်နေ့က ဂျာနယ်ထဲ ဖတ်လိုက်ရတယ်၊ ကုန်းပတ်ပေါ်က ခြေချော်ပြုတ်ကျလို့တဲ့၊ ရေနစ်သွားတာ” “ အဘွားကို ရန်ကုန်ဘက်မှာ အလုပ်လာလုပ်တဲ့ ကောင်လေးတစ်ယောက်က နေ့တိုင်း သဘောင်္ကနေ ပွေ့ချီပြီး ချပေးတယ်၊ တစ်ခါတစ်လေဆို ဟောဟိုက ဘဏ်နားအထိတောင် ကုန်းပိုးခေါ်လာပေးသေးတယ် ” အဘွား၏ ကြမ်းတမ်းလှသည့် ဘ၀ဖြတ်သန်းပုံများကို သိလိုက်ရသည့်အတွက် ကျော်စွာရော၊ မွန်မွန်ပါ ကြိတ်ပြီး သက်ပြင်းချလိုက်မိသည်။ ကျော်စွာက အင်္ကျီအိတ်ကပ်ကို နှိုက်လိုက်သလို၊ မွန်မွန်ကလည်း သူ့ လက်ကိုင်အိတ်လေးကို ဖွင့်လိုက်သည်။ အဘွားအတွက် နှစ်ယောက်စလုံး ငွေလှူဒါန်းရန် ပြင်လိုက်စဉ်မှာပင် ညှိုးနွမ်း စုတ်ပြတ်နေသည့် လမ်းဘေး ကလေးငယ်တစ်ယောက် ကျော်စွာ့ အနားသို့ လက်ကလေး ဖြန့်လျှက် ကပ်လာ၏။ “ မနက်စာ ဘာမှ မစားရသေးလို့ နည်းနည်းပေးပါ..၊ ဗိုက်ဆာလို့ပါ ” ဟု တတွတ်တွတ် ရွတ်ဆိုနေစဉ် - “ နင် အခု ဒီနေရာက ထွက်သွားစမ်း၊ ငါရှိတဲ့ နေရာဆို နင် တကောက်ကောက် လိုက်နေတာပဲ၊ သောက်ကောင်လေးတွေ၊ သောက်ကျင့်က မကောင်းဘူး၊ ငါလို အဖွားကြီးရဲ့ စားခွက်ကို လာလာလုနေတယ် ” ခြင်္သေ့တစ်ကောင်ကဲ့သို့ ရုတ်ချည်း ခွန်အားပြည့်လျှက်က လက်ညိုးငေါက်ငေါက် ထိုးယုံမျှမက၊ နဘေးနားချထားသည့် ၀ါးတောင်ဝှေးဖြင့် ကောင်ကလေးကို ချိန်ရွယ်လျှက် အော်ပြောနေသည့် အဘွား၏ မထင်မှတ်ပဲ ပြောင်းလဲသွားသည့် အမူအရာ၊ အပြောအဆိုကို ကြည့်လျှက်၊ မွန်မွန်နှင့်ကျော်စွာ မင်တက်အံ့သြ သွားရသည်။ အထူးသဖြင့် မွန်မွန်တစ်ယောက် အဘွား၏အော်ပြောသံကြောင့် တခြားစားပွဲမှ လူများ ၀ိုင်းကြည့်နေသည့်အတွက် မျက်စိမျက်နှာ ပျက်နေလေချေပြီ။
ထို့အတူ မွန်မွန်ရင်ထဲက အဘွားအပေါ်မှာ ထားရှိသည့် သဒ္ဒါစိတ်က အဘွား၏ အော်ဟစ်သံအောက်တွင် ရုတ်ချည်းပင် ပါးလျသွားတော့၏။ “ တစ်နေ့က လက်ထဲရှိတဲ့ နှစ်ထောင်နီးပါးကို နင့်အစ်ကို ငါ့ဆီက အဖမ်းအစီးတွေရှိတယ် ပြောပြီး ညာယူ သွားတယ်၊ နင်တို့ သေရင် ငရဲလားမယ့် ကောင်တွေ၊ သေချင်းဆိုးနဲ့ သေမယ့်ကောင်တွေ ” မွန်မွန်တစ်ယောက် အမှတ်မထင် ပြောင်းလဲသွားသည့် အခြေအနေကြောင့် ကျော်စွာ့လက်ကို တို့လို့ ပြန်ဖို့ လောဆော်နေလေပြီ။ မုန့်ဟင်းခါးဖိုး ရှင်းနေတဲ့ ကျော်စွာ့နားအနား ကပ်လျှက် - “ ကို… အဘွားက မမိုက်ဘူး၊ မွန်မွန် အဲ့လိုမျိုး လုံးဝမထင်ထားဘူး၊ ဘာမှ လှူမနေနဲ့တော့” မွန်မွန့်တားမြစ်စကားကြောင့် ကျော်စွာတစ်ခဏ လက်တုန့်သွားရသော်လည်း ခေါင်းကို ခါယမ်းလျှက်က ချက်ချင်းပင် လက်ထဲက နှစ်ရာကျပ်တန် တစ်ရွက်ကို အဘွားလက်ထဲ ထည့်ပေးလိုက်ပြီး မွန်မွန့် လက်ကိုဆွဲလျှက် နေရာမှ ထွက်ခဲ့၏။ ကျော်စွာ့လက်ထဲ ယက်ကန်ယက်ကန်ပါလာသည့် မွန်မွန်က တစ်ဘက် ကားလမ်းသို့ ရောက်လျှင်ရောက်ချင်း - “ ကိုကလေ တကယ်ပဲ..၊ ပြောနေရက်က ပေးလိုက်တယ်၊ မွန်မွန်စိတ်ထဲ ကုသိုလ်ယူဖို့ဟာ အခုတော့ မနက်စောစောစီးစီး အကြည်ဓာတ်လေးတောင် ပျက်သွားရပြီ ” “ မဟုတ်ဘူး မွန်မွန်ရဲ့..၊ ကို ပြောပြမယ်၊ လူဆိုတာ သူတို့ ကြီးပြင်း ရှင်သန်ရတဲ့ ပတ်ဝန်းကျင်ကို လိုက်လို့ သူတို့ရဲ့ ပင်ကိုယ်စိတ်ပေါ်မှာ တစ်စုံတစ်ခု စိုးရိမ်ထိတ်လန့်လာပြီဆို ရုတ်ချည်း ကာကွယ်ဖို့ တဒင်္ဂ အရောင်ပြောင်းသွားတတ်ကြတယ်၊ ဇောလို့ ခေါ်မလားပဲ၊ အဲ့ဒီအချိန်မှာ သူတို့ စိတ်ထဲ ဘာဆိုဘာမှ မသိတတ်ကြတော့ဘူး၊ တဒင်္ဂအခြေအနေကို ဘယ်လိုကာကွယ် ကျော်ဖြတ်ကြရမလဲလို့ စဉ်းစားချိန်တောင် မရှိလိုက်ပဲ တုန့်ပြန်မိတတ်ကြတယ် ” ကျော်စွာ ပြောပြနေသည်ကို မွန်မွန် ငြိမ်သက်၍ နားထောင်နေမိ၏။ “ အိမ်က အဘွားတောင် တစ်ရက်က ကို့အတွက် သူ စားစေချင်လွန်းလို့ သေချာ ကြော်ပေးထားတဲ့ ပုဇွန်ကြော်ကို၊ ဖေဖေက သူမရှိတုန်း သူ့သူငယ်ချင်းတွေ အိမ်လာချိန်မှာ အကုန် ချကျွေးလိုက်လို့ အဘွားတစ်ယောက် အကြီးအကျယ် ဒေါသူပုန် ထဘူးတယ်၊ ကို သိတတ်စကထဲက ဖေဖေ့ကို ဘွားဘွား ဒေါသနဲ့ အော်ဘူးတာ ဒီတစ်ခါပဲ တွေ့ဘူးသေးတယ်” မွန်မွန်အတွေးထဲ ကျော်စွာ့အဘွား၏ ဒေါသထွက်နေမည့် မျက်နှာကို စိတ်ကူးထဲ ပုံဖော်ကြည့်မိလိုက်၏။ “ ခုန အဘွားကြတော့ အသက်ကလဲ ကြီးနေပြီ၊ စားဝတ်နေရေး တာဝန်ကို အရွယ်နဲ့ မမျှအောင် တာဝန်ယူနေရတယ်၊ သူ့မှာရှိတဲ့ တာဝန်တွေက သူ့ကို ဇောကပ်စေပြီး အဲ့ဒီဇောနဲ့ ခုနကောင်လေးကို အော်ဟစ်မိလိုက်တာပါကွာ..၊ သက်ကြီးရွယ်အို မရှိနွမ်းပါးသူကို နိုင်သလောက်လေး ကူညီနေတာနဲ့တင် ကိုတို့ ကုသိုလ်ရနေပြီလေ၊ ကိုယ်တို့အတွက် ဘာမှ မဖြစ်စလောက် ငွေအကြွေလေးတွေက သူတို့အတွက် အများကြီး အထောက်အပံ့ ဖြစ်နိုင်တယ်၊ မွန်မွန် စိတ်ထဲမှာ ဘာမှ ထားမနေနဲ့နော်.. ဟုတ်လား.. ” “ဒါဆိုသူက ဘာလို့ ကြမ်းကြမ်းတမ်းတမ်း စကားလုံးတွေ သုံးရသလဲနော်၊ မွန်မွန် လုံးဝမှ မမျှော်လင့်ထားဘူး” “ရုတ်တရက်မို့ မွန်မွန် လန့်သွားတာပါ၊ ကြမ်းကြမ်းတမ်းတမ်း ပြောတာကတော့ကွာ၊ သူနေထိုင်ရာ ကြီးပြင်းရာ ပတ်ဝန်းကျင်နဲ့ ဆိုင်တာပါ၊ သူ့စိတ်နဲ့တော့ တိုက်ရိုက် အချိုးမကျလှပါဘူး၊ ကိုတို့သာ သူ့နေရာမှာဆို၊ သူ့လိုပဲ အော်ဟစ်ပြောဆိုမိနိုင်တာပဲနော်၊ သူ့ရဲ့ ပကတိ အခြေအနေတွေကပဲ သူ့ကို ဒီလို ပြောမိ အော်မိဖို့ တွန်းပို့ခဲ့တာပါ” ကျော်စွာ့ ဖျောင့်ဖျစကားက မွန်မွန်၏ ရှုပ်ထွေးနေသော စိတ်ကို အနားသတ် ပြီးဆုံးစေလိုက်သည်။ မွန်မွန့်စိတ်ထဲတွင် ခုနကလို အစိုင်အခဲလိုက် မဖြစ်တော့သော်လည်း၊ ရှင်းလင်းသွားသည်အထိတော့ မဖြစ်ခဲ့ပါချေ။ နောက်တစ်နေ့မနက် ရုံးလာချိန် မီးစက်ကြီးနား အရောက်မှာတော့ ထိုင်နေကြနေရာတွင် အဘွားကို သူတို့နှစ်ယောက် တွေ့လိုက်ရ၏။ ကျော်စွာက မွန်မွန်ကို မသိမသာ အကဲခတ်ကြည့်၏။ အဘွား၏ မျက်ဝန်းများနှင့် မွန်မွန်ဆုံလိုက်ချိန်မှာတော့ မွန်မွန်လက်များက သီးသန့်သိမ်းထားသည့် လက်ကိုင် အိတ်ထဲက ငွေအကြွေများကို အလိုလို နှိုက်မိလျှက်သားရှိ၏။ ဝေသီမျက်ဝန်းအစုံထဲက အားကိုးမှု၊ စောင့်မျှော်မှုနှင့်အတူ၊ ဤမျက်ဝန်းပိုင်ရှင်၏ အရွယ်နှင့် မအပ်စပ်သည့် ဖိအားများကိုပါ မွန်မွန် အသေအချာ တွေ့လိုက်ရချိန်မှာတော့ မည်သို့မျှ ဥပေက္ခာပြုနိုင်စွမ်း မရှိတော့ပါချေ။ မွန်မွန်တို့အတွက် ဘာမှ မဟုတ်လောက်သည့် ငွေအကြွေစလေးက အဘွားတို့လို လူမျိုးတွေအတွက် ကောက်ရိုးလေးတစ်မျှင် ဖြစ်နိုင်သည်ကို မွန်မွန် ခံစားသိလိုက်ရသည်။ ကောက်ရိုးမျှင်လေး များစွာထဲက တစ်မျှင်မျှလောက် မွန်မွန် ဖြစ်ခွင့်ရသည်ကို မွန်မွန် မကျေနပ်သင့်ပေဘူးလား။ “ သာဓု သာဓု သာဓု ကျန်းမာချမ်းသာပါစေ၊ ကြံတိုင်းအောင် ဆောင်တိုင်းမြောက်ပါစေ၊ လိုအင်ဆန္ဒ တစ်လုံးတစ်ဝထဲ ပြည့်စုံပါစေ၊ အိုအောင်မင်းအောင် ပေါင်းကြရပါစေ” ထုံးစံအတိုင်း အဘွားက ဆုပေးချိန်၊ အဘွားကို ချစ်တတ်သည့် ကျော်စွာတစ်ယောက် အရင်လို မွန်မွန်ကို မစ မနောက်ဖြစ်တော့ပေ။ ဆိတ်ဆိတ်ကလေးသာ ငြိမ်နေလိုက်မိ၏။ မွန်မွန့်စိတ်ထဲတွင် လတ်တလော ခံစားနေရသည့် ခံစားချက်လေးများ သူ့ကြောင့် ပွန်းပဲ့သွားမည်ကို ကျော်စွာ စိုးထိတ်မိလှပါသည်။
ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲ ကျကြပါစေ..
** မြသွေးနီ**

No comments:
Post a Comment