-အိမ်အိုကြီး၏ ၀ိညာဉ် -
အိမ်ကြီးတစ်အိမ်မှာ အခန်း(၇)ခန်းဖွဲ့စည်းထားပြီး အိမ်ပတ် ပတ်လည်မှာ အိမ်ရှေ့ကနေ အိမ်နောက်ဖေးအထိ လျှောက် သွားနိုင်ဖို့ သိပ်ကိုကြီးမားတဲ့ ၀ရံတာတစ်ခု ရှိတယ်။ စာ သင်ကျောင်းတစ်ခုရဲ့ ဒေါင့်နားမှာပါ။ အဲဒီအိမ်ရဲ့အကြောင်း ကို ကျနော် သိပ်သိတာပေါ့။ ဘာကြောင့်လဲဆိုတော့ ဒီအိမ် ကြီးကို ကျနော် အိပ်မက်မက်ဖူးတယ်။ အိပ်မက်ဆိုးကြီး တစ် ခု ဆိုပါတော့ဗျာ။ ဒီအိမ်ကြီးကို ကျနော့်ခွေးနဲ့ လမ်းလျှောက်နေတဲ့အချိန်တုန်း က ကျနော်ပထမဦးဆုံး မြင်ဖူးတာပါ။ ခမ်းနားထည်ဝါမှုတွေနဲ့ အတူ အိမ်ကြီးရှိရာ အဲဒီလမ်းထဲကို ကျနော်တို့ ၀င်သွားလိုက် တယ်။ “ဟာ ကျနော် အိပ်မက်မက်နေတာ ဒီအိမ်ကြီးပဲ”လို့ ကျနော့်ဖာသာ ကျနော် တွေးနေမိတယ်။ အဲဒီအိမ်ကြီးထဲကို ၀င်မကြည့်ဘဲ မနေနိုင်လောက်အောင် အသည်းအ သန် ဖြစ်နေခဲ့တယ်။ အထဲဝင်ကြည့်ဖို့ အိမ်ကြီးက ကျနော့်ကို ဖိတ်ခေါ် နေသလိုလို ခံစားရတယ်။ ပြူတင်းပေါက်တွေက အလွန်ကြီးမားပြီး သက်ရှိတို့ရဲ့မျက်လုံးပမာ ကျနော့်ကို ဖိတ်ခေါ်နေတယ်။ အိမ်ကြီး မှာ ၀ိညာဉ်သာ ရှိခဲ့မယ်ဆိုရင် အသံထွက်ပြီး ခေါ်နေလောက်ပါရဲ့။ တစ်ညမှာပေါ့ ပြူတင်းပေါက်ကြီးတွေနဲ့ ဘေးပတ်ပတ်လည်မှာ စင်္ကြလမ်း ရှိနေပြီး လမ်းဒေါင့်မှာရှိနေတဲ့ အိမ်အိုကြီးကို ကျနော်အိပ်မက်မက်ခဲ့တယ်။ အိပ်မက်ထဲမှာပေါ့ ကျနော် အဲဒီအိမ်ထဲကို ၀င်သွားစဉ်မှာ အဲဒီ နေရာကြီးကို ကျနော်ပိုင်ဆိုင်နေသလိုလို ခံစားရတယ်။ ကျနော်က ချောင်ကြိုချောင်ကြားတွေ၊ အခန်းဖွဲ့စည်းမှုတွေ၊ လျှို့ဝှက်ချက်တွေအားလုံးကို သိနေသလိုလိုပါပဲ။ ကျနော် လန့်နိုးလာတဲ့အချိန်မှာ လမ်းဒေါင့်က အိမ်ကြီးက လွဲရင် ဘာကိုမှ အာရုံမပြုမိလောက်အောင် အမြင်အာရုံတွေ ရှုပ်ထွေးနေခဲ့ပါ တယ်။ နောက်တစ်ရက်မှာ ကျနော် အဲဒီအိမ်ဘက်ကို ရောက်သွားတယ်။ အိမ်ရှေ့ကို ရောက်တဲ့အခါမှာ အရဲစွန့်ပြီး အိမ်ရှေ့တံခါးကို သွားခေါက်လိုက်တယ်။ အတန်ငယ်ကြာသွားတယ်။ ခဏလောက်စောင့်ပြီး ဘယ်သူမှ ထွက်မလာတာနဲ့ ကျနော်ပြန်ဖို့ လှည့်ထွက်လိုက်စဉ်မှာပဲ တံခါးကြီးက သူ့အလိုလို ပွင့်လာတယ်။ တံခါးဝ မှာ ရှစ်နှစ်အရွယ်လောက်ရှိတဲ့ ကလေးမလေးတစ်ယောက် ရပ်နေပါတယ်။ သူ့မျက်ဝန်းတွေမှာ ၀မ်းနည်း မှုတွေ အပြည့်ပဲ။ ကလေးမကို ပြုံးပြပြီး “သမီးရဲ့ဖေဖေ၊ မေမေတို့ အိမ်မှာရှိလား”လို့ မေးလိုက်တယ်။ သူက ကျနော့်ကို စိုက်ကြည့်နေပြီး မရှိကြောင်း ခေါင်းရမ်းပြလိုက်တယ်။ အင့် ကလေးမလေးတစ်ယောက်ထဲ အိမ်မှာ ရှိနေတာကိုက သိပ်ထူးဆန်းတာပဲ။ ဒါပေမယ့် သူ-မပြောပြတဲ့ ကလေးထိန်းအမျိုးသမီးတစ်ဦးဦးတော့ ရှိကောင်းရှိမှာပါလို့ အတွေးဝင်ပြီး… “ဦးက ရူဘီပါ၊ ဦးက သမီးလေးရဲ့မိဘတွေနဲ့ ဒီအိမ်ကြီးအကြောင်း ဆွေးနွေးချင်လို့ပါ” “သမီးမှာ မိဘတွေ မရှိကြတော့ဘူး။ သမီးရဲ့အစောင့်အရှောက်ဖြစ်တဲ့ ယုန်လေးတစ်ကောင်နဲ့ အတူ နေနေတာ။ ယုန်လေးက အိမ်နောက်ဖေးခြံထဲမှာ ရှိပါတယ်။ သူ့ကို ဒီကို ချီလာပေးရမလား” “ချီခဲ့လေ ကြည့်ရတာပေါ့” ကလေးမလေး အိမ်နောက်ဖေးဘက်ကို ထွက်သွားတယ်။ ကျနော် စောင့်ပြီးရင်း စောင့်နေခဲ့တယ်။ မိနစ်သုံးဆယ်ခန့်သာ ကြာသွားတယ်၊ ဘယ်သူမှ ထွက်မ လာ တော့ဘူး။ ဒါကြောင့် ကျနော် အိမ်နောက်ဖေးကို လျှောက်သွားလိုက်တယ်။ ကျနော် ဘာမှလည်း မမြင်ပါဘူး။ ကလေးမလေးလည်းမရှိ၊ သူပြောတဲ့ ယုန်လည်းမရှိ၊ ပေါင်းပင်တွေ၊ ကျိုးပဲ့နေတဲ့ ခြံစည်း ရိုးတွေ ပြီးတော့ ပြုပြင်မထားတဲ့ ဟောင်းနွမ်းဆွေးမြေ့နေတဲ့ ဥယျာဉ်ဟောင်းကြီးပဲရှိတယ်။ အရာရာ တိုင်းဟာ စွန့်ပစ်ထားတာချည်းပဲတွေ့တယ်။ နောက်တော့ အိမ်ရှေ့ဖက်ကို ပြန်သွားပြီး တံခါး ကို နောက်တစ်ခါ ထပ်ခေါက်လိုက်တယ်။ ဘာမှလည်း မရှိ။ ဘယ်သူမှလည်း မလာတော့ပါဘူး။ ကျနော် အဲဒီနေရာကနေ ပြန်လှည့်ထွက်ပြီး အဲဒီအိမ်ကြီးနဲ့ ပတ်သက်တဲ့အကြောင်းကို လေ့လာဖို့အတွက် စာကြည့်တိုက်တစ်ခုကို သွားဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီအိမ်ကြီးရဲ့အကြောင်းကို လေ့လာကြည့်တဲ့အခါ အဲဒီအိမ်ကြီးမှာ လွန်ခဲ့တဲ့သုံးနှစ်လောက်ကတည်းက ဘယ်သူမှမနေတော့ဘူးဆိုတဲ့အကြောင်း၊ အဲဒီအိမ် မှာ နေထိုင်ခဲ့ကြတဲ့ မိသားစုတွေဟာ အကြီးဆုံးကလေးကနေစပြီးတော့ ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက် တာ ကျန်တဲ့လူတွေလည်း လိုက်ပြီးတော့ ကိုယ့်ကိုယ်ကို အဆုံးစီရင်ပြီး ဘ၀ကို အရှုံးပေးသွား သူတွေ ဖြစ်တဲ့ အကြောင်း သိလိုက်ရတယ်။ ကျနော့် မြက်လုံးတွေပြူးပြီး မျက်နှာမှာပါ ဖြူဖတ်ဖြူရော် ဖြစ်သွားတယ်။ ကျနော် တုန်လှုပ်သွားတယ်။ ကျနော့်ဘေးနားမှာ ထိုင်နေတဲ့ လူတစ်ယောက်က ကျနော့်ကို အဆင်ပြေရဲ့လားလို့ မေးတော့ ကျနော် သူ့ကို ကြည့်ပြီး “အဆင်မပြေဘူး”လို့ ပြန်ဖြေလိုက်တယ်။ ကျနော့်ကိုယ်ကျနော် မယုံနိုင်အောင်ကို ဖြစ်လို့ဗျာ။ ကျနော် အခု အဲဒီအိမ်ကြီးကို အတတ်နိုင် ဆုံး ရှောင်နေလိုက်တယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီနားကို ဖြတ်သွားတဲ့အခါတိုင်း အဲဒီအိမ်ကြီးဟာ ကျနော့်ကို အော်ခေါ်နေသလိုလို၊ ပြီးတော့ အိမ်ကြီးရဲ့မျက်စိသဖွယ်ဖြစ်နေတဲ့ ပြူတင်းပေါက်ကနေ တစ် ဆင့် ကျနော့်ကို စိုက်ကြည့်နေတဲ့ ကလေးမလေးကို မြင်နေရသလိုလို ခံစားနေရလို့ပါပဲ။ ပြီး… မှတ်ချက်၁။ ။ဘာသာပြန်ချောမွတ်မှုမရှိပါက ဘုန်းဘုန်းရဲ့အပြစ်သာဖြစ်ကြောင်း။ မှတ်ချက်၂။ ။အင်တာနက်က ယူပြီး ဘာသာပြန်လိုက်တာပါ။ အလုပ်တိုင်းမှာ ရည်ရွယ်ချက်တွေ ရှိတတ် ကြတာပါပဲလေ၊ နော်။ အဲဒီ ရည်ရွယ်ချက်တွေက ကောင်းတာလည်း ဖြစ်နိုင်သလို၊ ဆိုးတာ လည်း ဖြစ်နိုင်ပါတယ်။ ဘုန်းဘုန်းတောက်ရဲ့ ရည်ရွယ်ချက်ကတော့ ဘုန်းဘုန်းက ကျောင်းတက်နေတာ ဆိုတော့ လေ အင်္ဂလိပ်စာလည်းတိုးတက်အောင်၊ ပြီးတော့ စာဖတ်ကြွလာ မိတ်သဟာတွေလည်း အပျင်းပြေအောင် ဆိုပြီး ဘာသာပြန်ပြီး တင်လိုက်ခြင်း ဖြစ်ပါတယ်။ နောက်လည်း အလျဉ်းသင့်သလို ဘာသာပြန်ပါဦးမယ် ဆိုတဲ့အကြောင်း။
အားလုံးပဲ ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြကြပါစေ…
Posted by တောက်ပကြယ်စင်

No comments:
Post a Comment