-ပျော်ရွှင် ရယ်မောရစေရုံပါပဲ-
**ကြည့်တတ် မြင်တတ်တဲ့ ပညာ **
တစ်ခါက . . . နာမည် ကျော်ကြားပြီး အလွန်ကို တော်တဲ့ လိပ်ခေါင်း အထူးကု ဆရာဝန်ကြီး တစ်ယောက်ရှိတယ်။ နာမည်ကျော်ကြားသလို တကယ်ကိုလည်း အလွန်တော်ပါတယ်။ ဘယ်လောက်ထိ တော်လည်း ဆိုရင် လိပ်ခေါင်း အထူးကုလို့သာ ပြောတယ်။ သူများတွေလို လိပ်ခေါင်း ရှိနေတဲ့ စအိုဝကို လှန်ပြီးတော့ ကြည့်စရာကို မလိုအောင် တော်ပါပေတယ်။ ဟင် . . . လှန်မကြည့်ဘဲနဲ့ လိပ်ခေါင်း ဘယ်လို ဖြစ်နေတယ် ဆိုတာကို ဘယ်လိုလုပ် သိမလဲ လို့ စောဒက တတ်စရာ ရှိပါတယ်။ ဟုတ်ပါတယ်. . . အဲဒါကိုက ဆရာဝန်ကြီးရဲ့ ပညာလို့ ဆိုရမှာပါ။ ဆရာဝန်ကြီးက သူ့ရှေ့ကို ရောက်လာတဲ့ လူနာကို စကား အနည်းငယ် ပြောပြီးတော့ လူနာမှာ ဖြစ်နေတဲ့ လိပ်ခေါင်းကို ဘယ်လောက် ဖြတ်ပါလို့ ညွှန်ကြားလိုက်သတဲ့။ လှန်လှောကြည့်ခြင်းမျိုး လုံးဝကို မရှိဘူး ဆိုပဲ။ လိပ်ခေါင်း ဖြတ်တောက် ကုသတဲ့ ဌာနကလည်း ဆရာဝန်ကြီးက ဒီလောက် ဖြတ်ပါလို့ ညွှန်ကြားရင် အဲဒီလောက်သာ ဖြတ်လိုက်။ လိုတယ် ၊ ပိုတယ် လို့ကို လုံးဝ မရှိဘူးတဲ့။ ဒါကြောင့်မို့လည်း ဆရာဝန်ကြီးဆီမှာ လူနာတွေ အမြဲတမ်း ကြိတ်ကြိတ်တိုး များနေတတ်တယ်။ ဒီလိုနဲ့ နှစ်ပေါင်းများစွာ ကြာလာတော့ ဆရာဝန်ကြီး အနားမှာ အကူလုပ်ပေးရတဲ့ နာ့စ်မလေးက ဆရာဝန်ကြီးရဲ့ ပညာကို အရမ်းကို လေးစားနေမိတယ်။ ပြီးတော့ သူ အံ့လည်း အံ့သြနေမိတယ်။ လိပ်ခေါင်းဆိုတဲ့ ရောဂါကို လုံးဝကို လှန်မကြည့်ဘဲနဲ့ ကွတ်တိဖြစ်အောင် ခန့်မှန်းနိုင်တဲ့ ပညာဆိုတာ တော်ရုံ အတွေ့အကြုံနဲ့ မဖြစ်နိုင်ဘူး ဆိုတာ သူမက သိနေလို့ ဖြစ်တယ်။ အချိန်ကြာလာတာနဲ့ အမျှ ဆရာဝန်ကြီး ဘယ်လို သိတာလဲ ဆိုတာကို သူမ ပို၍ ပို၍ သိချင်လာတယ်။ သူမ ဖာသာလည်း စဉ်းစား တွေးတောလို့ မရတဲ့ အဆုံးမှာ ဆရာဝန်ကြီးကို ဖွင့်မေးမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ဒါနဲ့ တစ်နေ့ ဆေးခန်းမှာ လူနာ နည်းနည်း ရှင်းနေတဲ့ နေ့မှာ သူက ဆရာဝန်ကြီးကို ဖွင့်မေးခဲ့တယ်။ “ ဆရာ . . . ဆရာ့ကို တစ်ခုလောက် မေးပါစေ။ ” “ အင်း . . . မေးပါ။ ” “ လိပ်ခေါင်း လူနာတွေကို ဆရာ သူတို့ရဲ့ ရောဂါ ဖြစ်နေတဲ့ စအိုဝကို လုံးဝကို လှန်မကြည့်ဘဲနဲ့။ သူတို့ ခံစားနေရတဲ့ ရောဂါကို မေးပြီးတော့ ဖြတ်တောက် ကုသရေး ဌာနကို ဘယ်လောက် ဖြတ်ပါလို့ ညွှန်ကြားလိုက်တာ အမြဲတမ်း ကွက်တိ ဖြစ်နေတယ်နော် . . . ဆရာ။ ” “ သြော် . . . ဟုတ်ပါတယ်။ ” “ အဲဒါ ဘာကြောင့် သူတို့ရဲ့ ရောဂါ ဖြစ်နေတဲ့ နေရာကို လှန်ကြည့်စရာ မလိုဘဲနဲ့ ဘယ်လိုလုပ် သိတာလဲ ဆိုတာကို ကျွန်မက သိချင်လို့ မေးတာပါ ဆရာ။ ” သူမက ဒီလို ပြောတော့ ဆရာဝန်ကြီးက သူမကို သေချာ ကြည့်ပြီးတော့ သေချာစွာ လှလှပပ ပြုံးလိုက်တယ်။ ပြီးတော့မှ သူမက သေချာ ရှင်းပြတယ်။ “ ဒါက ဒီလို ရှိပါတယ်ဗျာ။ တကယ်တော့ လူတိုင်း လူတိုင်းက လိပ်ခေါင်း ရှိပါတယ်။ ရောဂါပြင်းသူ နဲ့ ရောဂါပျော့သူ ၊ ရောဂါရင့်သူ နဲ့ ရောဂါ မသိသာသူလောက်ပဲ ကွာတာပါ။ ကျွန်တော်ကလည်း လိပ်ခေါင်းကို ကုလာတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဆိုတော့ လူနာတွေရဲ့ လိပ်ခေါင်းကို လှန်ကြည့်စရာ မလိုဘဲနဲ့ကို သိပါတယ်။ ” “ ဟုတ်ကဲ့ . . . ဘယ်လို သိနိုင်တာလဲ ဆရာ။ ဒါလေး ပြောပြပေးပါ။ ” “ ဒီလိုပါ . . . လိပ်ခေါင်းဆိုတာ လူတိုင်းမှာ ရှိတာ မို့လို့ သူတို့ရဲ့ ပါးစပ်ကို ကြည့်ပြီးတော့ ကျွန်တော်က သိနိုင်တာပါ။ သူတို့ ပါးစပ်ပြဲရင် လိပ်ခေါင်းက ဘယ်လောက် ၊ သူတို့ရဲ့ပါးစပ်က စူနေရင် ဘယ်လို ပုံစံ ၊ သူတို့ ပါးစပ်က ဘယ်လို ဖြစ်နေရင် လိပ်ခေါင်းက ဘယ်လို ဆိုတာတွေကို ကျွန်တော့်ရဲ့ လိပ်ခေါင်း ကုသခဲ့တဲ့ ဆရာဝန် သက်တမ်း အရ အလိုလို သိနေတာပါ။ ဒါကြောင့် ကျွန်တော့်ရဲ့ လူနာတွေကို သူတို့နဲ့ စကားပြောကြည့်ပြီးတော့ သူတို့ရဲ့ ပါးစပ်ကို ကြည့်ပြီး လိပ်ခေါင်း အတို ၊ အရှည်ကို ခန့်မှန်း ပြောလိုက်နိုင်တာပါဗျာ။ ” လို့ ပြောသတဲ့။ ဒီလိုလည်း ဆရာဝန်ကြီးက ပြောပြီးရော လိပ်ခေါင်း ခန့်မှန်းချက်ကို မေးနေတဲ့ နာ့စ်မလေးက သူမမှာ လိပ်ခေါင်း ရှိနေတာကို ဆရာဝန်ကြီး သိသွားပြီလားလို့ စိုးရိမ်သွားခဲ့တယ်။ ပြီးတော့ သူမရဲ့ လိပ်ခေါင်း အတို အရှည်ကို ဆရာဝန်ကြီး သိသွားမှာ စိုးတဲ့ အတွက်ကြောင့် ပါးစပ်လေးကို ခပ်တင်းတင်း စေ့ကာ . . . . “ ဝုတ်ရား . . . ချရာ . . . . ဂရိုကိုး . . . ကျမွ . . . တိပါဘီ . . . ” လို့ ပြောသတဲ့။ ________________________________________
ရယ်စရာလေး ဖြစ်သလို ၊ ပြုံးစရာ ဟာသလေးလည်း ဖြစ်ပါတယ်။ အဲဒီလို အဖြစ်အပျက်လေး ဖြစ်ပြီးတော့ အချိန်ကာလ တစ်ခုကြာတော့ ဆရာဝန်ကြီးဟာ လူငယ်လေး တစ်ယောက်ကို ပါးစပ်ကို ကြည့်ပြီးတော့ လူတွေရဲ့ လိပ်ခေါင်း အတို ၊ အရှည်ကို ခွဲခြားတဲ့ နည်းကို သင်ပေးလိုက်သတဲ့။ ထိုလူငယ်လေးက အခု ဘလော့ရေးနေတဲ့ ကျွန်တော် “ ကိုဇော် ” ပါပဲ။ အခု ဒီဟာသလေးကို ဖတ်ပြီးတော့ လွတ်လွတ်လပ်လပ် ရယ်နေတဲ့သူတွေ ၊ ပြုံးနေတဲ့ လူတွေ ၊ အသံထွက်ပြီး ရယ်နေတဲ့ လူတွေရဲ့ ပါးစပ်ကို ကျွန်တော်က ကြည့်ပြီးတော့ သူတို့ရဲ့ လိပ်ခေါင်းကို ခန့်မှန်း မိသွားတာပေါ့ဗျာ။ ဟော . . . ဟော . . . မရတော့ပါဘူး။ အခု အချိန်မှတော့ ပါးစပ်ကို လက်နဲ့ မပိတ်လိုက်ပါနဲ့တော့။ လုံးဝ . . . လုံးဝကို နောက်ကျသွားပါပြီ။ ကျွန်တော် အလုံးစုံကို ခန့်မှန်းမိသွားခဲ့ပါပြီ . . . . . . . . :D :D :D
- ပျော်ရွှင် ရယ်မောရစေရုံပါပဲ။ -
လေးစားစွာဖြင့်
ကိုဇော်

No comments:
Post a Comment