**သြစတြေးလျနိုင်ငံ၌ ရေလွှာလျှောစီးသူတစ်ဦး ငါးမန်းတိုက်ခိုက်ခံရပြီး ဆေးရုံတင်ပို့လိုက်ရ**
(ဆစ်ဒနီ စက်တင်ဘာ ၁) သြစတြေးလျနိုင်ငံ ပက်သ်မြို့မြောက်ပိုင်းရှိ နာမည်ကျော်ရေလွှာလျှောစီးရာ ရေပြင်တွင် သြဂုတ် ၃၁ ရက်က အမျိုးသားတစ်ဦး ငါးမန်းတစ်ကောင်တိုက်ခိုက်ခံရပြီး ကံကောင်းစွာဖြင့် အသက်ဘေးမှ လွတ် မြောက်ခဲ့ကြောင်း စက်တင်ဘာ ၁ ရက်က အင်တာနက်သတင်း၌ ဖော်ပြသည်။ အသက် ၃ဝ အရွယ်ရှိ ရေလွှာလျှောစီးနေသည့် ၄င်းအမျိုးသား၏ ခြေနင်းဘုတ်ပြားကို ငါးမန်း တစ်ကောင်က ရုတ်တရက်တိုက်ခိုက်ကာ ယင်းအမျိုးသားအား ကိုက်သတ်ရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။ ငါးမန်းတိုက်ခိုက်ခံရသည်ကို သိသိချင်း ၄င်းအမျိုးသားက ကမ်းခြေရောက်အောင် အမြန်ရေကူးကာ အသက် ဘေးမှလွတ်မြောက်အောင် ကြိုးစားခဲ့ရသည်။သို့သော် ငါးမန်းလိုက်လံတိုက်ခိုက်မှုကြောင့် ၄င်းအမျိုးသား၏ ဝမ်းဗိုက်နှင့် ညာဘက်လက်မောင်းတို့တွင် ဒဏ်ရာများရရှိခဲ့သည်။ ငါးမန်းကိုက်ခံရသည့် ဒဏ်ရာများမှ သွေးများ အများအပြားထွက်ခဲ့ကြောင်း၊ရေပြင်တွင် ၄င်းအမျိုးသား၏ သွေးများနီရဲနေသည်ကို မြင်တွေ့ရကြောင်း မျက်မြင်တွေ့ရှိသူအမျိုးသမီးတစ်ဦးက ပြောကြားသည်။ အဆိုပါ အမျိုးသားသည် ကမ်းခြေ၌ လူနာတင်ယာဉ်ကို အချိန်နှစ်နာရီခန့်ကြာမျှစောင့်ဆိုင်းခဲ့ပြီးမှ ဆေးရုံသို့ ဆေးကုသမှုခံယူရန်တင်ပို့ ပေးလိုက်ရကြောင်း ၄င်းအမျိုးသမီးက ဆက်လက်ပြောကြားသည်။ သြစတြေးလျနိုင်ငံ အနောက်ပိုင်းကမ်းခြေတွင် ပြီးခဲ့သည့် တစ်နှစ်အတွင်း ငါးမန်းတိုက်ခိုက်ခံရမှုအနည်းဆုံး ခြောက်ကြိမ်ခန့် ဖြစ်ပွားခဲ့သည်။ (အင်တာနက်)
** မက္ကဆီကိုသမ္မတအဖြစ် ရွေးချယ်ခံရသူ ပီနာနီတိုအား ထုတ်ပြန်ကြေညာ**
-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-
( မက္ကဆီကိုစီးတီး စက်တင်ဘာ ၁) မက္ကဆီကိုနိုင်ငံ၌ ပြည်ထောင်စုရွေးကောက်ပွဲဆိုင်ရာခုံရုံးက အန်းရစ်ပီနာနီတိုအား သမ္မတအဖြစ် ရွေးချယ်တင်မြှောက် ခံရသူဖြစ်ကြောင်း သြဂုတ် ၃၁ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။ဇူလိုင် ၁ ရက်က ကျင်းပသော ရွေးကောက်ပွဲ၌ ပီနာနီတို အနိုင်ရရှိကြောင်း တရားဝင်ထုတ်ပြန်ကြေညာလိုက်သော်လည်း၎င်း၏ပြိုင်ဘက်ဖြစ်သူက ရွေးကောက်ပွဲရလဒ်ကို လက်ခံရန် ငြင်းဆန်လျက်ရှိသည်။ပီနာနီတိုက ရွေးကောက်ပွဲဆိုင်ရာ မသမာမှုများပြုလုပ်ခဲ့သည်ဟု လက်ဝဲဝါဒီခေါင်းဆောင် အင်ဒရေမင်ရူယယ် လိုပက်ဇ်ကစွပ်စွဲခဲ့သည်။ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်အရ ပီနာနီတိုသည် ခြောက်နှစ်သက်တမ်းရှိ သမ္မတရာထူးတွင် ဒီဇင်ဘာ၁ ရက်မှစ၍ တာဝန်ထမ်းဆောင်ခွင့်ရရှိမည်ဖြစ်သည်။ (အင်တာနက်)
**ဂျူပီတာဂြိုလ် အရံလတစ်စင်းအား လေ့လာရေး ရုရှားက ၂၀၂၀ ပြည့်နှစ်၌ စက်ရုပ်လွှတ်တင်မည်** (မော်စက၊ို စက်တင်ဘာ ၁) ဂျူပီတာဂြိုဟ်အရံလတစ်စင်း မျက်နှာပြင်သို့ ဆင်းသက်လေ့လာမည့်စက်ရုပ်တစ်ခုကို လာမည့် ၂ဝ၂ဝ ပြည့်နှစ်၌ စေလွှတ်ရန် ရုရှားနိုင်ငံက စီစဉ်နေကြောင်း စက်တင်ဘာ ၁ ရက်က အင်တာနက်သတင်း၌ ဖော်ပြသည်။ နေစကြဝဠာအဖွဲ့အစည်းအတွင်း၌ အကြီးဆုံး ဂြိုဟ်တစ်ခုဖြစ်သည့်ဂျူပီတာဂြိုဟ် အရံလတစ်စင်း ၏ ဖွှဲ့စည်းတည်ရှိ နေမှုအနေအထားကိုလေ့လာရန်အတွက် လေ့လာရေးစက်ရုပ်ကို စေလွှတ်ရန် ရုရှားတို့ ပြင်ဆင်နေ ခြင်း ဖြစ်သည်။တစ်ဖန်ဓာတ်ငွေ့များဖြင့် စုဖွဲ့ဖြစ်တည် နေသော ယင်းဂျူပီတာဂြိုဟ်၏အရံလပေါ်တွင် ရာသီဥတုအခြေအနေကိုလည်း လေ့လာရန်အတွက် ဖြစ်သည်။ရုရှားနိုင်ငံသည် ပြီးခဲ့သည့် ၂ဝ၁၁ ခုနှစ် နိုဝင်ဘာလက အင်္ဂါဂြိုဟ်၏ အရံလတစ်စင်းကို လေ့လာရန် လွှတ်တင်ခဲ့သည့် လေ့လာရေးအာကာသယာဉ်တစ်စင်း ပျက်ကျခဲ့ဖူးသည်။ ထို့ ကြောင့် အဆင့်အတန်းမြင့်သော အာကာသလေ့လာရေးယာဉ်များကို ထုတ်လုပ်ရန်စီစဉ်နေသည်။ ရုရှားနိုင်ငံသည် ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီလက စစ်ဘက်ရေးရာဆက်သွယ်ရေးဂြိုဟ်တုတစ်လုံး ပျောက်ဆုံးခဲ့သည်။ တစ်ဖန် ယခုနှစ် သြဂုတ်လကလွှတ်တင်ခဲ့သော ဆက်သွယ်ရေးဂြိုဟ်တုတစ်လုံးနှင့် ၂ဝ၁ဝ ခုနှစ် ဒီဇင်ဘာလက ဂြိုဟ်တုသုံးလုံး အာကာသသို့ လွှတ်တင်ထားစဉ် ချွတ်ယွင်းမှုဖြစ်ခဲ့သည်။ရုရှားဝန်ကြီးချုပ် မက်ဗီဒက်ဇ်က ရုရှားအာကာသအေဂျင်စီအနေဖြင့်ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရေး စီမံကိန်းတစ်ရပ် ရေးဆွဲအကောင်အထည် ဖော်ရန် ပြောကြားခဲ့သည်။ ရုရှားနိုင်ငံတွင် အာကာသဒုံးပျံသစ် အစိတ်အပိုင်းများ ထုတ်လုပ်ရန် ကျွမ်းကျင်သူပညာရှင်များအဖွဲ့ ဖွဲ့စည်းရေး တာဝန်ပေးအပ်ခဲ့ကြောင်း ရုရှားအာကာသအေဂျင်စီအကြီးအကဲ ပိုပိုကင်က ပြောကြားသည်။ (အင်တာနက်)
**ဖိလစ်ပိုင်နိုင်ငံ၌ ဆူနာမီဘေးမှ ရှောင်တိမ်းခဲ့သူများ နေရပ်သို့ ပြန်လည်ရောက်ရှိ၊ ပျက်စီးမှုများ ပြင်ဆင်ပေးနေ**
(ဂိုင်အန် စက်တင်ဘာ ၁) ဖိလစ်ပိုင်နိုင်ငံ ဆာမာကျွန်းရှိ ဂိုင်အန်မြို့ကမ်းလွန် ၉၂ မိုင်ခန့်အကွာ ရေအောက်ကြမ်းပြင်၌ သြဂုတ် ၃၁ ရက်ညက ရစ်ခ်ျတာစကေး ၇ ဒသမ ၉ ရှိ အင်အားပြင်းငလျင်လှုပ်ခဲ့မှုကြောင့် ဆူနာမီသတိပေးချက် ထုတ်ပြန် ထားခဲ့ရာမှ ပြန်လည်ရုပ်သိမ်းခဲ့သဖြင့် ဒေသခံပြည်သူထောင်ပေါင်းများစွာ နေရပ်သို့ပြန်လာ
ခဲ့ကြပြီဖြစ်ကြောင်း စက်တင်ဘာ ၁ ရက်၌ သက်ဆိုင်ရာက သတင်းထုတ်ပြန်သည်။အဆိုပါငလျင်ဒဏ်ကြောင့်  ထိခိုက်ပျက်စီးမှုများကို ဒေသအာဏာပိုင်များက ပြန်လည်ပြုပြင်တည်ဆောက်မှုများ စတင်ဆောင်ရွက်နေပြီဖြစ်သည်။ ယင်းငလျင်ကြောင့် ဒေသခံတစ်ဦး နေအိမ်ပြိုကျမှုကြောင့် သေဆုံးခဲ့သည်မှအပအခြားသေဆုံး၊ဒဏ်ရာရမှု
မရှိခဲ့ချေ။ငလျင်ဒဏ်ကြုံတွေ့ခဲ့ရသော ဒေသများသို့ အင်ဂျင်နီယာများနှင့် ပြန်လည်ပြုပြင်တည်ဆောက်ရေးအဖွဲ့ များကို စေလွှတ်ထားကြောင်း၊ ၄င်းအဖွဲ့များသည် လမ်းများ၊ တံတားများနှင့် ဒေသခံတို့၏ နေအိမ်အဆောက်အအုံ ထိခိုက်ပျက်စီးမှုများကို ပြုပြင်ပေးရန်အတွက် စေလွှတ်ထားကြောင်း ဆာမာကျွန်းပြည်နယ်အရှေ့ပိုင်းမှအုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်သူ ကန်နာဒိုနီကတ်က ပြောကြားသည်။ ထို့အတူ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့သော မာစီဒက်စ်မြို့အနီး တံတားတစ်စင်းနှင့် အားကစားရုံတစ်ခုကိုလည်း ပြုပြင်မှုများပြုလုပ်ရန် စီစဉ်လျက်ရှိသည်။ (အင်တာနက်) **ကလေး အလုပ်သမား ပိတ်ပင်ရန် အိန္ဒိယအစိုးရ အဆိုပြု** (နယူးဒေလီ၊ စက်တင်ဘာ ၁) အသက် (၁၄)နှစ်အောက် ငယ်ရွယ်သော ကလေးသူငယ်များအား အလုပ်သမားအဖြစ် ငှားရမ်းခြင်းကိုပိတ်ပင်ရန် အိန္ဒိယ အစိုးရအဖွဲ့က အဆိုပြုလိုက်ကြောင်း ဒေသဆိုင်ရာသတင်းဌာနများက စက်တင်ဘာ ၁ ရက်၌ သတင်းထုတ်ပြန်သည်။ အိန္ဒိယနိုင်ငံ၏ တည်ရှိဆဲ ကလေးအလုပ်သမားဥပဒေကို ပြင်ဆင်ပြောင်းလဲရန် အစိုးရအဖွဲ့က ပါလီမန်ထံ အဆိုပြုခြင်း ဖြစ်သည်။ ကလေးများအား အလုပ်သမားများအဖြစ် ငှားရမ်းအသုံးပြုသူ အလုပ်ရှင်များသည် ထောင်ဒဏ် သုံးနှစ်နှင့် ဒဏ်ငွေ ဒေါ်လာ ၉ဝဝ ပြစ်ဒဏ်ချမှတ်ခံရနိုင်သည်။ (အင်တာနက်)
** စည်းမျဉ်းများနှင့်မညီသော ရင်းနှီးငွေများကို ပြန်ပေးရန်အိန္ဒိယတရားရုံးက အမိန့်ချ** (နယူးဒေလီ၊ စက်တင်ဘာ ၁) ဆဟာရသည် အတိုးငွေ ၁၅ ရာခိုင်နှုန်းကိုလည်း ထပ်ဆောင်းပေးရမည်ဖြစ်သည်။ဘဏ္ဍာငွေရှာဖွေရာတွင် လိုက်နာရ မည့် စည်းမျဉ်းများကို ဆဟာရကလိုက်နာခြင်းမရှိကြောင်း တွေ့ရှိခဲ့သည့်ဘဏ္ဍာရေးဆိုင်ရာ ကွပ်ကဲမှုအဖွဲ့၏ ဆုံးဖြတ်ချက်ကို တရားရုံးက အတည်ပြုပေးခြင်းဖြစ်သည်။ဆဟာရသည် လွန်ခဲ့သည့် နှစ်နှစ်ကတည်းက အသေးစားရင်းနှီးမြှုပ်နှံသူ၂၂သန်းထံမှ ဘဏ္ဍာငွေများ စတင်ရှာဖွေရယူခဲ့သည်။ အထူးသဖြင့် အများစုမှာ ကျေးလက်ဒေသများမှဖြစ်သည်။၎င်းအုပ်စုသည် ငွေကြေးလုပ်ငန်းများ၊ဆောက်လုပ်ရေးလုပ်ငန်းများ၊ စက်မှု လက်မှု ထုတ်လုပ်ရေးလုပ်ငန်းများနှင့်မီဒီယာလုပ်ငန်းအထိ လုပ်ကိုင်သည်။တာဝန်ရှိအဖွဲ့အစည်း၏ ပြဋ္ဌာန်းထား သော စည်းကမ်းချက်များကို လိုက်နာခြင်းမရှိပါဘဲလျက် ဘဏ္ဍာငွေများ ရှာဖွေစုဆောင်းရန် ဆဟာရတွင် အခွင့်အရေး မရှိကြောင်း တရားရုံးကဆုံးဖြတ်သည်။ထို့အပြင် ပြန်လည်ထုတ်ပေးရမည့်ငွေများကို နိုင်ငံတော်ပိုင်ဘဏ်တစ်ခုခု တွင် အပ်နှံထားစေရန် အမိန့်ချသည်။၎င်းတို့သည် တာဝန်သိစွာဖြင့် စာရင်းမှတ်တမ်းများ ထိန်းသိမ်းထားခြင်းမပြုဘဲ ငွေများကောက်ခံခဲ့ကြသည်ဟု တရားသူကြီး တစ်ဦးဖြစ်သူ ကေအက်စ်ရာဒါကရှစ်နန်က ပြောသည်။ ဆဟာရစီးပွားရေးအုပ်စုကို သူ့ကိုယ်သူအလုပ်သမားများ၏မိတ်ဆွေဖြစ်ကြောင်းကြွေးကြော်၍ နေ့ချင်းညချင်း ကြီးပွား ချမ်းသာလာသော စီးပွားရေးလုပ်ငန်းရှင်စူဘရာတာရွိုင်းဆဟာရက တည်ထောင်၍ အိန္ဒိယနိုင်ငံ၏ ခရစ်ကက်a အသင်းကို အထောက်အပံ့ပေးလျက်ရှိသည်။ (အင်တာနက်) ** နျူကလီးယားလက်နက်ကို အဟန့်အတားအဖြစ်ထားရှိမည်ဟု မြောက်ကိုရီးယားပြော** ( ဆိုးလ် စက်တင်ဘာ ၁) အမေရိကန်နိုင်ငံသည် ကွန်မြူနစ်မြောက်ကိုရီးယားနိုင်ငံအပေါ် မူဝါဒပြောင်းလဲကျင့်သုံးခြင်းမရှိပါက နျူကလီး ယားလက်နက်ကို အဟန့်အတားပြုလက်နက်အဖြစ် မိမိတို့ထားရှိသွားမည်ဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံက ထုတ်ပြန်သော ကြေညာချက်တစ်ရပ်တွင်ဖော်ပြသည်။အမေရိကန်နိုင်ငံကအဏုမြူဗုံးဖြင့်တိုက်ခိုက်လာနိုင်
ဖွယ်ရှိခြင်းကြောင့် မိမိတို့အနေဖြင့် နျူကလီးယားလက်နက်ကိုတည်ဆောက်ရခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံခြားရေး
ဝန်ကြီးက ပြော ကြားသည်။အမေရိကန်နိုင်ငံသည် မိမိတို့နိုင်ငံအပေါ်ချမှတ်ထားသော သဘောထားတင်းမာသည့် မူဝါဒကို ပြင်ဆင်ပြောင်းလဲကျင့်သုံးခြင်း မရှိသဖြင့် နျူကလီးယားလက်နက်များကို အဟန့်အတားပြုလက်နက်အဖြစ်ထားရှိရန် လိုအပ်ကြောင်း အဆိုပါကြေညာချက်တွင်ဖော်ပြသည်။မိမိတို့သည် နျူကလီးယားလက်နက်တိုက်ကို ခေတ်မီတိုးတက်အောင်
တိုးချဲ့တည်ဆောက်သွားမည်ဖြစ်ကြောင်းကြေညာချက်တွင် ဖော်ပြသည်။ (အင်တာနက်)
** မသန်စွမ်းကလေးများ မွေးဖွားစေသည့်ဆေးထုတ်လုပ်သူ နှစ် ၅ဝ ကြာမှ တောင်းပန်စကားဆို** (စတိုးလ်ဘဂ်ျ(ဂျာမနီ) စက်တင်ဘာ ၁) လွန်ခဲ့သည့် နှစ် ၅ဝခန့်က မသန်စွမ်းသော ကလေး ထောင်ပေါင်းများစွာမွေးဖွားလာစေသော ဆေးဝါးတစ်မျိုးကို ထုတ်လုပ်ခဲ့သည့် ဂျာမန်လုပ်ငန်းရှင်တစ်ဦးက ပထမဆုံးအကြိမ်အဖြစ် သြဂုတ်၃၁ရက်တွင် တောင်းပန်လိုက်ကြောင်း အင်တာနက်သတင်းတွင် ဖော်ပြသည်။၁၉၅ဝခုနှစ်၊ ၁၉၆ဝ ခုနှစ်များအတွင်းက ကိုယ်ဝန်ဆောင်မိခင်များသည် သာလီ ဒိုမိုက်ဟုခေါ်သော ဆေးကို စားသည့်အတွက် သာမန်ထက် ခြေတို၊ လက်တိုမသန်စွမ်းသောကလေးများ မွေးဖွားလာ ခဲ့ရသည်။၁၉၇ဝ ခုနှစ်က ထိုဆေးဒဏ်ခံရသူများကို ကူညီရန်တည်ထောင်ထားသည့်သာလီဒိုမိုက်စောင့်ရှောက်ရေးအဖွဲ့ အဆိုအရ ကိုယ်ဝန်ဆောင်စတွင် နံနက်ခင်း၌ပျို့အန်လိုသောခံစားရမှုကို သက်သာစေရေးအတွက် သုံးစွဲရန် ဖြန့်ချိခဲ့ခြင်းဖြစ် သည်။အချို့သော မသန်စွမ်းကလေးများတွင် ထပ်မံခံစားကြရသည်များမှာ နှလုံးမကောင်းခြင်း၊ အမြင်အာရုံနှင့် အကြား အာရုံချို့ယွင်းခြင်းနှင့်ဦးနှောက်မပြည့်ခြင်းတို့ဖြစ်သည်။၎င်းဆေးနှင့်မသန်စွမ်းသောကလေးများမွေးဖွားမှုဆက်စပ်နေကြောင်း ဆရာဝန်များက တွေ့ရှိပြီးနောက် ၁၉၆၁ခုနှစ်တွင် ၄င်းဆေးကို ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းခဲ့သည်။ထိုသာလီဒိုမိုက်ဆေး ထုတ်လုပ်သောဂဂူမင်တဲလ်ဆေးဝါးကုမ္ပဏီ အခြေစိုက်သည့် ဂျာမနီနိုင်ငံ စတိုးလ်ဘဂ်ျမြို့၌ဆေးဒဏ်သင့်ကလေးများ အထိမ်းအမှတ်ဖွင့်ပွဲအခမ်းအနားတွင် ကုမ္ပဏီအမှုဆောင် အရာရှိချုပ်က ကုမ္ပဏီကိုယ်စား တောင်းပန်စကားဆိုခဲ့ခြင်းဖြစ် သည်။ (အင်တာနက်)
**မိုးမြင့်လင်းလက်**

No comments:
Post a Comment