-မဲဆောက်မြို့ M-Appeal Co,ltd မှ လက်ကျန် အလုပ်သမား ၈၀ ဦး အလုပ်ရှင်၏ ဖိအားအမျိုးမျိုးကြောင့်
ယနေ့အလုပ်မှ နှုတ်ထွက်-
** (စက်တင်ဘာလ ၂၅ရက်၊ ၂၀၁၂၊ သောင်ရင်းနဂါး)**ထိုင်းနိုင်ငံ အလုပ်သမားဥပဒေပါ အလုပ်သမားရပိုင်ခွင့်များအတိုင်း နေ့စားခ ၂၂၆ ဘတ် ရရှိ ရေးအတွက် အလုပ်မဆင်းပဲ ဆန္ဒပြခဲ့ပြီး ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာနအလုပ် သမား ကြီးကြပ်ကာကွယ်ရေးရုံးရှေ့ မှောက်တွင် ချုပ်ဆိုခဲ့သော အလုပ်ရှင်နှင့် အလုပ်သမား သဘောတူစာချုပ်အရ ၂၂၆ ဘတ်ရရှိကြသည့် မဲဆောက်မြို့၊ မယ်ပ ၁၀ ရပ်ကွက် (မြန်မာတို့အခေါ်ဝေါ်-ဘန့်ဆောင်ခွဲရပ်) ရှိ M-Appeal Co,ltd မှ ဆန္ဒပြအလုပ်သမား ၃၀၈ ဦးတို့အနက်မှ လက်ကျန်အလုပ်သမား ၈၀ ဦးတို့သည် ယနေ့တွင်မူ အလုပ်ရှင် အသိုင်းအ၀ိုင်းမှ ပုံစံအမျိုးမျိုးဖြင့် ဖိနှိပ်မှုများကြောင့် အလုပ်ထွက်လိုက်ကြပြီဖြစ်ကြောင်း သတင်းရရှိသည်။ ယင်းလက်ကျန်အလုပ်သမား (၈၀) ဦးတို့သည် နောက်ဆုံးအချိန်အထိ စိတ်ရှည်သည်းခံပြီး လုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်နေကြသော်လည်း မန်နေဂျာအပါအ၀င် အလုပ်ရှင်အသိုင်းအ၀ိုင်းမှ အကြောင်းအမျိုးမျိုးပြကာ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်အောင် ပုံစံမျိုးစံဖြင့် နေ့စဉ်ဖော်ဆောင်ဖိနှိပ်နေသည့်အတွက် အလုပ်မှ ထွက်ရခြင်းဖြစ်ကြောင်း အဆိုပါစက်ရုံမှ အလုပ်သမားတစ်ဦး မဖြစ်သူ မ၀င်းဝင်းက ပြောဆိုသည်။ ဆန္ဒပြအလုပ်သမား ၃၀၈ ဦးတို့သည် ယခင်က နေ့စားခ နေ့စားခရရှိမှု ပုံစံမတူကြပဲ (၇၀-၇၅-၉၀ဘတ်) စသည်ဖြင့် ရရှိကြသူများဖြစ်သည်။ ထိုအခြေအနေမှ မေလ ၁၄-၁၅ရက်များတွင် အလုပ်သမား ၃၀၈ ဦးတို့က အလုပ်မဆင်းပဲ ဆန္ဒပြကာ ထိုင်းအစိုးရမှသတ်မှတ်ထားသော တာ့ခ်ခရိုင်အတွင်းနေ့စားခ ၂၂၆ဘတ် ရရှိခဲ့ခြင်း ဖြစ်သည်။
(ပြီးခဲ့သည့် မေလ ၁၄-၁၅ရက်များက M-Appeal Garment Co,ltd ၏ အလုပ်မဆင်းပဲ ဆန္ဒပြပွဲ)
M-Appeal Garment Co,ltd သည် မဲဆောက်မြို့ရှိ ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမား ကြီးကြပ် ကာကွယ်ရေးရုံး (ဆ၀ါဒီကန်) ၏ ရှေ့မှောက်တွင် ဆန္ဒပြအလုပ်သမား ၃၀၈ ဦးတို့ နှင့် အလုပ်ရှင်နှင့် အလုပ်သမားသဘောတူညီချက်ကို ဇွန်လ (၅)ရက်နေ့တွင် ချုပ်ဆိုခဲ့ပြီးနောက် ဇူလိုင်၊ သြဂုတ်လစာများကို ၂၂၆ ဘတ်ပေးအပ်ခဲ့သည်။ သို့ရာတွင် အဆိုပါလုပ်ငန်းခွင်အတွင်း၌ ၂၂၆ ဘတ်ရရှိသော အလုပ်သမားအစုနှင့် ၁၅၀ ဘတ်ရရှိသော အလုပ်သမားအစုဟူ၍ ခွဲခြားဆက်ဆံခဲ့သည်။
ဤ M-Appeal Garment Co,ltd ၏ ဥပဒေပိုင်း ဆိုင်ရာ အမှုကိစ္စကို မဲဆောက်မြို့အခြေစိုက်မက်ပ်ဖောင်ဒေးရှင်း နှင့် ရောင်ခြည်ဦးအလုပ် သမားများအဖွဲ့က တာဝန်ယူဆောင်ရွက်ပေးနေပြီး မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှု ကော်မတီ(JACBA)မှလည်း ထိုင်းဥပဒေပါ အလုပ်သမားအခွင့်အရေးဆွေးနွေးပွဲများကို ပြုလုပ်ပေးခဲ့သည်။ ထိုင်းမြန်မာနယ်စပ်တာ့ခ်ခရိုင် မဲဆောက်မြို့တွင် ထိုင်းအစိုးရက သတ်မှတ်ထားသော နေ့စားခ ၂၂၆ ဘတ် ရရှိသော စက်ရုံ၊ အလုပ်ရုံဟူ၍ ၄ ရုံသာရှိပြီး တီကေဖက်ရှင်အထည်ချုပ်စက်ရုံ၊ တော့ပ်ဖောင်း အထည်ချုပ်စက်ရုံ၊ ဂျဂွာ (စတီးလ်) စက်ရုံနှင့် M-Appeal Garment Co,ltd အထည်ချုပ်စက်ရုံစသည်တို့ဖြစ်သည်။
သတင်းနှင့်ဓါတ်ပုံ-သောင်ရင်းနဂါး

No comments:
Post a Comment