-ခေါင်းဆောင်-
ခေါင်း ဆိုသည်မှာ လူမှာရှိတဲ့ ထိပ်ပိုင်းပေါ့. .။ သူကနေ ဦးစီးတယ်လုပ်ဆောင်တယ် ။ ခေါင်းမရှိရင် လူဟာ သေသွားတာနဲ့ တူတူပဲ ။ ဒီတော့ အရေးပါတဲ့ ခေါင်းပိုင်းလို့ ပမာတူ ခေါ်ဆောင်ခြင်းကို ခေါင်းဆောင်လို့ သတ်မှတ်ခေါ်ဝေါ်လာကြပါတယ် ။ အဖွဲ့အစည်း တစ်ခုခုမှာ ခေါင်းဆောင်နေရာပိုင်းဟာ အရေးအကြီးဆုံးနေရာပါ။ ခေါင်းဆောင်ရဲ့ အတွေးတွေ လွဲနေရင် ကျန်တဲ့ လက်အောက်ငယ်သားတွေဟာ သူ့ ဒဏ်ကို ခံရပါတယ် ။ ဒီတော့ အားလုံးရဲ့အရေးဟာ သူ့အပေါ်မှာ မူတည်နေတယ်ဆိုတာ လက်တွေ့ကဏ္ဍတွေမှာ တွေ့သာ မြင်သာနိုင်ပါတယ် ။ အမှန်တော့ . Leader = ခေါင်းဆောင် .. ဆိုတာ လွယ်လွယ်နဲ့ ဖြစ်တာမဟုတ်ဘူး သူ့မှာ အရာရာကို လက်ခံစဉ်းစားပေးနိုင်တဲ့ အရည်အချင်းရှိတယ် ။ သူ့လက်အောက်အဖွဲ့ရဲ့အခြေအနေကို သူနားလည်တယ်။ အခြေအနေအရပ်ရပ်အပေါ်မှာ သူဘာလုပ်သင့်တယ်ဆိုတာလည်း သူသိတယ်…။ အများကလည်း သူ့လုပ်ရပ်တွေကိုလေးစားတယ်… သူ့မှာလည်း ခေါင်းဆောင်အရည်အသွေးတွေ ရှိတယ် …..။အများကလည်း သူ့ဦးဆောင်မှုကို ဝမ်းမြောက်တယ်။ ဘာပဲဖြစ်ဖြစ် သူ့ကိုအားကိုးကြတယ် ။ ခေါင်းဆောင် အရွေးမှားသွားရင်လည်း လက်အောက်ငယ်သားတွေက သူ့ရဲ့ပိုင်းခြား လုပ်ရပ်အောက်မှ ခံပေရော့ပဲ .။ တခုတော့ မေးကြည့်ချင်ပါတယ် ။ ပညာရှိသူ လူအများလက်ခံနိုင်တဲ့ ခေါင်းဆောင်ဟာ ဘယ်လိုလူမျိုးလဲ … ? ဘယ်လိုလူမျိုးက ခေါင်းဆောင် ဖြစ်နေတာလဲ ။ ကိုယ်ရောမဖြစ်နိုင်ဘူးလား ။ စဉ်းစားစရာ နော် ။တကယ်တော့ ရိုးရိုးလေးတွေးကြည့်မယ်ဆိုရင် ခေါင်းဆောင်ဟာ လူပါပဲ ။ အဲ့ဒီလိုဆိုရင် ကိုယ်ကလည်း လူမဟုတ်ဘူးလား ။ တူတူပဲဟာ သူက ခေါင်းဆောင် ကိုယ်က သူ့လက်အောက် ငယ်သား .. ကွာခြားနေတာ ဘာကြောင့်လဲ …။ ဒီနေရာမှာ လမ်းကြောင်း နှစ်ခု ယှဉ်ပြကြည့်ချင်ပါသေးတယ် ။ ရွေးချယ်မှုက လူလူချင်းအတူတူ ကွဲပြားသွားစေတာပါပဲ။ တစ်ခုက ရှေ့ကနေ တွေ့သမျှပြဿနာတွေကို ခေါင်းဆောင် ဖြေရှင်းရမဲ့လမ်း … နောက်တစ်ခုက လာသမျှပြဿနာကို ခေါင်းရှောင် ရမဲ့ လမ်း ….။ ဒါလေးပဲ .။ အခြေအနေအရပ်ရပ်မှာ ဒီနှစ်လမ်းရှိပါတယ် အဲ့ဒီလမ်းတွေကို ရွေးခြယ်ခြင်းကနေပြီး ခေါင်းဆောင်နဲ့ လက်အောက်ငယ်သား အဖြစ် လူနှစ်စားကွဲပြား သွားပါတယ် …။ ခေါင်းဆောင် ဆိုတာက အများလေးစားလို့ . ၊ အများကလက်ခံလို့ ၊ ခေါင်းဆောင်နေရာကို ယူထားရတာ . ။ အများက လည်း သူ့ရဲ့လုပ်ရည်ကိုင်ရည်ကို သဘောကျလို့ အားကိုးလို့ ရွေးချယ်ပြီး ဂုဏ်ပြုကြတာ ။ တကယ်တော့ အုပ်စုတိုင်းမှာ ခေါင်းဆောင်ဆိုတာ ထိုအုပ်စုရဲ့ အသက်ကို ကိုစားပြုတယ် ။ ဦးစီးတဲ့ ခေါင်းဆောင်က သူ့အဖွဲ့ အစည်းနဲ့ ပတ်သက်လို့ ဥာဏ်ပညာနည်းခဲ့မယ်ဆိုရင် အန္တရာယ်တွေက သူ့ကို လွှမ်းမိုးပြီး အချိန်တိုတိုအတွင်းမှာ ထိုအုပ်စု ပျက်စီးမယ် ၊ ကျဆုံးမယ် ၊ လိုရာပန်းတိုင်တွေလည်း ဖရိုဖရဲ ပရမ်းပတာ ဖြစ်သွားမယ် ။ ခေါင်းဆောင်ဆိုတာဟာ တစ်ယောက်ထဲအတွက် ကြည့််ပြီး လုပ်ရတဲ့လုပ်ငန်းမဟုတ်ဘူး ။ အများအတွက် အမြဲ ကြည့်ပြီးလုပ်ရတဲ့ လုပ်ငန်းဖြစ်တယ် ။ကိုယ့်ဘို့ကိုသာ ကြည့်ပြီး လုပ်ဆောင်နေတဲ့ ခေါင်းဆောင် ကို ခေါင်းဆောင်လို့ မခေါ်ပဲ ခေါင်းပြောင်လို့ ခေါ်ရမှာဖြစ်ပါတယ် ။ ဘာလို့လဲဆိုရင် သူဟာ မိမိမှာရှိနေတဲ့ အရည်အချင်းတွေကို တဖြည်းဖြည်း ရိတ်လှီး ထုတ်ပစ်နေသလို ခေါင်းဆောင်မှု အရည်အချင်းဟာလည်း ပြောင်သလင်းခါ ဆုတ်ယုတ်လာတာလို့ ယူဆချင်ပါတယ် .။ ခေါင်းဆောင်မှာတော့ အဲ့လိုမဟုတ် .။ အခက်အခဲကို မကြောက်ပဲ ရင်ဆိုင်ဖြေရှင်းရင်း သူမှာရှိတဲ့ အရည်အချင်းတွေထက် ပိုပြီး နောက်ထပ် အတွေ့အကြေုံတွေက ထပ်ပြီး တိုးလာနေသလိုဖြစ်လာပါတယ် … ။ ခေါင်းဆောင်တစ်ယောက်မှာ အရာရာကိုနားလည်ခြင်း တွေရှိမှ အရည်အချင်းပြည့်စုံမှာပါ .. ။ နားမလည်ပါက သူရော သူ့တဖွဲ့လည်းလုံးပါ ခံစားရမှာဖြစ်ပါတယ် . ။ အုပ်စု တစ်စု ၊ ရွာတစ်ရွာ၊ မြို့တစ်မြို့ ၊ နိုင်ငံ တစ်နိုင်ငံအတွက် ခေါင်းဆောင်ဆိုတာက အရေးကြီးပါတယ် ။ သူမကောင်းရင် သူတင်မကောင်းတာမဟုတ်ဘူး ကျန်တဲ့သူများပါ မကောင်းဖြစ်သွားတာပါ ။ ရထားတစ်စင်းကိုကြည့်ကြည့်ပါ .. ရှေ့ခေါင်းတွဲ ဆွဲရာ နောက် ရထားတွဲပေါင်းမြောက်များစွာက လိုက်ပါရတာပါ ။ ရှေ့ခေါင်းတွဲ လမ်းမှန်သ၍ နောက်ရထားတွဲတွေ အဆင်ပြေနေမှာပါ ။ အကယ်၍သာ ရှေ့ခေါင်းတွဲက လမ်းလွဲခဲ့မယ်ဆိုရင် နောက်ရထားတွဲတွေပါ လမ်းချော်တိမ်းမှောက် ပျက်စီးကြရမှာ ဖြစ်ပါတယ် ။ ဒီတော့ ခေါင်းဆောင်ရဲ့ သဘောသဘာဝဟာ ဘယ်လောက်အရေးပါကြောင်း ခန့်မှန်းမိမှာပါ …။ ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ရန် …
အခက်အခဲကိုမကြောက်ပါနဲ့ ၊ အရာရာကို ကျော်လွှားနိုင်မယ်လို့ ယူဆားထားပါ သာမန် ကိစ္စတွေရဲ့ ထိုးနှက်မှုအောက်မှာ ပျားဝပ်မနေပါစေနဲ့ ၊ စိတ်ကိုမထွေပြားစေနဲ့ ဟန်မဆောင်ပါနဲ့ ၊ ရိုးရှင်းပါစေ ၊ မကောက်ကျစ်ပါနဲ့ ၊ လိပ်လိုမျိုးလည်း မဖြစ်စေနဲ့ . စိတ်ရှည်သည်းခံမှုလည်းရှိရမယ် ၊ ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှု ရှိရမယ် ရှေ့ရေးကိုလည်း လွတ်လွတ်လပ်လပ် တွေးတောရပါမယ် ၊ အသိဥာဏ်တံခါးကို ဖွင့်ထားရပါမယ် အခြေအနေအရပ်ရပ်ရဲ့ လိုအပ်ချက်ကိုလည်း သိရပါမယ် ၊ စည်းရုံးမှုကိုလည်း သိရှိထားရမယ် နောက်ဆုံးတစ်ခုကတော့ ဆုံးဖြတ်ချက် ချတတ်ရပါမယ် . ဒါတွေကတော့ ကျနော့် စိတ်ထဲမှာရှိတဲ့ ခေါင်းဆောင် တစ်ယောက်ပါပဲ .. ။ ခေါင်းဆောင် အရည်အချင်း ရှိမယ်ဆိုရင် လူတိုင်း ခေါင်းဆောင် ဖြစ်နိုင်ပါတယ် ။ ဘယ်လိုလူမျိုးကိုမဆို အများအကျိုးကို ပညာရှိရှိ သယ်ပိုးနိုင်မယ်ဆိုရင် အများကလည်း လက်ခံလာမှာပါ ..။ သင် ခေါင်ဆောင် တစ်ယောက် မဖြစ်နိုင်ဘူးလို့ မည်သူမျှ မပြောနိုင်ပါ။ ဒါပေမဲ့ လွယ်တော့ မလွယ်ပါ ။ ခက်သည်လည်းရှိမည်ပင် ။ တကယ်တော့ ရဲရင့်ဖို့ လိုပါသည် ။ တိုးတက်သော နိုင်ငံ တစ်နိုင်ငံ ဖြစ်လာဖို့ လူတိုင်း ကိုယ့်ကိုယ်ကို ခေါင်းဆောင်အရည်အချင်းတွေ ဖြည့်သွင်းမှ ထိုနိုင်ငံတိုးတက်လာပါလိမ့်မည် ။ မိမိတို့စိတ်ကသာ တိုးတက်ချင်နေကြပေမဲ့ လုပ်ရပ်တွေက တလွဲ ဖြစ်နေရင်လည်း အချည်းနှီးဖြစ်ပါမည်။ လုပ်ရပ်လွဲချော်ပင်ငြားလည်း အဲ့ဒီလို အမှားများကို သင်ခန်းစာ အဖြစ် အသုံးမချတတ်သေးလျှင်လည်း တိုးတက်ဖို့မမြင်ပါ ။ မိမိကိုယ်ပိုင်မှ လွတ်လွတ်လပ်လပ် တွေးတောစဉ်းစား ဥာဏ်ထုတ်မသုံးချေကလည်း သံချေးတက် ဓါးတစ်ချောင်းလို မသုံးပဲထားရင်း ဆွေးမြေ့သွားမည်မှာ အမှန်ပင်။ ဓါးပြတ်အောင် အမြဲသွေးပေမဲ့လည်း ပိုင်းဖြတ်ခုတ်ခြင်း မရှိလျှင်လည်း ဓါးသာ ပါး၍ ကုန်ကုန်သွားပါမည် ။ ရလဒ် အကျိုးအဖြစ် ထွက်လာမည်မဟုတ်ပါ ..။ ဒီတော့ ခုတ်ပါ ဖြတ်ပါ ပိုင်းပါ . ဓါးကိုလည်း သွေးပါလို့ ပြောချင်ပါသည် ။ ဒါမှ တိုးတက်ခြင်းဆိုတဲ့ အများအားပြုရာ အများမျှော်မှန်းရာ တိုးတက်ရေး ရည်မှန်းချက်တောင်ပေါ်ကို တက်နိုင်ပါလိမ့်မည် ။ နိုင်ငံတိုးတက်ဖို့ လူငယ်များမှာ တာဝန်ရှိသည်လို့ မဆိုနိုင်ရာ ။ ထိုသို့မဟုတ်ပဲ လူကြီးများမှာသည်သာ တာဝန်ရှိသလည်ဟုလည်းမလုံလောက် ။ တကယ်တော့ နိုင်ငံတိုးတက်ဖို့ ထိုနိုင်ငံအတွင်းနေထိုင်သူများ အားလုံးမှာ သူ့နေရာနှင့်သူ တာဝန်ရှိပါသည်လို့ ဆိုချင်ပါသည် ။ လမ်းကြမ်းတဲ့ လမ်းမှာ အာလူးအကြီးအသေး ရောနှောတင်လာတဲ့လှည်းတစီး ဖြတ်သန်းလာတဲ့အခါ လမ်းကြမ်းလို့ လှည်းချိင့်မှုကြောင့် သေးတာတွေက အောက်ကိုရောက်ပြီး ကြီးတာတွေက အပေါ်ဘက်ကိုတက်လာသလိုပဲ အခက်အခဲတွေက ခေါင်းဆောင်နဲ့ တပည့်ကို ထိုနည်းအတိုင်း အခက်အခဲများပြကာ ခွဲခြားပြသွားစေပါလိမ့်မယ် .. ။ မိတ်ဆွေလည်း ခေါင်းဆောင်အရည်အချင်းတွေကို နားလည်ပြီး မိမိကိုယ်တိုင်ပါ အရည်အချင်းရှိတဲ့ခေါင်းဆောင် တစ်ယောက်ဖြစ်လာပါစေလို့ ဆန္ဒပြုရင်း တိုးတက်လာမဲ့ အနာဂတ်ကို လက်ကမ်းထားလိုက်ပါ မိတ်ဆွေ ..။
**ဘာနေ**

No comments:
Post a Comment