-ယုန်ထင် ကြောင်ထင် -
အခြေခံက ပြဿနာ
မြင်တဲ့အတိုင်း ယူဆဖို့ အတွက်ပဲ ထင်ထင်၊ တွေးကြည့်ဖို့ပဲ ထင်ထင်၊ စိတ်ထဲက ထင်ရာမှာ ဖြစ်တတ်တဲ့ ယုန်ထင်ကြောင်ထင် ကိစ္စ စဉ်းစားစရာပါ ...
(၁) ယုန်ကို ကြောင်လို့ထင်တာ၊
(၂) ကြောင်ကို ယုန်လို့ထင်နေတာ၊
(၃) ဘာပဲဖြစ်ဖြစ် ယုန်လို့ ကြောင်လို့ ထင်လိုက်တာ၊
(၄) ယုန်လို့ ထင်လိုထင် ကြောင်လို့ ထင်လိုထင် ဖြစ်နေတာ၊
(၅) ယုန်ရယ် ကြောင်ရယ် ရောပြီး ထင်မိတာ ...
ပြဿနာတစ်ခုကို အခြေတည်ပြီး စဉ်းစားရာက စတဲ့ ထင်ယောင် ထင်မှားဖြစ်မှု၊ ထင်မှတ်မှားမှု၊ေ၀၀ါးမှု၊ မကွဲမပြား ထွေပြားမှု၊ ရှုပ်ထွေးမှု အကျိုးဆက်တွေ တသီတတန်းကြီး ဖောင်းပွလာရတတ်ပါတယ်။
ဒီနေရာမှာ တစ်ဦးတည်း ထင်မြင်မှု၊ အများရဲ့ ယူဆချက်၊ တစ်ခါ အများထဲက တူညီတဲ့အထင်အတွေး၊ မတူညီတဲ့ တွေးထင်သူ အုပ်စုတစ်စု ... ဒီထဲကမှ ခြွင်းချက် ကွဲပြားတဲ့ သီးခြားတွေးထင် ယူဆမှုလို့ ရှိနိုင်ပြန်ပါသေးတယ်။
နောက်တစ်နည်း ခွဲခြားနိုင်တာက အမှန်ဘက်က အနီးစပ်ဆုံး ထင်နိုင်သူရယ်၊ အမှန်နဲ့ တဖြည်းဖြည်းကအစ အဝေးကြီး ထင်တိုင်း တွေးတတ်သူရယ်လို့ စိတ်ဖြာပြီး ‘သန့်’ ထုတ်နိုင်ပါသေးတယ်။ ဒီအုပ်စုတွေထဲမှာပဲ သတ်သတ် ပညာဥာဏ် အမြော်အမြင်ရှိသူတို့ရဲ့ အတွေးနဲ့ ဆင်ခြင်တုံတရား နည်းသူတို့ သုံးသပ်ချက်လို့ အမည်တပ် လိုက်တဲ့အခါ ရောယိမ်းလိုက် ဘသားယိမ်းလိုက် ဝေလေလေ အုပ်စု ရယ်လို့ ရှိတတ်တာမျိုးက ဘ၀မှာပြဿနာပေါင်းစုံ တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံအရ သိသာနိုင်ပါတယ်။
စည်းနဲ့မျဉ်းနဲ့ ကွင်းသတ်သတ် နဲ့
အတွေ့အကြုံ အရပဲ ကွင်းထဲက ပြဿနာရဲ့ ‘ယုန်ထင်ကြောင်ထင်’ ကိစ္စရယ် ... ကွင်းပြင်ထိ ကျယ်ပြန့်ထွက်လာတဲ့ ယုန်ထင် ကြောင်ထင် ဖြစ်စရာ နောက်ဆက်တွဲ အကျိုးဆက် တွေရယ် ...။
ဟုတ်ပြီ၊ ဘောလုံးပွဲတစ်ပွဲ ကျင်းပပြီဆိုပါစို့ ... ဟိုဘက်၊ ဒီဘက် ဘက်နှစ်ဖက်အလိုက် ဒေသခံ အသင်းလိုက် အစွဲတွေနဲ့ နောက်ဆုံးရလဒ်ကို ယုန်ထင်ကြောင်ထင်နဲ့ ရင်ခုန်နေကြတာ။ အုတ်အော်သောင်းတင်း တောက်တစ်ခေါက်ခေါက် အံတကြိတ်ကြိတ် ထိတ်ထိတ်ပျာပျာ ...။
ကွင်းထဲမှာကိစ္စ ဒိုင်လူကြီးရှိတယ်။ စည်းကြပ်ဒိုင်ရှိတယ်။ နည်းပြတွေ ကိုယ်စီရှိတယ်။ လုံခြုံရေးရှိတယ်။ ယုန်ထင်ကြောင်ထင်၊ ယုန်ထင်ထင် ကြောင်ထင်ထင် ဘွားခနဲ အဖြေပေါ်လိုက်ရင် ရှင်းသွား ပြီ။ ယုန်ထင်ကြောင်ထင်ပျောက် ရလဒ်တစ်ခုရောက် ...။
မရောက်ခင်ရယ် ... ရောက်ဆဲရယ် ... ရောက်ပြီးစကာလထဲမှာ မသိမသာ မကျေနပ်မှုတွေက သိသိသာသာ ခက်ထန်မှု ဒေါသအဖြစ် ကြမ်းတမ်းမှုတွေ ဆူပွက်လာတဲ့အခါ ကွင်းထဲကကိစ္စက ကွင်းပြင်ဆီ ရောက်သွား ... အားလုံးက ... ဒီအခင်းအကျင်းကြီးကို ‘ယုန်ထင် ကြောင်ထင်’ ဖြစ် ...။
တူရာစုတဲ့ ဘက်လိုက်မှုက ထုလိုက်အားပြိုင်
ဒီမှာတင် အနည်းဆုံး ယုန်အုပ်စုနဲ့ ကြောင်အုပ်စု အားပြိုင်မှုကြီး ကြီးထွားလာပြီ ဆိုတာနဲ့ ကွင်းထဲကလို ချုပ်မရ ထိန်းမရ သာမန် စည်းကမ်း နည်းလမ်းတွေနဲ့ ထိန်းကွပ် မရတဲ့အခါ ဥပဒေ၊ နည်းဥပဒေ ဆိုတာတွေပါလာရတော့မယ်။
ယုန်မဟုတ်၊ ကြောင်မဟုတ်တဲ့ တောကြောင်အုပ်စု ဆိုတာပါ ထည့်စဉ်းစား ရတာတွေလည်း ရှိတတ်တယ်။
မီးကိုရေနဲ့ ငြှိမ်းသတ်သလို ထိန်းသိမ်းဖို့….
ရေတာဝန် ယူသူတွေ ဘက်က ရေလို အေးဆေး တည်ငြိမ်သလို ထုထည် အားကောင်းတဲ့ အေးငြိမ်း ချမ်းသာမှု ပေးနိုင်တဲ့ အရည်အသွေး ကို ဆုပ်ကိုင် ထားနိုင်ကြရမယ်။
ငြိမ်းချမ်းရေး ဖျန်ဖြေသူ၊ ထိန်းသိမ်းသူတို့မှာ ယုန်ကိုယုန်၊ ကြောင်ကိုကြောင် အကောင်အထည်အလိုက် အရှိနဲ့ ပကတိတရား ကို ရှင်းပြနိုင်စွမ်း ရှိရမယ်။
သံသယ မဖျောက်နိုင်ရင် အစိုင်အခဲ အရည်မပျော်နိုင်ဘူး။ အဖု အထစ် အကြမ်းအတမ်းတွေ ပြေပြစ် ချောမွေ့ဖို့ အမှန်တရား စီးကြောင်း ထဲမှာ မျှောယူနိုင်ရမယ်။
အရှိန်အဟုန်ကြီးရင် ကြီးတာနဲ့အမျှ ထောင့်စုံဘက်ပေါင်းစုံက တာဝန်ယူထိန်းသိမ်းသူတွေမှာ စုစည်းညီညွတ်မှု တစ်သားတည်း ခိုင်မာပြတ်သားစွာ တည်တံ့တည့်မတ်ဖို့ အရေးကြီးတယ်။
အဓိကကတော့ အားလုံး ဘယ်သူ့ ဘယ်သူမှ ယုန်ထင် ကြောင်ထင် မဖြစ်ကြဖို့၊ အမှန်တရားကို လက်တွေ့ရင်ဆိုင်ဖြေရှင်း ဖို့။ ဖြေရှင်းနိုင်ဖို့က ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းမှာ လူသားအားလုံး ကိုယ်စီယူကြရမယ့် ‘တာဝန်’ ပါ။
**ဒေါက်တာတင်မောင်ထွန်း **

No comments:
Post a Comment