-ပုံမှန်မဟုတ်တဲ့ ညတစ်ည -
ရှေးဟောင်းပစ္စည်း ရောင်းနေတဲ့ မစ္စတာ ပရိုက်စ်ဟာ သူ့ဆိုင် အပေါ်ထပ် တိုက်ခန်းကျဉ်းကျဉ်းလေးထဲမှာ တစ်ယောက် ထဲ နေထိုင်ပါတယ်။ အိမ်ထဲမှာ သိမ်းဆည်းစုဆောင်းထားတဲ့ အဖိုးတန်လှတဲ့ ပစ္စည်းပစ္စယတွေ ကြောင့်ပဲ တစ်စုံတစ်ယောက် က သူ့အိမ်ကို ဖောက်ထွင်းပြီး ဓားပြလာတိုက်မှာကို ကြောက် ရွံ့စိုး ထိတ်နေပါတယ်။ သူ အဲဒီနေရာကို ရောက်ချိန်မှစပြီး အိမ်အောက်ထပ်မှာရှိတဲ့ ပြူတင်းပေါက်တွေမှာ ကန့်လန့်ကာ ကို သေသေချာချာ လုပ်ထားပြီး တံခါးတွေကိုလည်း သော့ အကောင်းစားတွေနဲ့ ကျကျနနခတ်ထားပါတယ်။ ဒါ့အပြင် အဖိုးတန်ပစ္စည်း ထည့်ထားတဲ့ ကြောင်အိမ်ကိုလည်း ခတ်ထား ပါသေးတယ်။ အဲဒီလို ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ထားပေ မယ့်လည်း လုံခြုံတယ်လို့ သူမထင်မိဘူး။ အထူးသဖြင့်တော့ ပစ္စည်းတွေ အရမ်းရောင်းကောင်းနေပြီး ၀င်ငွေတွေ အများကြီး ရတဲ့နေ့တွေမှာပေါ့။
စနေနေ့ညတစ်ညမှာပေါ့ ဆိုင်ပိတ်လိုက်ပြီး အဲဒီနေ့ရောင်း ရငွေတွေကို တွက်ကြည့်လိုက်တဲ့အခါ စတာ လင်ပေါင် နှစ်ထောင်နီးပါး ရရှိနေတာကို တွေ့ရပါတယ်။ ဒါဟာ များပြားလှတဲ့ ငွေပမာဏပဲ။ အိမ်ထဲမှာ သိမ်းဆည်းရတာကိုက သူ့ကို ချောက်ခြားစေပါတယ်။ အဲဒီငွေတွေကို သူ့သားအိမ်မှာ သွားထားလိုက်ရင် ပိုပြီး ကောင်းလိမ့်မယ်၊ ပိုပြီး လုံခြုံလိမ့်မယ် လို့ တွေးတောနေမိပါတယ်။ ဒါပေမယ့် အဲဒီညမှာ မြူတွေအရမ်းပိတ်နေတဲ့ည ဖြစ်နေတယ်။ ပြီးတော့ သူ့ သားက မြို့ရဲ့ဟိုးဘက်ခြမ်းမှာ နေနေတာဆိုတော့ သွားဖို့အဆင်မပြေပါဘူး။ ကြံမိကြံရာ နောက်ဆုံး မှာတော့ အဲဒီငွေတွေကို သူ့အိပ်ခန်းထဲ ယူသွားပြီး ကုတ်အင်္ကျီအိပ်ကပ်ထဲကို ထည့်ထားပြီး အ၀တ်ဗီရိုထဲ မှာ သော့ခတ်ထားလိုက်ပါတယ်။
သန်းခေါင်ကျော်နေပါပြီ။ မစ္စတာပရိုက်စ် တော်တော်နဲ့အိပ်မပျော်ပါဘူး။ သူ့ငွေတွေ လုံခြုံနိုင်ပါ့မလားဆို တာကိုပဲ တွေးနေမိလို့။ နောက်တော့အိပ်ပျော်သွားပြီး ဆိုင်ထဲက ဘဲလ်တီးသံမြည်လာတာကြောင့် လန့်နိုး လာပြီး အိပ်ရာမှာ ထထိုင်လိုက်ပါတယ်။ ဒါ အိပ်မက်မက်နေတာများလား။ သေချာတာကတော့ အခုလို သန်းခေါင်ကျော်အချိန်ကြီးမှာ ဘယ်သူကမှ သူ့ကို တွေ့ချင်မှာမဟုတ်ဘူးဆိုတာပါပဲ။ တီး-ခနဲ ဘဲလ်သံ တစ်ခါ ထပ်မြည်ပြန်တယ်။ အဲဒီဘဲလ်မြည်သံဟာ တိတ်ဆိတ်နေတဲ့တစ်အိမ်လုံး ပျံ့နှံ့သွားပါတယ်။ သူဖတ်ဖူးတဲ့ ဓားပြအတိုက်ခံရတဲ့ လူတစ်ယောက်အကြောင်းကို တွေးတောနေစဉ်မှာပဲ နောက်တစ်ခါ ထပ်မြည်ပြန်ပြီ။ ထပ်တလဲလဲ မြည်နေပြန်ပြီ။
မစ္စတာပရိုက်စ် အိပ်ယာထဲကနေ ထလိုက်ပြီး ပြတင်းပေါက်နားမှာ အသာလေးလျှောက်သွားလိုက် တယ်။ မြူမှုန်လေးတွေ နည်းနည်းပါးပါး ရှင်းသွားပါပြီ။ သူ ပြူတင်းပေါက်ကို ဖွင့်လိုက်ပြီး အပြင်ဘက်ကို ကြည့်လိုက်တဲ့အခါ ပလက်ဖောင်းပေါ်မှာ ရပ်နေတဲ့လူတစ်ယောက်ရဲ့ အရိပ်ပုံသဏ္ဍာန်လေးကိုပဲ မြင်နေ ရတယ်။ “ခင်ဗျား ဘာများလိုချင်လို့လဲ”လို့ ကြောက်ရွံ့တုန်ရီစွာနဲ့ လှမ်းအော်လိုက်ပါတယ်။ အရိပ်ပုံ သဏ္ဍာန်က သူ့ကို ရှင်းရှင်းလင်းလင်း မြင်ရအောင်လို့ နောက်ဆုတ်ပြီး လမ်းမီးအောက်မှာ ရပ်လိုက် ပါတယ်။ တွေ့ပါပြီ၊ သူဟာ ရဲသားတစ်ယောက်ပါ။ “ခင်ဗျားကို နှောက်ယှက်သလို ဖြစ်နေတဲ့အတွက် စိတ်မကောင်းပါဘူး၊ ဒါပေမယ့် ခင်ဗျားဆိုင်ထဲမှာ မီးလင်းနေတယ်။ မီးပိတ်ဖို့ မေ့နေတာ ထင်ပါရဲ့”လို့ ရဲသားက ပြောလိုက်မှ သက်ပြင်းချနိုင်တော့တယ်။
ပြီး…
မှတ်ချက်။ ။Intermediate comprehension passage စာအုပ်ထဲကပါ။ အဲဒီထဲမှာတော့ ခေါင်းစဉ်မပါပါ ဘူး။ ကဲ ဘုန်းဘုန်းတို့ ပုထုဇဉ်လူသားတွေဟာ ပစ္စည်းဥစ္စာတွေ ပေါများလာရင် အဲဒီလို ဖြစ်တတ်ကြ တယ်နော်။ ဖြစ်တာက အပြစ်တော့ မဟုတ်ဘူးရယ်။ အလွန်အကျွံမဖြစ်ဖို့ပဲ ကြိုးစားကြရမှာပါ။ အော် ပုထုဇဉ်ဆိုတာ ရင်ထဲမှာ လောဘ၊ ဒေါသ၊ မောဟအစရှိတဲ့ ကိလေသာတရားတွေ အပြည့်ရှိနေသေးတဲ့ ပုဂ္ဂိုလ်မျိုးကို ပုထုဇဉ်လို့ ခေါ်ပါတယ်။ ပြီးတော့ ပုထုဇ္ဇန-ဆိုတဲ့ ပါဠိပုဒ်ကို ပုထုဇဉ်ဆိုပြီး မြန်မာမှုပြုထား တာ ဖြစ်တယ်။အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေ
… Posted by တောက်ပကြယ်စင်

No comments:
Post a Comment