-BMWEC ပညာရေးရံပုံငွေအတွက် ကံစမ်းမဲဖွင့်ပွဲ၊ မဲဆောက်မှာကျင်းပ-
(စက်တင်ဘာလ ၂၉ရက်၊ ၂၀၁၂၊ သောင်ရင်းနဂါး)
ထိုင်း-မြန်မာနယ်စပ် အခြေစိုက် မြန်မာရွှေ့ပြောင်းအလုပ်သမားပညာသင်ကြားရေးဌာန (၃၅) ခုဖြင့် စုဖွဲ့ထားသော မြန်မာရွှေ့ပြောင်းအလုပ်သမားများပညာရေးကော်မတီ (BMWEC) ၏ ပညာရေးရံပုံငွေအတွက် ရည်ရွယ်လျက် ဆိုက်ကယ်ဆုမဲကြီးမှ ပန်ကာဆုမဲလေးအထိ ပါဝင် သော ကံစမ်းမဲဖွင့်ပွဲကို ယနေ့မဲဆောက်မြို့တွင် ကျင်းပသည်။ လွန်ခဲ့သော နှစ်လခွဲခန့်မှစတင် ကာ BMWEC ၏ ပညာရေးရံပုံငွေအဖြစ် “၁၀ ဘတ်တန်” ကံစမ်းမဲများကို တာ့ခ်ခရိုင်အတွင်း မှ မဲဆောက်၊ဖုတ်ဖရ၊ မယ်ရမတ်၊ ထဆောင်ယန်းစသည့် မြို့နယ်များသို့ ဖြန့်ဝေရောင်းချခဲ့ သည်။ ယနေ့တွင်မူ BMWEC ဌာနချုပ်ရှိရာ ဆာသူးလေအထက်တန်းကျောင်း၌ ကံစမ်းမဲတစ် လှည့် ဖျော်ဖြေရေးတစ်လှည့် ပုံစံဖြင့် ရွှေပွဲလာ ပရိသတ်များကို မရိုးရအောင်၊ မပျင်းရအောင် စီစဉ်တင်ဆက်သွားသည်ကို တွေ့ရသည်။၁၀ ဘတ်တန် ကံစမ်းမဲများကို ဆုမဲဖောက်ရာတွင် ဆုမဲသေးများကို ဦးစွာဖောက်ပြီး (နာရီ၊ ပန်ကာ၊ ခေါက်ထီး) စသည်ဖြင့်လည်းကောင်း၊ ဆုမဲလတ်များကို ဒုတိယအစီအစဉ်ဖြင့် ဖောက်ရာတွင် (ဟမ်းဖုန်း၊ စက်ဘီး) စသည်ဖြင့် လည်းကောင်း၊ ဆုမဲကြီးများကို တတိယအစီအစဉ်ဖြင့် ဖောက်ရာတွင် (ဆိုင်ကယ်လ်၊ တီဗွီ၊ လက်တော့ပ်ကွန်ပျူတာ) စသည်ဖြင့်လည်းကောင်း ကလေး ၅ ဦးနှင့် လူကြီး ၅ ဦးတွဲဖက်စေ ကာ သမာသမတ်ကျကျမဲနိုက်ရွေးချယ်စေခဲ့ခြင်းဖြစ်သည်။
(ယနေ့ကြွလာမိတ်သဟာ ဟောဒီလိုသာ မြင်ရသဗျာ )
ထို့အပြင် BMWEC အထောက်အပံ့ ခံ မြန်မာရွှေ့ပြောင်းပညာသင်ကြားရေးဌာနများမှ ရင်သွေးငယ်လေးများက မြန်မာအက၊ အိန္ဒိယအက၊ ပုဂံအက၊ မြန်မာ့ရိုးရာအငြိမ့်ပွဲ စသည်ဖြင့် ပရိသတ်အာရုံကို ဖမ်းစားနိုင်ခဲ့ကြ သည်။ ယနေ့ကံစမ်းမဲ ဖွင့်ပွဲကို လူပရိသတ် (၅၀၀) ခန့် တက်ရောက်ကြသည်။
(ဟာသဆင်နွှဲ ကျောင်းသားလေးများရဲ့ အငြိမ့်ပွဲ)
(ကလေး ၅ ဦးနှင့် လူကြီး ၅ ဦး ကံစမ်းမဲနိုက်နေကြစဉ် )

သတင်းနှင့်ဓါတ်ပုံ - သောင်ရင်းနဂါး

No comments:
Post a Comment