-ကားခိုးသည် ဟု ဆိုကာ ထိုင်း လက်မှုအလုပ်ရုံရှိ မြန်မာအလုပ်သမားများစွပ်စွဲခံရ-
(ဘုရားရုပ်၊ နတ်ရုပ်နှင့် မှန်စီရွှေချအလုပ်ရုံ)
(စက်တင်ဘာလ ၂၈ ရက်၊ ၂၀၁၂၊ သောင်ရင်းနဂါး)
ထိုင်းအလုပ်ရှင်မှ “ကားခိုးသည်” ဟုဆိုကာ ထိုင်း- မြန်မာနယ်စပ်၊ တာ့ခ် ခရိုင် ဖုတ်ဖရမြို့နယ် တနေရာရှိ လက်မှုအလုပ်ရုံမှ မြန်မာအလုပ်သမား ၆၀ ခန့်အား စွပ်စွဲထားကြောင်း၊ ယင်းတို့အား လုပ်ငန်းခွင် ဧရိယာအတွင်းမှ အပြင်မထွက်ခိုင်းပဲ နေထိုင်ခိုင်းကြောင်း ကွင်းဆင်း သတင်းရရှိသည်။ ဖြစ်ပွားပုံမှာ လွန်ခဲ့သော တစ်ပတ်ခန့်က ထိုင်း- မြန်မာနယ်စပ်၊ တာ့ခ် ခရိုင် မဲဆောက်မြို့တောင်ဘက်၊ ဖုတ်ဖရမြို့နယ်၊ ရာမဲလို ဆာဟာမစ်တိုက်နယ် (မြန်မာတို့အခေါ်- ၄၈ ကီလိုမီတာ) နယ်နိမိတ်အတွင်းမှ ဘန့်ဟတ် (မြန်မာတို့အခေါ်- ၄၄ ကီလိုမီတာ)၌ တည်ထောင်ထားသော ဘုရားရုပ်၊ နတ်ရုပ်နှင့် မှန်စီရွှေချအလုပ်ရုံက မြန်မာအလုပ်သမား ၆၀ ခန့်သည် ထိုင်းအလုပ်ရှင်မှ ရုတ်တရက် ပျောက်ဆုံးသွားသော ကားပျောက်ဆုံးမှုနှင့် စပ်လျဉ်းပြီး စွပ်စွဲခံခဲ့ရခြင်း ဖြစ်သည်။
ထိုသို့ ထိုင်းအလုပ်ရှင်မှ စွပ်စွဲပြီးနောက် ၄င်း၏ကား ပြန်မတွေ့မချင်း လုပ်ငန်းခွင်ဧရိယာအတွင်းမှ အပြင်မထွက်ကြရကြောင်း၊ ယခုအခါ ပျောက်ဆုံးသွားသော ကားသည် မဲဆောက်တစ်ဘက်ခြမ်း ကရင်ပြည်နယ် မြ၀တီမြို့နယ်ဧရိယာတနေရာ၌ တွေ့ရှိသည်ဟု ပြောဆိုနေကြကြောင်း၊ တရားခံ အစစ်အမှန် မည်သူ မည်ဝါ ဖြစ်သည်ကို ထိုင်းနှင့် မြန်မာရဲတပ်ဖွဲ့ အချင်းချင်း နားလည်မှု ပုံစံဖြင့် ရှာဖွေဖော်ထုတ် ကြရမည်ဟု ထင်မြင်ကြောင်း၊ ဖုတ်ဖရမြို့နယ် စအိုတိုက်နယ် ရဲစခန်းနှင့် နီးစပ်သူ တစ်ဦးက ပြောဆိုသည်။
သတင်း- သောင်ရင်းနဂါး
ဓာတ်ပုံ- ဓူဝံ (ဖုတ်ဖရ)

No comments:
Post a Comment