-နားရွက်ကို အကိုက်မခံကြပါနဲ့-
ငယ်ငယ်က ပုံပြင်တစ်ပုဒ် ကြားဖူးတယ် ။ အဲ့ဒီပုံပြင်ကို ဇာတ်ထုပ်လို့လဲ ခေါ်ကြပါတယ် တိတ်ခွေနဲ့လည်း
နားထောင်ဖူးတယ် ။ တီဗွီ အစီအစဉ်တွေမှာလည်း ကြည့်ဖူးပါတယ် ။ ဇာတ်ပွဲတွေမှာလည်း ကြည့်ဖူးပါတယ် ။ အဲ့ဒီငယ်ငယ်က နားထောင်ခဲ့ဖူးတဲ့ သိခဲ့တဲ့ ပုံပြင်ဇာတ်လမ်းကို ခုကျနော် ပြန်တွေးကြည့်မိလိုက်တဲ့အခါ ကိုယ်ငယ်ငယ်က မှားခဲ့ဖူးတာတွေ အတွက် ပြန်စဉ်းစားမိသွားတယ် ။ ပုံပြင်ထဲမှာ .. ကလေး ငယ် တစ်ယောက်က သူများပစ္စည်းကို ခိုးတဲ့ အခါ မိခင်က မဆုံးမပဲ အသာ လက်ခံပေးတဲ့ အဖြစ် ။ ဒီကလေးငယ်က မအေက မဆုံးမတော့ ခိုးဝှက်ခြင်းကို မကောင်းမှု အပြစ်လို့ မမြင်ပဲ ဆက်ဆက် ခိုးဖြစ်သွားတာ ..။ တဖြည်းဖြည်း ကြီးပြင်းလာတော့ သခိုးလေးကနေ သူခိုးကြီး ဖြစ်လာတာပေါ့ ။ နောက်တော့ တိုင်းပြည်သူ ပြည်သားတွေက ဒီသူခိုးကို နှိမ်နင်းခိုင်းဖို့ ဘုရင်ကို တောင်းဆိုတဲ့ အခါ ဘုရင်က စစ်သည်တွေနဲ့ ဖမ်းပြီး သေမိန့်ပေးလိုက်တဲ့ အဖြစ်ကို ရောက်သွားတယ် ….။
သတ်မိန့် ပေးခံရတယ်လည်းကြားရော မိခင်အိုမှာတော့ သားသမီးဆိုတော့ မနေသာပဲ ပူပင်တာပေါ့ ။ မိခင်ကလည်း ငယ်ရွယ်တဲ့အချိန်မဟုတ်တော့ အိုကြီး အိုမ မသန်မစွမ်းနဲ့ သားရဲ့အဖြစ်ကို ငိုယိုရင်း သားကို သတ်မိန့်မပေးခင် သွားတွေ့တာပေါ့ ။ သား သူခိုးကလည်း သူသေရတော့မဲ့အဖြစ်ကို သိတော့ နောင်တရ ပြီး သူခုလို ဆိုးလာတာ အမေ့ မဆုံးမခဲ့လို့ ဒီလို ဖြစ်ရတယ်ဆိုပြီး တွေးနေတာတဲ့ ။ အမေမဆုံးမခဲ့လို့ ငါ ခုလို သေရမဲ့ ကိန်းဆိုဒ်တာ ဆိုပြီးအတွေးတွေဖြစ်နေချိန် မိခင်ကလည်း သားကို နောက်ဆုံးအနေနဲ့ လာနှုတ်ဆက်တာပေါ့ ။ အဲ့ဒီအချိန် သားက အမေ့ကို မှာစရာရှိပါတယ် အနားတိုးပြီး နားနား ကပ် ပြောမယ်လို့ ဆိုတော့ မိခင်လည်း သူ့အနားတိုးသွားပြီး နားထောင်တဲ့ အခါ နာရွက်ကို သားက ကိုက်လိုက်တဲ့ အဖြစ်ကို ခံရတာပေါ့ ။ ပုံပြင်ထဲကတော့ ဒါပါပဲ မှတ်မိသလောက် ပဲ ပြောပြတာပါ ။
ဒီပုံပြင်ကို ပြန်တွေးကြည့်မိပြီး မိဘတွေကို အပြစ်တင်တယ်လို့တော့ မထင်စေချင်ဘူး ။ ခု ကျနော် ပြောချင်တာက လက်ဦးဆရာဖြစ်တဲ့ မိဘတွေ ၊ ခုခေတ် လူကြီးအရွယ်ရောက်နေကြတဲ့ကျနော်တို့ တတွေ ၊ ကလေးတွေကို ပညာသင်ကြားပေးနေတဲ့ ကျောင်းဆရာတွေကို ပြောပြဆွေးနွေးချင်တဲ့ သဘောပါ ။ အမှန်တကယ်မှာ လူရဲ့ သဘောသဘာဝက “တံငါနားနီး တံငါ ၊ မုဆိုးနားနီး မုဆိုး ” ဆိုသလိုပဲ နီးစပ်ရာ ပတ်ဝန်းကျင်ရဲ့ စရိုက်တွေကို ကူးစက်တတ်ပါတယ် ။ အဲ့ဒီလို စရိုက်တွေကူးတာကို သတိမထားမိပဲ ဆက်ဆက်ပြီး မကောင်းတဲ့ စရိုက်နဲ့ ကြီးပြင်းလာခဲ့ရင် ထိုကလေးအတွက် အနာဂတ်ဟာ မကောင်းနိုင်သလို နောင်တ တရား ဆိုတာမျိုးလည်း ရရှိလာနိုင်ပါတယ် ။ လူတိုင်းလိုလိုမှာ ကိုပြုလိုက်တဲ့ အကုသိုလ်ရဲ့ အကျိုးအပြစ်ကို သိလာလေလေ ကြောက်လာလေလေပါပဲ တကယ်တော့ မသိလို့ မကြောက်ကြတာပါ ။ အသိပညာပိုင်းမှာလည်း အသက်အရွယ် ပိုကြီးလာလေ ပိုသိလေလေပါပဲ ။ ပိုသိလာလေ ပိုကြောက်လာလေလေပါပဲ ။ ကိုယ်လုပ်တဲ့ ကံရဲ့ အကျိုးအပြစ်ကို မသိပဲ ဖြစ်နေရင်တော့ ဘာမှ ကြောက်နေမှာမဟုတ်ပါဘူး ။ ကလေးထက် လူကြီးက ပိုသိပါတယ် ။ ဘာလို့လဲဆို အတွေ့အကြုံကြောင့်ပါလို့ပဲ ဆိုချင်မိပါတယ် ။
ဒီ မကောင်းမှု လုပ်တာနဲ့ ပတ်သက်ပြီး ငယ်ငယ်က အကြောင်းလေး ပြောပြချင်မိပါသေးတယ် ။ ကျနော်ငယ်ငယ်က အကုသိုလ် အရမ်းများခဲ့တာပါ ။ ခုအဲ့ဒါတွေအတွက် ငါတော်တော် ဆိုးခဲ့ပါလားဆိုပြီး နောင်တရမိပါတယ် ။ ခုအချိန်မှာလည်း “ ငါ အကုသိုလ်ဖြစ်စေမဲ့ အလုပ်တွေကို ရှောင်ပြီး ကုသိုလ်ဖြစ်စေမဲ့ အလုပ်တွေကိုပဲ များများလုပ်မယ်လို့ ” ကိုယ့်ကိုယ်ကို ခံယူထားမိပါတယ်
။ ဘယ်လိုအကုသိုလ်လဲဆိုရင် ကျနော်နေခဲ့တာက ကျေးရွာဆိုတော့ တောထဲတွေက ကျေးငှက် ၊ ကြွက် ၊ ဖား ၊ ငါး စတဲ့ တိရိစ္ဆာန်လေးတွေရဲ့ အသက်ပေါင်း မြောက်များစွာကို မသိမှုနဲ့ သတ်ဖြတ်ပြီး တောရွာ သဘာဝ ဟင်းလျာအဖြစ် စားသောက်ဖွယ် ပြုလုပ်ခဲ့မိတာ ။ အဲ့ဒီ အကုသိုလ် အမှုတွေကို ငယ်ငယ်က အပြစ်လို့ မမြင်မိခဲ့ဘူး ခုလိုကြီးလာမှ နောက်ခါမှ တတဲ့ နောက်တအဖြစ်နဲ့သာ သိရှိနိုင်တော့တာပါ ။ အဲ့ဒီလို သူများအသက် သတ်တာတွေကို ငယ်ငယ်က မိဘတွေအနေနဲ့ ကိုယ့်သားသမီးတွေကို မလုပ်ဖြစ်အောင် အကုသိုလ် မကောင်းမှု မှန်း သိအောင် တားမြစ်သင့်ပါတယ် ။ ဘာလို့လဲဆို အဲ့ဒီ ကလေးတွေဟာ ယခု ကျနော့်လိုပဲ အရွယ်ရောက် ကြီးပြင်းလာတဲ့ အချိန် ငယ်ငယ်က သူတို့ အကြောင်းတွေကို ပြန်စဉ်းစားမိပါလိမ့်မယ် … ။သူတို့ ကောင်းတာတွေ လုပ်ခဲ့သလို မကောင်းတာတွေ လုပ်ဖြစ်ချင်လည်း လုပ်ဖြစ်ခဲ့လိမ့်မယ် ။ မကောင်းတာတွေ အတွက် “ငါငယ်ငယ်က ဒါတွေမလုပ်ခဲ့ဘူးဆိုရင် ” ဆိုတဲ့ အတွေး အဲ့လို အကုသိုလ်ဖြစ်စေတဲ့ သူများအသက်တွေ သတ်ခြင်း ဆိုတာတွေဟာ မကောင်းမှု အပြစ်တွေလို့ မိဘတွေက သေချာနားလည်အောင် ဆုံးမခဲ့မယ်ဆိုရင် ငါ ခုလို နောင်တ ရမိမှာမဟုတ်ဘူး လို့ တွေးမိပါလိမ့်မယ် ။ မိမိတို့ ရဲ့ ကလေးတွေ ၊ ညီလေးတွေ ၊ ညီမလေးတွေအတွက် မကောင်းမှု မှန်သမျှ မလုပ်ဖြစ်အောင် တားမြစ်စေချင်တာပါ ။ နားလည်အောင်လည်း ဆုံးမစေချင်ပါတယ် ။ အဲ့ဒီလို ကိုယ်က ဆုံးမ ပြောဆို တားမြစ်ခွင့်ရှိလိုက်သားနဲ့ မဆုံးမခဲ့ဘူးဆိုရင် … အစမှာ ပြောခဲ့တဲ့ ပုံပြင်ထဲကလို သူတို့တတွေကြီးလာလို့ အမှားတွေကို လုပ်မိခဲ့မှန်းသိသွားရင် မဆုံးမခဲ့တဲ့ ကျနော်တို့တတွေကို အမေအို နားရွက်ကိုက်ခံရသလို အပြစ်တင်မှု တစ်ခုခုနဲ့ စိတ်ထဲတွေမှာ ဖြစ်မိသွားပါလိမ့်မယ် ။ အဲ့ဒီ သူတို့လေးတွေ မမှားရလေအောင် ဆုံးမခြင်း ဆိုတာကို ကျနော်တို့ တတွေ လူငယ်တွေအပေါ်မှာ ပြုကြရပါလိမ့်မယ် ။ အနစ်နာခံခြင်းဆိုတာတော့ ရှိမှာ အမှန်ပါပဲ ။ အိုးကောင်းစေချင်လို့ နာနာရိုက်ခတ်တာပါ။ ဓါးသွားမာအောင်လို့ နာနာ ထုတာပါ လို့သာ ခံယူထားစေချင်ပါတယ် ။ နားရွက်များ ဘယ်တော့မှ အကိုက်မခံရလေအောင် မိမိသိသမျှ တတ်သမျှ အတွေ့အကြုံမှ အကောင်းဆုံးလို့ ထင်တာတွေကို လူငယ်ကလေးတွေကို မျှဝေပါ .. ရေလောင်းပါ ..။ ဒါမှလည်း ပိုပြီး ကောင်းမွန်တိုးတက်တဲ့ လူ့ဘောင်အဖွဲ့အစည်းဖြစ်လာမှာပါ ။
ပျော်ရွှင်ချမ်းမြေ့ကြပါစေ
**ဘာနေ**

No comments:
Post a Comment