-လူငယ်နှင့် သင်တန်း -
ယနေ့ခေတ်တွင် လူငယ်တွေ အတွက် အတတ်ပညာ သင်တန်းမျိုးစုံ ပေါ များသော ခေတ်ကာလ ကြီးဖြစ်သည်။ လူငယ်တွေအနေနှင့် ထိုများပြားလှသော သင်တန်းများထဲမှ မိမိဝါသနာနှင့် ကိုက်ညီ မည့် သင်တန်းများကို မိမိဘဝ မြင့်မားဖို့ လှေကားထစ်သဖွယ် အသုံးပြုပြီး တက် လှမ်းနိုင်ပေသည်။ ယနေ့ ဂျာနယ်တွေ သတင်းစာတွေမှာပါတဲ့ ကြော်ငြာတွေ ကြည့်လိုက်ရင် သင်တန်းကြော်ငြာတွေက အများသားပင်။ အင်္ဂလိပ်စာ သင်တန်းများ(IELTS, TOEFL (Foundation, Preparation, Practice), GCE (O) Level၊ တရုတ်၊ ကိုရီးယား၊ ဂျပန်၊ ပြင်သစ်၊ ထိုင်း စတဲ့ အခြားနိုင်ငံခြားဘာသာစကားသင်တန်း အသီးသီး၊ နည်းပညာပိုင်းဆိုင်ရာ သင်တန်းများ (Programming (Java, C#, Assembly, VB.Net)& Design (Web)၊ စာရင်းကိုင်ဘာသာရပ် သင်တန်း များ (LCCI, MYOB)၊ Computer သင်တန်းများ၊ စီမံခန့်ခွဲမှု(Management) သင်တန်းများစတဲ့ သင်တန်းတွေ အများ အပြားပင်။ အဲဒီလို သင်တန်းတွေများတာ ကျွန်တော်တို့ လူငယ်တွေအတွက်တော့ ယူတတ်မယ်ဆိုရင် ပညာရွှေအိုးပင် ဖြစ်သည်။သင်တန်းတစ်ခုတက်ဖို့အတွက် ကုန် ကျသည့် ငွေကြေး၊ ပေးရမည့် အချိန်တွေနဲ့ တန်အောင် လေ့လာသည့်ပညာတစ်ခုကို ရအောင်ယူရမည်ဖြစ်သည်။
ယနေ့ခေတ် သင်တန်းကြေးတွေကလည်း နည်းလှ သည်တော့မဟုတ်။ ဘုန်းတော်ကြီး ကျောင်းတွေမှာ ဖွင့်တဲ့ အခမဲ့ပညာဒါန သင်တန်းတွေလည်းရှိသည်။ ဒီလိုပညာဒါန သင်တန်းတွေ ရှိသည့်အတွက် ငွေကြေး မပြည့်စုံလို့ ပညာမရှာနိုင်သူများအတွက် အထူးပင်ကောင်းမွန်လှသည်။ တချို့တွေကျပြန်တော့လည်း ငွေ ကြေးပြည့်စုံပါလျက် ပညာလိုချင်သည့် စိတ်ကြောင့် မဟုတ်ဘဲ သင်တန်းတစ်ခုကို အပျော်သက်သက်တက်ကြသူများလည်း ရှိပါသည်။
ကိုယ်တက်သည့်သင်တန်းက လက်မှတ်တစ်ခုရချင်လို့၊ ကိုယ့်ရဲ့ သူငယ် ချင်းတွေက အဲဒီသင်တန်းကို တက်လို့၊ အပျင်းပြေသက်သက် သင်တန်းတက် သူများလည်း တွေ့ဖူးပါ၏။ တစ်ခါသားက မြို့ထဲဘက်ကိုအသွား လမ်းမှာ တက္ကသိုလ်တက်စဉ်က ခင်မင်ခဲ့ တဲ့ သူငယ်ချင်းတစ်ယောက်နှင့် ဆုံမိသည်။ သူငယ်ချင်းတွေနဲ့ ကျောင်းပြီးကတည်းက မတွေ့ကြတော့တဲ့အကြောင်း၊ အခု ဘာလုပ်နေလဲ၊ ဘယ်သူငယ်ချင်းနဲ့ဖြင့် ပြန်ဆုံသေးလား စသည်ဖြင့် စကားတွေ အလုအယက်ပြောဖြစ်ကြသည်။ သူက အခုလောလောဆယ် အိမ်မှာ နေရင်း သင်တန်းတစ်ခုတက်နေတဲ့ အကြောင်းပြောသည်။
ဒါနဲ့ အဲဒီသင်တန်း ကို ဘာအတွက်ကြောင့် တက်ဖြစ်တာလဲ၊ ဝါသနာပါလို့လား စသည်ဖြင့် မေးမြန်း မိသည်။
သူပြန်ဖြေတဲ့ အဖြေကြောင့် အလွန်ပဲ အံ့အားသင့်သွားမိသည်။ သူ့ အဖြေက ဒီလိုပဲ အိမ်မှာနေရတာ ပျင်းလို့ တက်လိုက်တာပါဟာ။ ဝါသနာပါလို့လည်း မဟုတ်ပါဘူးတဲ့။ ပေါ့ပေါ့တန်တန် ပြော လိုက်သော သူ့ကို မနည်းလှသော သင်တန်းကြေးနဲ့ အချိန်တွေကို နှမြော လိုက်တာဟု ပြောမိလိုက်သည်။ ဟုတ်ပါသည်။ သူ့လို သင်တန်းတစ်ခု ကို ပျင်းလို့တက်တဲ့သူ၊ မိဘက တက်ခိုင်း လို့ တက်ရတဲ့သူ၊ သူငယ်ချင်းက အဖော် လာဆွယ်လို့ တက်ဖြစ်တဲ့သူ၊ လက်မှတ် လေးတစ်ခုရရင် အလုပ်လုပ်ဖို့ လွယ်တယ် ဆိုတဲ့အတွေးနဲ့ သင်တန်းတက်သူတွေ၊ နောက် လက်ရှိလုပ်နေတဲ့ အလုပ်က တက်ခိုင်းလို့တက်ရတဲ့သူတွေ စတဲ့ ပညာ လိုချင်တာ အဓိက မဟုတ်ဘဲ အလွတ် သဘော တက်တဲ့သူတွေကလည်း မနည်းပါ။
သင်တန်းလည်းပြီးရော ပေးလိုက်ရတဲ့ငွေကြေးနဲ့ အချိန်အတွက် စာရွက်လေး တစ်ခုသာရလိုက်တာမျိုး။ တစ်ပြိုင်နက် တည်း သင်တန်းပေါင်းစုံတက်ကာ ဘယ် ပညာကိုမှ မည်မည်ရရ မတတ်ကျွမ်းဘဲ လက်မှတ်တွေ တစ်ပုံတစ်ပင်ရှိသူတွေ လည်း မနည်း။ တချို့လူငယ်တွေ သင်တန်းတက် မယ်ဆို အဲဒီက Certificate ပေးလား မပေးဘူးလားဆိုတာကို အထူးစုံစမ်း မေးမြန်းကြသည်။
Certificate ပေးမှ သင်တန်းတက်ချင်ကြသူတွေလည်း မနည်းပါ။ တကယ်တော့ ကိုယ်တက်မယ့် ဘာသာရပ်ကို သင်မယ့်ဆရာ၊ ဆရာမက အသင်အပြကောင်းရဲ့လား၊ သင်ခန်းစာ တစ်ခုကို နားလည်အောင် ရှင်းပြနိုင်ရဲ့ လား စတာတွေကို မစုံစမ်းဘဲ Certificate ပေးလား၊ မပေးဘူးလားဆိုတာမျိုးကိုပဲ အာရုံရောက်နေတတ်ကြပါသည်။ လူငယ်တွေအနေနဲ့ အလုပ်တစ်ခု လျှောက်ရင် Certificate များများရှိမှ အလုပ်ရနိုင်မယ်ဟု ထင်နေကြသည်။ ကုမ္ပဏီတွေအနေနှင့်၎င်းတို့ထင်သလို သင်တန်းဆင်းလက်မှတ်ကိုသာ အဓိက မထားပါ။ အလုပ်လျှောက်သူ၏ အရည် အချင်းကို လက်တွေ့စစ်ဆေးပြီးမှသာ အလုပ်ခန့်ရန် ဆုံးဖြတ်တတ်ကြသည်။
ထို့ကြောင့် လူငယ်တွေအနေနဲ့ အရေ အတွက်ထက် အရည်အချင်းရှိဖို့ကိုသာ ပိုမိုကြိုးစားအားထုတ်သင့်ပါသည်။ အရွယ်ရောက်ပြီးသား လူငယ်တွေ ဟာ သူတစ်ပါးစေစားမှုကြောင့် မဟုတ်ဘဲ ကိုယ်ပိုင်အတွေးအမြင်၊ ကိုယ်ပိုင် အသိ ဉာဏ်နဲ့ တွေးတောဆင်ခြင်ပြီး မိမိတို့ ဘဝတိုးတက်ဖို့ ကိုယ်တိုင်ကြိုးစား အား ထုတ်ရမည်ဖြစ်သည်။ လူငယ်တွေရဲ့ ပညာသင်ချိန်အတော်များများကိုလည်း စာရွက်တစ်ရွက် (ဘွဲ့လက်မှတ်တစ်ခု)နဲ့ လဲလှယ်ခဲ့ပြီးဖြစ်သည်။
ယခုဆက်ပြီးလည်း ထိုနည်းလည်းကောင်းအတိုင်းပင် ဆက် သွားမယ်ဆိုပါက လူငယ်တွေ၏အနာဂတ် တစ်ခုလုံးသည် အချင်းမရှိတဲ့ စာရွက်တွေ နဲ့သာ အဆုံးသတ်ရမှာဖြစ်ပါသည်။ ထို့ကြောင့် အချိန်ပေါလို့ပဲဖြစ်ဖြစ်၊ ငွေပေါလို့ပဲဖြစ်ဖြစ် သင်တန်းတွေ တက် နေတာမျိုး မဖြစ်စေဘဲ တကယ်ပညာ လိုချင်၍ ကိုယ့်ရဲ့ဝါသနာ၊ ကိုယ့်ရဲ့ဉာဏ် ပညာနဲ့ ကိုက်ညီမယ့် သင်တန်းမျိုးကို ရွေးချယ်တက်ရောက်နိုင်စေဖို့ရာ မျှော်လင့် မိပါသည်။ **ကျော့ကေခိုင်**

No comments:
Post a Comment