-ဘ၀တစ်ကွေ့မှာ-
ဒီနေ့ အစ်မလို ချစ်ရသူတစ်ဦး၏ ကွယ်လွန်ခြင်း 10 ရက်ပြည့် အလှူသို့ ရောက်ခဲ့သည်။
မတွေ့ဖြစ်ခဲ့ရတာ ကြာခဲ့သော မိတ်ဆွေသူငယ်ချင်းတော်တော်များများကိုလည်း ဒီကနေ့မှာ ပြန်တွေ့ရ သည်။
သက်တောင့်သက်သာ အပြုံးတို့နှင့် အတူ နှုတ်ဆက်ရင်း အတိတ်ရဲ့ တော်တော်များများကို ဒီကနေ့ မေ့လုနီးဖြစ်သွားရသည်။ ဖုန်းနံပါတ်တွေ အလဲအလှယ် လုပ်ကြရင်း၊ နောက်တစ်ကြိမ် ပြန်ဆုံကြမယ် ချိန်းကြပြန်သည်။ ကွယ်လွန်သူကို ရည်စူး၍ အမျှအတန်းဝေတော့ ရင်မှာသိမ့်ကနဲဖြစ်သွားရသည်။ မျက်ဝန်းကို အသာပိတ်မိတော့ တွေ့ဖူး၊ ဆုံခဲ့ဖူးတာတွေ တရိပ်ရိပ်၊ စိတ်ထားတတ်သူပေပဲ... သာဓုခေါ်နိုင် မှာပါ....ငြိမ်းချမ်းစွာ ဘ၀ကူးသွားတာပဲ.....အေးချမ်းသော ဘုံဘ၀မှာ တည်ငြိမ်နေမှာ ပါလေ။ ရောက်ရာ ဘုံဘ၀မှာ အေးချမ်းစွာ တည်ရှိနေပါစေ......။
အပြန်လမ်းတွင် အတွေးတို့က ကစဥ့်ကလျား၊ အလှည့်ကျ၍ သွားနှင့်သူက သွားနှင့်လေပြီ။ ကျွန်မတို့ အလှည့်ကော ဘယ်တော့လဲ.....။ ဝေးတော့မည်တော့ မထင်ပါ။ ဒီ အခိုက်အတန့်တစ်ခဏလေးအတွင်းမှာ ကျွန်မတို့ အတ္တ၊ မာန်မာနတွေ ဘာလို့များ အလျှံတငြီးငြီးတောက်လောင်နေပါလိမ့်..။ ဘာလို့များ ချစ်ခြင်း မုန်းခြင်းတွေ ပြည့်နှက်နာကျင် နေကြပါလိမ့်...။ ဘာလို့များ အလဲထိုး ရက်စက်မှုတွေ၊ လိမ်လည်ကောက် ကျစ်မှုတွေ ရှိနေကြပါလိမ့်...။
ယခု ကမ္ဘာမြေပေါ် ကျွန်မ ခြေစုံရပ်နေသည်။ နောက်ပြန်လှည့်လျှင် ဖြောင့်ဖြောင့်တန်းတန်း မြင်ရမည် လေလား...။ ကျွန်မ လေးပါးသီလလုံသည်ဟူ၍ မကြာခဏ ကြွေးကြော်ခဲ့ဖူးသည်။ ချစ်ခြင်းမေတ္တာကို ထိပါး၍ ရက်စက်သော စကားများ နှုတ်ဖျားမှ ထွက်ပေါ်ခဲ့မိခြင်းသည် မည်သည့်သီလနှင့် အကျုံးဝင်ပါ သည်လဲ..။ငါ့လက် ကိုက်၍ သူ့လက် ပြန်ကိုက်သည် ဟူသော အတုံ့အလှည့်သည် မည်သည့် အကုသိုလ် နှင့် သက်ဆိုင်ပါသနည်း..။ နာကျင်ခဲ့ဖူးသည်။ ရှက်ရွံ့ခဲ့ဖူးသည်။ မုန်းတီးခဲ့ဖူးသည်။ လွမ်းမောခဲ့ဖူးသည်။ သိမ်ငယ်ခဲ့ဖူးသည်။ တစ်ယောက်တည်း ဟူသောအသိနှင့် မိတ်တွေများ အားလုံးအဆက်အသွယ်ဖြတ်ကာ အထီးတည်း ၀မ်းနည်းခဲ့ဖူးသည်။ ငါ့ဘက်မှာ ဘယ်သူမှ မရှိဘူး ဟူသော စိတ်ခံစားမှုနှင့် စိတ်ဓာတ်ကျ နာကျည်းခဲ့ဖူးသည်။ ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်ရခြင်း၊ မပိုင်ဆိုင်ရခြင်းအတွက် ကြေကွဲမဆုံးဖြစ်ခဲ့ဖူးသည်။ ယခုတော့ ဤအရာတွေ ကျွန်မ ထံပါး၌ ဘာဆိုဘာမှ မရှိတော့ပါ...။
တစ်ချိန်က ဟူသော အဖြစ်အပျက် အချို့ကို လွမ်းမောနေရခြင်းသာ ရှိတော့သည်။ လေးစားတန်ဖိုး ထားခဲ့ရသူ တစ်ဦး၏ FB AC လေးကို မကြာခဏ ကြည့်မိရင်း (သူသူဟန် နာမည် ထည့်မပြောနဲ့) ဟူသော သတင်းစကားတစ်ခုမှာ ကျွန်မ အသာ အယာပြုံးမိသည်။ ကျွန်မကို လျစ်လျူရှုသည် ဖြစ်စေ၊ ကျွန်မကို မုန်းတီးနေသည် ဖြစ်စေ သူသည် ကျွန်မ အစ်ကို ဖြစ်ပါသည်။ ကျွန်မကို လှည့်ဖျားစွန့်ခွာသွားခဲ့သော (ယခင်က) ချစ်သူ နှင့် သူ၏ နောက်ထပ် ချစ်သူ တို့ အပြန်အလှန်ချစ်ခြင်းပြိုင်နေကြပုံများ ကြားရလျှင် ကျွန်မ ပြုံးမိပါသည်။ သူသူ က ဘယ်သူ့ကိုမှ မဆက်သွယ်ဘူးဟူသော တွတ်ထိုးစကားသံတွေ အကြားမှာ ကျွန်မ ပြုံးမိပါသည်။ ယခုတလော ကျွန်မ အပြုံးတို့များလှသည်။ တိတ်ဆိတ်သော ညများတွင် စိတ်အာရုံကို စုစည်း၍ အလင်းတန်း တစ်ခုမှာ ပျော်မွေ့ငြိမ်သက်နေသော ကျွန်မအတွက် လိုအင်ဆန္ဒတွေ၊ လုယူမှုတွေ၊ အလဲထိုးခြေထိုးမှုတွေမှာ သိပ်အရေးမပါတော့ပါ...။
အလွမ်းတို့ ရှိနေသည်..။ ဒါသည် အလွမ်းသက်သက်သာ ဖြစ်သည်။ ချစ်ခြင်းမေတ္တာတို့ ရှိနေသည်...။ ဒါသည် ချစ်ခြင်းမေတ္တာ သက်သက်သာ ဖြစ်သည်။ ဘ၀ဆိုတာ ရေစက်တစ်ပေါက် မြေပေါ်ကျသလိုပဲ..။ တိုတောင်းမြန်ဆန်လွန်းလှသည်။ အခိုက်အတန့်လေးကြုံကြိုက်မှုတွေမှာ ကျွန်မ နောင်တတရားတွေ ကပ်ငြိမနေချင်လှပါ...။
**ရွှေအိမ်စည်**

No comments:
Post a Comment