-ဖေဖေ့နှယ် ဘာဖြစ်လို့ဒီမိန်းမ ယူရသလဲ-
လောကတွင်လူတွေ မည်မျှဦးရေ များပြားသော်လည်းအကျဉ်းအားဖြင့်ခွဲခြားလိုက်လျင် တရားရှိသူနှင့် မရှိသူ၊ သို့မဟုတ် တရား ရသူနှင့် တရားမရသူ၊ သို့မဟုတ် တရားကျင့်သုံးသူနှင့် မကျင့်သုံးသူဟူ၍ နှစ်မျိုးသာ ရှိတော့၏။
ယင်းတွင်တရားမရှိသူကကိုယ်နှုတ်စိတ်အမူအကျင့်မကောင်းသော်ခွင့်လွှတ်နိုင်သေး၏၊တရားရှိသူကိုယ်နှုတ်စိတ်အမူအကျင့်မကောင်းသော်ခွင့်မလွှတ်နိုင်ချေ၊ အဘယ့်ကြောင့်ဆိုသော် တရားရှိသူ၊ တရားရသူဟူ၍ အမည်ခံထားသောကြောင့် ယင်းအမည်နှင့် မညီညွတ်မလိုက်လျော ၍ ဖြစ်ပေ၏။ယင်းတွင်အခြားသူများက ခွင့်မလွှတ်နိုင်သောအဖြစ်မျိုးကား ပေါများလှ၏၊ သားသမီးကပင် ခွင့်မလွှတ်နိုင်သော အဖြစ်ဆန်းမူကား ရှားကောင်းရှားလိမ့်မည်၊ယင်းအဖြစ်ဆန်းကို ကိုယ်တိုင်ကြုံခဲ့ရ၏။
ယောဂီတစ်ယောက်ရိပ်သာသွားတရားအားထုတ်၏၊တရားကားရ၏၊ အိမ်ရောက်သော် “ငါကားတရားရသူ” ဆိုပြီးအိမ်ရှိ ကျန်လူများ ကိုအထင်သေးအမြင်သေးတော့၏၊အပေါ်စီးကဆက်ဆံတော့၏၊သို့နှင့်အိမ်ရှိလူများနှင့်မတည့်တော့၊ရိပ်သာမသွားခင်ကအားလုံးနှင့်ဆက်ဆံရေးအဆင်ပြေပါလျက်ပြန်လာမှမည်သူနှင့်မျှ မတည့် သောအခြေအနေရောက်ရတော့၏။အမှန်စင်စစ်တရားရခဲ့သော်ဤသို့ဖြစ်မည်လော။
ယင်းအတွေ့အကြုံမှာ သာမာန်ထဲကမဟုတ်ပါ၊ တကယ့်အဖြစ်အပျက်တစ်ခုဖြစ်ပါ၏၊တစ် ချိန်ကမိမိသည်မြို့ ကြီးတမြို့တွင်တရားပြ စဉ်က ဖြစ်ခဲ့၏၊အထိန်းအသိမ်းခံမှ လွတ်ပြီးစအရာရှိတဦးနှင့် အစုတစ်စုရောက်ရှိကာ ရဟန်းခံ၍ တရားအားထုတ်နေ၏၊ ထိုတွင်မိမိ က ရဟန်းခံသောဦးပဉ္ဇင်းကြီးအား မေးစစ်၏။
“ဦးပဉ္ဇင်းကြီး အရင်က တရားအားထုတ်ဖူးသေးလား..”
“တပည့်တော်ရိပ်သာတစ်ခုမှာ သီးခြားရယ်လို့တော့ အားမထုတ်ဖူးပါဘူးဘုရား၊ ထောင်ထဲမှာ နေရစဉ်တုန်း ကတော့ တခြားအလုပ် မရှိတာနဲ့နည်းနည်းအားထုတ်ပါတယ်”
“ဘယ်လိုအားထုတ်သလဲ.. အားထုတ်ပုံအားထုတ်နည်းကို ပြောပြစမ်းပါ..”
ဦးပဉ္ဇင်းကြီးသည်တင်ပျဉ်ခွေကာကိုယ်ကိုတင်းတင်းတောင့်တောင့်ပြု၍ အာနာပါနကိုပြင်းပြင်းထန်ထန် အားထုတ်ပြပါ၏၊ ပြီးသော် တပည့်တော် ဒီလိုအားထုတ်ပါတယ်ဘုရားဟု လျောက်ထား၏
“ကောင်းပါတယ်..ကဲဒါဖြင့် တပည့်တော်ပြသလို အဲဒီအာနာပါနကိုပဲ ဒီမှာ ၁၅ မိနစ်လောက် အားထုတ်ပြ ပါအုံး” ဟုဆိုကာ ထိုင်ပုံထိုင်နည်း၊ ရှုမှတ်ပုံရှုမှတ်နည်းကအစ သင်ပေးလိုက်၏၊၁၅ မိနစ်မျှ အားထုတ်ပြီး တရားဖြုတ် ကာ အားရပါးရ ပြော၏၊
“အရှင်ဘုရား.တပည့်တော် ထောင်ထဲတုန်းကသာ ဒီလိုစနစ်တကျအားထုတ်ရင် တရားရချင်ရမှာဘုရား၊ ယခု တော့ ပင်ပန်းလိုက်တာဘုရား၊ ဘာတရားမှလဲ မရခဲ့ဘူး..”
“စောစောကတည်းကဒီနည်းကိုသဘောကျလို့ကိုယ့်ဘာသာအားထုတ်တာပဲမဟုတ်လား.. ဘာဖြစ်လို့ပင်ပန်းရတာလဲ ပြောစမ်းပါဦး..”
“မဟုတ်ပါဘူ့းဘုရား၊ တပည့်တော်က တရားလဲအားထုတ်ချိန်မရပါဘူး၊အလုပ်ကများတယ် ဘုရား၊ အိမ်က ဒကာမကတော့ အားထုတ်တယ်၊ သူအားထုတ်တာမြင်ဖူးတွေ့ဖူးတာနဲ့ပဲ ထောင်ထဲဆိုပြီး အလုပ်မရှိလို့ တရားအားထုတ်ရရင် ကောင်းမယ် ဆိုပြီးရမ်းသမ်းအားထုတ်တာပဲဘုရား..”
“ဦးပဉ္ဇင်းကြီးက စောစောကတည်းက ဒကာမကြီးဆီမှာ နည်းမှမခံယူထားတာပဲဟာ..”
“သူ့ကိုလဲ တပည့်တော်တို့တအိမ်သားလုံးက တရားရှိတဲ့သူရယ်လို့ အသိအမှတ်မပြုဘူးဘုရား၊ သူကလဲ တပည့်တော် တို့တအိမ် သားလုံးကို တရားမဲ့တဲ့သူတွေ ဆိုပြီး အားကြီးအထင်သေးတယ်ဘုရား၊ တအိမ်သား လုံးနဲ့ သူတစ်ယောက်ဟာ အပေးအယူ မတည့်ဘူးဘုရား..”
“တအိမ်သားလုံးနဲ့ တစ်ယောက်မတည့်တာဘယ်သူဆိုးသလဲ ဦးပဉ္ဇင်းကြီး..”
“ဘယ်သူဆိုးသလဲဆိုတာတပည့်တော်အဖြေမပေးပါရစေနဲ့ဘုရား.တပည့်တော်ရဲ့သမီးပြောစကားနဲ့ပဲ ဆုံးဖြတ်ပါအရှင်ဘုရား..”
“နေစမ်းပါဦး၊ ဦးပဉ္ဇင်းကြီးသမီးကလဲ ဒကာမကြီးသမီးပဲမဟုတ်လား..”
မိမိမှာမရှင်းလင်း၊ ဇနီးမောင်နှံကြီးခါမှပေါင်းရသော် သားသမီးများသူ့ဘက်ကိုယ့်ဘက်ပါ တတ်၍မေးခြင်းဖြစ် ၏၊
“မှန်ပါဘုရား.တပည့်တော်သမီးလဲသူ့သမီးပဲပေါ့ဘုရား..”
“ကဲဒါဖြင့် ပြောစမ်းပါဦး၊ ဦးပဉ္ဇင်းကြီးသမီးက ဘယ်လိုပြောသလဲ..”
“ဖေဖေ့နှယ် ဘာဖြစ်လို့ ဒီမိန်းမယူရလဲ တဲ့ဘုရား..”
“အော် ဒီလိုကိုပြောတာလား..”
“အော် အဲဒီလိုကို ပြောတာဘုရား..”
“အင်း..ဒါဆိုရင်တော့ ဒကာမကြီးဟာ တော်တော်ဆိုးပုံရတယ်..”
“သူကဆိုးတော့ သူအားထုတ်တဲ့တရားကိုလဲ တပည့်တော်က အာရုံမကျဘူးဘုရား၊ သူ့လဲတရားရှိတယ် လို့မထင်ဘူး၊တရား နဲ့ပက်သက်လို့ အထင်လဲ မကြီးဘူး..”
“ဦးပဉ္ဇင်းကြီးရဲ့ ဒကာမကြီးက ပင်ကိုယ်စရိုက်ကလဲ ခမ်းကြမ်းကြမ်းထင်တယ်..”
“ပင်ကိုယ်စရိုက်က အများနဲ့ယှဉ်ရင် နည်းနည်းတော့ကြမ်းပါတယ်ဘုရား၊ဒါပေမယ့်ရိပ်သာက ပြန်လာမှ ပိုဆိုး လာတယ်ဘုရား.”
“ဟင်.. ရိပ်သာက ပြန်လာမှ ပိုတော်လာရမှာမဟုတ်လား.. ဘယ့်နှယ် ပိုဆိုးရသလဲ..”
“အဲဒါကြောင့်မို့ တပည့်တော်က သူအားထုတ်တဲ့တရားကိုလဲ အထင်မကြီး၊ သူ့ကိုလဲ အထင်မကြီးတာ ပေါ့ဘုရား..”
“တရားကတော့ ကောင်းပါတယ် ဦးပဉ္ဇင်းကြီး၊ အဲဒီတရားကို အားထုတ်တဲ့သူ အချိုးမကျလို့ တရားအထင် သေးခံရတာပါ၊ ကဲ. ဦးပဉ္ဇင်းကြီးလဲ အားထုတ်တတ်ပြီပဲ. ကိုယ့်ဘာသာအားထုတ်ဦး၊ နောက်နေ့ဒီအချိန်မှာ ဒီကိုကြွခဲ့ပေါ့..”
မှန်ပါဘုရား. ဟုဆိုကာ သူ့ကျောင်းသူပြန်သွားပြီးတရားအားထုတ်နေ၏၊နောက်နေ့တွင် ရွှင်ရွှင်ပျပျနှင့် ရောက် လာပြီးလျောက်ထား ၏၊
“အရှင်ဘုရား တပည့်တော်အတွက် အားထုတ်ရတာ အဆင်ပြေပါတယ်ဘုရား..ဒကာမကြီးကိုလဲ တရားပြပေး ပါလား ဘုရား..”ဟု လျောက်ထားပြန်၏။
“ဟာ .. မလုပ်နဲ့၊ မလုပ်နဲ့. ဦးပဉ္ဇင်းကြီး..”
“ဘာဖြစ်လို့လဲဘုရား..”
“သူကသူ့ကိုယ်သူ တရားရထားပြီလို့ ဆုံးဖြတ်ချက်ချထားတာ၊ အဲဒီလိုလူကို တရားပြရတာ သိပ်ကြောက်စရာ ကောင်းတယ်..”
“တရားရပြီးသားလူကိုပြရတာ ပိုလွယ်တယ်မဟုတ်လားဘုရား..”
“အမှန်ဆိုရင် တကယ်ရတဲ့သူကတော့လွယ်တာပေါ့၊ နေရာတကာမှာ အချိုးကျအဆင်ပြေတယ်၊ အမှန်မရဘဲနဲ့ ရတယ် လုပ်ထားတဲ့သူက နေရာတကာမှာ အချိုးမကျတတ်ဘူး၊ တရားဟောလဲ မနာချင်ဘူး၊ မျက်စိမှိတ် နေတာပဲ၊ မေးကြည့်တော့လဲ ဘာမှမသိဘူး၊ ပြီးတော့နေရာတကာမှာ သူများရှေ့ကချည်းပဲ၊ အချိုးလဲ မကျ တော့ဘူး..”
“ဒီလိုဆို တပည့်တော်ဒကာမကြီးကို ဘယ်နှယ့်လုပ်ရမလဲဘုရား..”
“ဘယ့်နှယ်မှ မလုပ်နဲ့၊ ဒီအတိုင်းပဲထား၊ သူ့ဘာသာ သူ့တရားနဲ့ သူနေပါစေ..”
“ဒီအတိုင်းထားလို့တော့ မဖြစ်ဘူးဘုရား၊ သူတရားမရပဲနဲ့ ရတယ် လုပ်နေတော့မှားနေတာပေါ့ဘုရား..”
“ဦးပဉ္ဇင်းကြီးကသာ မရဘူးပြောနေတာ၊ သူကရပြီးသားပဲ၊ သူ့ဟာနဲ့သူ အချိုးကိုကျလို့..”
“တပည့်တော်တင်မဟုတ်ဘူးဘုရား၊ တစ်အိမ်သားလုံးက သူ့ကို တရားမရဘူးပဲ တွက်ဆထားတယ်..”
“အဲဒီလိုမရဘဲနဲ့ ရတယ်ထင်ပြီး သိပ်စွဲမြဲနေတာမျိုးဟာပြောဟောရတာ ခက်တယ် ဦးပဉ္ဇင်းကြီး၊ ဒိဋ္ဌိစွဲလို့ ခေါ်တယ်၊ တပည့်တော်တို့လို သာမာန်ဘုန်းကြီးတပါးမပြောနဲ့၊ ဘုရားအဆူပေါင်းတစ်သိန်းလောက် ချွတ်တာ တောင် မကျွတ်နိုင်ဘူး လို့ မဃဒေ၀လင်္ကာမှာ မန်လည်ဆရာတော်ဘုရားကြီးက လင်္ကာစီထား ခဲ့တယ်..”
“ဘယ်လိုစီထားခဲ့သလဲ ရွတ်ပြပါအုံးဘုရား..”
“သတ္တ၀ါတစ်ယောက်၊ ယူမှားမှောက်ကို၊ သိန်းလောက်ဘုရား၊ လှန်သောအားဖြင့်၊ ဟောကြားခြေချွတ်၊ ဖြေမလွတ်ဘူး၊ အကျွတ်မရ နိယတဖြင့်၊ ၀ါဒအလို၊ မြေကြီးမြို၍၊ ယူကိုစွန့်ပဲ၊ အကျင့်လွဲ၍၊ ငရဲခံလိမ့်မည် သောကြောင့်”
“ဒီလိုဆိုတော့ တယ်ကြောက်စရာကောင်းပါလားဘုရား.”
“ကြောက်စရာကောင်းတာပေါ့ ဦးပဉ္ဇင်းကြီးရဲ့၊ တရားရဖို့ရာက အင်္ဂါလေးပါးညီညွတ်မှ ရနိုင်တယ်၊ အင်္ဂါလေး ပါးညီညွတ်လို့ တရားရရင်လဲအားလုံး ကောင်းသွားတယ်..”
“အင်္ဂါလေးပါးက ဘာတွေလဲ.. အမိန့်ရှိပါအုံးဘုရား..”
၁။ သပ္ပုရိသူပနိဿယ.သူတော်ကောင်းအမှီရှိရမယ်၊
၂။သဒ္ဓမ္မဿဝန-ဘုရားဟောကြား သူတော်ကောင်းတရားအစစ်လဲ နာရမယ်၊
၃။ယောနိသောမနသိကာရ- ကိုယ်တိုင်ကလဲ နှလုံးသွင်းကောင်းရှိရမယ်၊
၎။ ဓမ္မာနုဓမ္မပဋိပတ္တိ- သူတော်ကောင်းတရားအားလျော်စွာလဲ ကျင့်ရမယ်၊
“အဲဒီလေးပါးမှာ သူတော်ကောင်းအမှီအရေးကြီးတယ်လို့ တပည့်တော်ထင်တယ်ဘုရား..”
“အင်း.ဟုတ်တာပေါ့၊ သူလွဲရင်ကျန်တဲ့အင်္ဂါတွေ မှန်ကန်ဖို့၊ ပြည့်စုံဖို့ မလွယ်တော့ဘူး၊ ဒါကြောင့်ဘုရား ရှင်ကလဲ ဟုတ်တိုင်းမှန်စွာ သိမြင်နိုင်တဲ့ ယထာဘူတဥာဏ်ရဖို့ရာ ဆရာကောင်းရှာရမယ် လို့ခဏခဏ မိန့်တော်မူခဲ့တယ်”
“ဆရာကောင်းဆိုတာ တပည့်တော်တို့ ခေတ်ပညာသင်ရာမှာတောင် လိုတယ်ဘုရား၊ ဆရာကောင်းရင် သင်ရတာ တတ်လွယ်တယ်၊ သက်သာတယ်၊ အောင်ချက်ကောင်းတယ်၊ ဆရာမကောင်းရင် အားလုံး ပင်ပန်း တယ်၊ ဒုက္ခရောက်ရတာပဲဘုရား..”
“အဇာတသတ်ကြည့်ပါလား၊ ဒေ၀ဒတ်ကိုဆရာတင်လိုက်တာ အဖေကိုသတ်တဲ့အထိ မိုက်သွားပြီး ယခု လောဟကုမ္ဘီငရဲရောက်နေ ပြီ၊ ဒါကြောင့် မဃဒေ၀လင်္ကာမှာ မန်လည်ဆရာတော်ဘုရားကြီးက လင်္ကာစီ ခဲ့တယ်..”
“မိန့်တော်မူပါအုံးဘုရား..”
“မှီဝဲသမှု၊ ဆရာပြုမူ၊ ဗဟုဿုတ၊ ဂုဏပညာဝန်၊ သီလ၀န်မှ၊ သားမွန်လည်ရွဲ၊ ဆည်းကပ်မြဲလော့၊ မှီဝဲများရာ အလေ့ပါ၏၊
စက်နိဿယ၊ ပုဂ္ဂလဟု၊ ပရ၀ါဒီ၊ အမှီမကောင်း၊ ယှဉ်မိပေါင်းက၊ အလောင်းတို့လျက်၊ ကျင့်ကောင်းပျက်၏”
“တပည့်တော် ဒီလို အကြံရတယ်ဘုရား.. ဒကာမကြီကို အရှင်ဘုရားဆီမှာ တရားနာခိုင်းရမယ်..”
“သူ့တစ်ယောက်ထဲ ဟောပေးလို့ မဖြစ်ဘူး၊ တဲ့တိုးဟောလို့ ဘယ်ရမလဲ..”
“တစ်ယောက်ထဲ မဟုတ်ပါဘူးဘုရား၊ အများထဲမှာ နာခိုင်းမှာပေါ့၊ ယခုဆိုအရှင်ဘုရားက ဒကာမကြီး အကြောင်း သိနေမှပဲ၊ ဒကာမကြီးနဲ့ သင့်တော်မယ့်တရား ရွေးဟောပေးပေါ့ဘုရား၊ သူရိပ်မိသွားရင်လဲ အကျိုး ရှိတာပေါ့၊ မရိပ်မိတော့လဲ သူ့ကံပဲပေါ့..”
“အင်း.. အဲဒီနည်းအကောင်းသားပဲ၊ခေါ်လာခဲ့၊ နာခိုင်းကြည့်ပေါ့..”
နောက်နေ့ တရားနာချိန်တွင် ဒကာမကြီး တရားနာရောက်လာသည်၊ သို့သော် တရားကိုမနာ၊ မျက်စိမှိတ်၍ အားထုတ်နေသည်၊ တနေ့တနေ့နှင့် ၂၁ ရက်သို့ ရောက်ခဲ့၏၊ ဦးပဉ္ဇင်းကြီးကား ပြန်လည်လူထွက်သွားပေပြီ၊ ဒကာမကြီးကတော့ ထူးမခြားနားပင်..
“ပညာမဲ့ငြား၊ မောဟအားဖြင့်၊ တရားမလျော်၊ မတော်ကျင့်၍၊ မသင့်ပြုထွေ၊သရေကင်းဘိ၊ ဘုန်းမရှိကြောင့်၊ သိရိလက္ခီ၊ နတ်ဒေ၀ီလျှင်၊ မမှီရှောင်လွှဲ၊ ကာဋီစွဲလျက်၊ မိုက်မဲစိတ်မှာ၊ မညစ်ရာဘူး” (မဃဒေ၀) ဓမ္မဒူတဆရာတော်ကြီး အရှင်ပညာဇောတ၏ ဗုဒ္ဓဓမ္မပြဿနာများ(၁)မှ ကူးယူပူဇော်ပါသည်။
posted by ပန်းကမ္ဘာ

No comments:
Post a Comment