လူ့စိတ်ဆိုတာ ဆန်းကြယ်တယ်လို့ စာအုပ်စာပေတွေထဲမှာရော၊ အရပ်သုံးစကားများမှာပါ ကျွန်မ မကြာ ခဏ ကြားဖူးခဲ့ပါတယ်။ ကျွန်မအနေနဲ့ကတော့ လူဆိုတာ ဝါသနာအမျိုးမျိုး၊ အမူအကျင့် အမျိုးမျိုးနဲ့ ကွဲပြား ကြတဲ့သူများဖြစ်လို့ စိတ်အထွေထွေ ဆိုတာလည်း အခြေအနေအလိုက် ဖြစ်ပေါ်နိုင်တာမို့ ဒီစကားအပေါ်မှာ သိပ်ပြီး ထူးထူးထွေထွေ မခံစားမိ၊ မတွေးတောမိဖူးပါဘူး။ ဒီလိုဆိုလို့ ကျွန်မက သိပ်ပြီး ရင့်ကျက်လွန်းလို့၊ တစ်ဖက်သားအပေါ် နားလည် စာနာတတ်လွန်းလို့တော့ မဟုတ်ရပါဘူး။ ကျွန်မရဲ့ဘဝတစ်လျှောက်မှာ ဖြတ်သန်းလာခဲ့တဲ့ လူမှုပတ်ဝန်းကျင်နဲ့ အခြေအနေ အချိန် အခါအပေါ် မူတည်ပြီး ကျွန်မလည်း လူသားတစ်ယောက် ဖြစ်တာမို့ စိတ်အထွေထွေ ပြောင်းလဲ ဖြစ်ပေါ်ခဲ့ ဖူးပါတယ်။ ဒါပေမယ့် များသောအားဖြင့် ကျွန်မရဲ့ စိတ်ခံစားမှု အပြောင်းအလဲဟာ ဘယ်သူ့ကိုမှ မထိခိုက်စေ ရအောင် အမြဲ ကြိုးစားခဲ့ပါတယ်။ ကျွန်မတို့ဟာ ပျော်ရွှင်မှုကို ခံစားရတဲ့အခါ မျက်နှာအမူအရာက ပြုံးရွှင် တက်ကြွနေတတ်တာမို့ ဘေးပတ်ဝန်းကျင်က ပျော်ရွှင်မှုကို အလွယ်တကူပဲ ခန့်မှန်းနိုင်ကြပါတယ်။ ဒါပေမယ့် ဝမ်းနည်းမှုကို ခံစားရတဲ့အခါကျတော့ လူတစ်ဦးနဲ့တစ်ဦး အမူအရာ ကွဲပြားပါတယ်။ တချို့က ဝမ်းနည်းတဲ့ အခါ အာရုံပြောင်းတဲ့အနေနဲ့ အစား အများကြီး စားတတ်ကြတယ်။ တချို့က တိတ်တိတ်ဆိတ်ဆိတ်နဲ့ ဝမ်း နည်းမှုကို အံတုကြတယ်။ တချို့ကျတော့ ဝမ်းနည်းနေတဲ့အချိန်မှာ ရှိရှိသမျှ အလုပ်တွေ အားသွန်ခွန်စိုက် လုပ်တတ်ကြတယ်။ ဒါတွေက လူတွေရဲ့ ဝမ်းနည်းမှုအပေါ် တုံ့ပြန်လေ့ရှိတဲ့ အပြုအမူတချို့ပါ။ ကျွန်မလည်း တစ်ခါတစ်ရံ ဝမ်းနည်းမှုနဲ့ တွေ့ကြုံရတဲ့အခါ ကိုယ့်ဘာသာကိုယ် သတိမထားမိဘဲ တိတ်ဆိတ် သွားတတ်ပါတယ်။ ဥပမာအားဖြင့် ကျွန်မက အကြောင်းအရာတစ်ခုကို ဆွေးနွေးတဲ့အခါ တခြားသူတွေနဲ့ အမြင်မတူတာမျိုး၊ အယူအဆ မတူတာမျိုး စသဖြင့် ကြုံလာရတဲ့အခါ အတတ်နိုင်ဆုံး ကိုယ့်ဘက်က ပြေပြေ လည်လည် ရှင်းပြပါတယ်။ ဒါကိုမှ အမြင်ချင်း ညှိလို့မရတော့ဘူး ဆိုရင်တော့ ကျွန်မ ဒီအကြောင်းအရာကို ဆက်ပြီး မဆွေးနွေးတော့ပါဘူး။ တခြား အကြောင်းအရာ ခေါင်းစဉ်တစ်ခုကို ပြောင်းပြီး ဆွေးနွေးတတ်ပါ တယ်။ ဒါဟာ ကျွန်မအနေနဲ့တော့ သဘောထားချင်း မတိုက်ဆိုင်တဲ့ အကြောင်းအရာကို ရှောင်လိုက် တာ ဖြစ်သလို ရေရှည် ဆက်ဆွေးနွေးလို့ အဖြေကောင်း မထွက်နိုင်တဲ့ အခြေအနေမျိုးမှာ ကိုယ့်စိတ် ကို ဖြေသိမ့်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ အခြားတစ်ဖက်က ကြည့်ရင်တော့ ကျွန်မဟာ ပြဿနာတစ်ခုကို ဖြေရှင်းရာမှာ ပြီးဆုံးတဲ့အထိ ဖြေရှင်းဖို့ သတ္တိနည်းသူလို့ ထင်ရနိုင်ပါတယ်။ ဒါပေမယ့် ကျွန်မကတော့ ခုချိန်ထိ ဒီနည်းလမ်းကို လက်ကိုင် ကျင့်သုံး ခဲ့ပြီး ကောင်းတဲ့ အကျိုးရလဒ်အနေနဲ့ မိတ်ကောင်း ဆွေကောင်းတွေ တိုးပွားလာခြင်းပဲ ဖြစ်ပါတယ်။ လူ အများနဲ့ ကိုယ်နဲ့ အမြင်ချင်း ဖလှယ်ကြတဲ့အခါ ကိုယ့်ဘက်က မှားနိုင်တာ ရှိသလို၊ တစ်ဖက်ကလည်း မှားနိုင် ပါတယ်။ ဒီလို ဝိဝါဒ မကွဲပြားတဲ့အနေအထားမှာ ကိုယ့်အမြင်ကိုချည်း ရှေ့တန်း မတင်သင့်သလို တစ်ဖက် အတွက်လည်း နားလည်ပေးနိုင်ဖို့ အချိန် လိုအပ်ပါလိမ့်မယ်။ ဒါကြောင့် ကျွန်မကတော့ နှစ်ဦးနှစ်ဖက် အတွက် အကောင်းဆုံး နည်းလမ်းဖြစ်တဲ့ အချိန်ယူ စဉ်းစားခြင်းကိုပဲ အမြဲ ရွေးချယ်ခဲ့ပါတယ်။ ဒီလို ရွေးချယ် ခဲ့ခြင်းဟာ အမှားနည်းမယ်လို့လည်း ယုံကြည်ပါတယ်။ ဒါကြောင့်လည်း အချိန်အတိုင်းအတာတစ်ခု ရောက် တဲ့အခါမှာ ပြဿနာဟာ ပြေလည်သွားရတာချည်းပါပဲ။ လူတစ်ယောက်နဲ့ တစ်ယောက် အမြင်တူသည် ဖြစ်စေ၊ မတူသည် ဖြစ်စေ ပြဿနာတစ်ခုကို ဖြေရှင်းရမှာ တစ်ဖက်သားအတွက် ထည့်စဉ်းစားပေးတတ်ဖို့လည်း လိုအပ်ပါတယ်။ တစ်ဖက်က မှန်တိုင်း၊ အခြားတစ်ဖက် က မှားသွားတာမျိုး မဟုတ်ပါဘူး။ အမြင်မတူတဲ့ဘက်က ရှုထောင့်ကို ပြောင်းကြည့်လိုက်တဲ့အခါ သူ့ဘက်က ကြည့်ရင်လည်း မှန်နေတာမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။ ဒါကြောင့် ကိစ္စတစ်ခု၊ ပြဿနာတစ်ခုကို ဖြေရှင်းတဲ့နေရာမှာ ကိုယ့်ဘက်ကချည်း အမြဲမှန်တာမျိုး မရှိသလို တစ်ဖက်က အမြဲမှားနေတာမျိုးလည်း မရှိပါဘူး။ လွဲမှားနေတဲ့ တစ်နေရာဟာ သူ့ဘက်မှာရော၊ ကိုယ့်ဘက် မှာရော ဖြစ်နိုင်တာမို့ မျှမျှတတ ပြောဆို ဆွေးနွေးတတ်မယ်ဆိုရင် လူအချင်းချင်း ကြားမှာ မပြေလည်မှုတွေ၊ အငြှိုးအတေးတွေ၊ အာဃာတတွေလည်း မရှိနိုင်တော့ပါဘူး။ ဒါဆိုရင် ကိုယ်လိုချင်တဲ့ ပန်းတိုင်ဆီ ရောက်ဖို့ ဆိုတာလည်း လွယ်ကူချောမွေ့သွားလိမ့်မယ်လို့ ယုံကြည်နေမိပါတယ်။
စာဖတ်သူအားလုံးကို ခင်မင် လေးစားလျက်
**မြဝတီဇော်**
- မှားတဲ့ဘက်က နေကြည့်ပါ-
စာဖတ်သူအားလုံးကို ခင်မင် လေးစားလျက်
**မြဝတီဇော်**
No comments:
Post a Comment