တေးသွားအလိုက် ဆူးရဲ့ ဦးခေါင်းလေးက တညိတ်ညိတ်လှုပ်ချင်နေမိသည်။ ဆူးက သူ့ရဲ့မျက်လုံးလေးများကိုပင် မှေးစင်းထားလိုက်သေးသည်။ ဖူးဖူးငုံနေတဲ့ နှုတ်ခမ်းနှစ်လွှာကလည်း ရွရွဖွဖွလေး လှုပ်စိလှုပ်စိနှင့်။ ကိုရီးယားလှိုင်းတွန့် ပုံစံ ဆံနွယ်ခွေများကြားမှာ နစ်မြုပ်လျှက်သားရှိနေသည့် လျှပ်စစ်ဝါယာကြိုးပျော့လေးကိုသာ မမြင်မိလျှင် သူ့အမူအရာကို ကြည့်၍ သည်ကောင်မလေး ရုပ်ကလေးသနားကမားနဲ့ စိတ်မှမှန်ရဲ့လားဆိုပြီး မသိသူက ထင်ကြပေမည်။ ဆူးကတော့ ပတ်ဝန်းကျင်မှာ သူတစ်ယောက်ထဲ ရှိနေသည့်နှယ် ဘာဆို ဘာကိုမျှ ဂရုမစိုက်။ ပတ်ဝန်းကျင်ကို သိပ်ဂရုမစိုက်တတ်သည့်စိတ်က ဆူးရဲ့မွေးရာပါဗီဇလား မပြောတတ်။ အခုလည်းကြည့်၊ ဆူးရောက်နေသည့်နေရာက အပမ်းဖြေနားနေချင်စရာ ပန်းခြံထဲမှာမဟုတ်။ အများသူငှာ စီးနေကြသည့် အထူးဘတ်စ်ကား တစ်စီးပေါ်မှာ။ အချိန်က ညခွန်နှစ်နာရီခန့်။ ကားပေါ်မှာ လူတွေများသည်။ မှတ်တိုင်တစ် နေရာရောက်လျှင် ကားက ကျောက်ချရပ်၍ ငါးပိငါးချဉ် သိပ်သည်အထိ လူစောင့်တင်သည်။ လူနံ့၊ ချွေးနံ့များ၊ စကားသံများ လှိုင်လှိုင်ထနေသည့် ဘတ်စ်ကားရဲ့ ပြုတင်းပေါက် နဘေးက ခုံမှာ ဆူးထိုင်နေသည်။ ဦးခေါင်းကို ပြုတင်းဘောင်တွင်မှီထားလျှက်က မျက်လုံးကို မှေးစင်းလျှက်၊ အမ်ပီဖိုးက လာနေသည့် သီချင်းကို အသံမထွက်ပဲ တရွရွလိုက်ဆိုညည်းလျှက်က ဆူးထိုင်နေသည်။ အထူးကားမို့ နှစ်ရာပေးစီးလာပေမယ့် အဲကွန်းမရှိ၊ သဘာဝလေတဖြူးဖြူးက ဖွင့်ထားသည့် ပြူတင်းမှတဆင့် ဆူး၏မျက်နှာတွင် ဆံနွယ်စများ လွင့်ကပ်ငြိလာစေသည်အထိ တိုးဝှေ့နေသည်။ ပတ်ဝန်းကျင်ကို ဆူးမေ့ထားသည်။ တမင်တကာ အားထုတ်စရာမလိုပဲ ဆူးရဲ့ဝသီအတိုင်း ပတ်ဝန်းကျင်ကို မေ့ကာ၊ နေတတ်သလို ဆူးနေနေတာဖြစ်သည်။ ဘတ်စ်ကားပေါ် တက်သာ စီးခဲ့သည်၊ တကယ်တော့ သည်ကားက ဘယ်ရောက်လို့ ဘယ်ပေါက်သည့် ကားမှန်းတောင် ဆူးမသိ။ ပြောရလျှင် လတ်တလော ဆူး ဘယ်ကိုသွားရမည်မသိ။ မျက်စိရှေ့ ရောက်လာသည့် ဘတ်စ်ကားပေါ် ဆူးတက်ခဲ့တာဖြစ်သည်။ လောလောဆည် ဆူးက အခုအတိုင်း ကားလိုက်စီး၍ နေချင်နေသည်။ သည်ဘတ်စ်ကားကို ဂိတ်ဆုံးအထိလိုက်စီးမည်။ ပြီးလျှင် မြို့ထဲကို ပြန်ထွက်မယ့် နောက်ကားတစ်စီးပေါ် ဂိတ်ဆုံးကနေ ပြန်လိုက်စီးမည်။ အချိန်တန် အိမ်ပြန်ရမှာကိုတော့ ဆူးသိသည်။ ကားပေါ်ရောက်ပြီး သိပ်မကြာခင် ကံအားလျှော်စွာ ထိုင်စရာနေရာ ရလိုက်သည်။ နေရာလေးရလိုက်သည်နှင့် နားကြပ်လေး နားထဲထိုးလို့ သီချင်းလေးနှင့် ငြိမ့်နေမိသည်။ ဆူးက ဦးတည်ရာမဲ့။ လောလောဆည် ဆူးရဲ့ ခေါင်းထဲမှာ နားကြပ်ထဲက ဘန်နီဖြိုးရဲ့ သီချင်းသံက လွဲလို့ ဘာဆိုဘာမှမရှိ။ မှတ်တိုင်တစ်ခုသို့အရောက် ဆူးရဲ့ နဘေးကနေရာမှာ လူတစ်ယောက် ၀င်ထိုင်လိုက်သည်။ သူထိုင် လိုက်သည့်အရှိန်က နည်းနည်းပြင်းတာမို့ ဆူးရဲ့ပခုံးလေးတောင် ယိုင်သွားရသည်။ စိတ်မြန်လက်မြန် သမားမို့ တင်းသွားပြီး “ ကြမ်းလှချည်လား” လို့ ပါးစပ်က ခပ်စူးစူးလေး ပြောလိုက်မိသည်။ “ဆောရီးဗျာ၊ အနောက်က တိုးလိုက်လို့ပါ” လို့ ပြန်ပြောသူက ဆူးတို့အရွယ် လူငယ်တစ်ယောက်။ လျှာထိုးကြီးကြီးနဲ့ ဦးထုတ်ကို ခပ်စိုက်စိုက် စောင်းထားပြီး ဖြူဖွေးနေသည့် တီရှပ်အဖြူကို ဂျင်းပန်အနက်ရောင်နဲ့ တွဲဖက်၍ ၀တ်ထားသည်။ မျက်လုံးကို ခပ်မြန်မြန် တစ်ချက် ၀င့်ကြည့်လိုက်မိသည်။ သူ့ဆီက ဒီနင်းတံဆိပ်ချွေးနံ့ ပျောက်ဆေးရနံ့ မွှေးမြမြက လေနှင့်အတူ ပျံ့လွင့်လို့လာသည်။ မျက်နှာကို ပြူတင်းမှတဆင့် ကားလမ်းမဘက်သို့ ဆူး ပြန်လွှဲလိုက်မိသည်။ ချက်ချင်းဆိုသလို ဆူးရဲ့စိတ်က မှတ်မိသွားသဖြင့် သူ့ဘက်ပြန်အလှည့် “နှင်း.. မဟုတ်လား” လို့ သူက အရင်ဦးအောင် မေးတာကို ခံလိုက်ရသည်။ ဆူးရဲ့လက်ချောင်းလေးတွေက အမ်ပီဖိုးခလုတ်လေးကို ခဏပိတ်မိလိုက်၏။ နားကြပ်လေးကို အသာခဏဖြုတ်ထား လိုက်ရင်း နှုတ်ခမ်းထောင့်လေး ကွေးသွားအောင် ပြုံးလိုက်မိလေသလား ဆူးမသိ။ ဆူး သူ့ကို မမှတ်မိပဲ ရှိပါ့မလား။ “ဟုတ်ပ… လူလူ..၊ ရေမရောတဲ့ နှင်းဆီလွင်လွင်ပါ၊ နင် အခု ရန်ကုန်မှာပေါ့” “ဟင့်အင်း… အလုပ်ကိစ္စအတွက် ရန်ကုန်ခဏရောက်နေတာ၊ ကိုယ့်ဦးလေးက ဒီမှာရှိတယ်လေ” “နင်က သန့်ပျံ့နေတော့ ငါ ရုတ်တရက် မှတ်တောင် မမှတ်မိချင်ဘူး” “ နှင်းကရော ဘာထူးလဲ၊ ဒီဇိုင်းတွေက လန်ထွက်နေတာပဲ၊ ပိုတောင် ချောလာသလိုပဲ” “ တော်စမ်းပါဟာ” သူ့ကိုယ်သူ ကိုယ်လို့ပြောတတ်တဲ့ သူ့အပြောက အရင်လို ရင်ခုန်ချင်စရာကောင်းနေသေးလားလို့ ဆူးမစဉ်းစား တတ်တော့။ သူနဲ့အမှတ်မထင် အခုလိုဆုံဖြစ်ချိန် ကျေနပ်စိတ်လေးတခဏ ဆူးရင်မှာ ဖြစ်တည်လာရသည်ကိုတော့ မငြင်းလိုပေ။ အရင်ကလို ရှိုးတိုးရှန့်တန့်မဖြစ်တော့ပဲ ဆူးရဲ့အမူအရာတွေ တည်တည်ငြိမ်ငြိမ်ရှိနေသလိုထက် မထီ့တထီ ဟန်ပေါက်နေတာကို သူ အံ့သြနေလေမလားမသိ။ “ နှင်း..အခု ဘယ်ကို သွားမလို့လဲ ” “ ဟင့်အင်း.. ဘယ်မှ မသွားဘူး၊ ကားလိုက်စီးယုံ” “ ဘယ်လို..ကားလိုက်စီးတာ ဟုတ်လား” “ ဟုတ်တယ်၊ အိမ်မပြန်ချင်သေးလို့၊တခြားနေရာလဲ သွားမနေချင်ဘူး၊ ဒီကားပေါ်မှာဆို လူတွေ ကြားထဲမှာ ဆိုတော့ စိုးရိမ်စရာ၊ စိတ်ပူစရာ မရှိဘူးလေ၊ သူများမြင်လည်း တနေရာရာ သွားဖို့ ကားစီးသွားတယ် ထင်မှာပေါ့၊ အခု ဂိတ်ဆုံးအထိ ကားလိုက်စီးမယ်၊ ပြီးရင် ဂိတ်ဆုံးက ပြန်ထွက်တဲ့ကားနဲ့ မြို့ထဲ ပြန်လိုက်မယ်၊ အဲ့အချိန်ဆို အိမ်ကို ပြန်ဝင်ရင်အတော်လောက်ပဲ” “ နှင်း.. နင်က အရင်လို ခပ်ကြောင်ကြောင်တွေ တွေးတုန်း လုပ်တုန်းလား” “ ဒီမယ်…လူလူ၊ နင်လဲ အရင်က လူမော်အောင်မဟုတ်တော့သလို၊ ငါလည်း အရင်တုန်းက နှင်းဆီလွင်လွင် မဟုတ်တော့ဘူး၊ ငါ့ အခုနာမည်က ဆူးနှင်းဆီ၊ ငါ့ကို တော်တော်များများက ဆူးလို့ ခေါ်ကြတယ်..၊ မလှဘူးလား အဲ့ဒီနာမည်.. ဟဟ..” ဆူးရဲ့ ရယ်သံဟက်ဟက်က သူတော့မသိ၊ ဆူးရဲ့နားထဲမှာတော့ သွေ့ခြောက်နေသလို ကိုယ်တိုင် ခံစားရသည်။ အထက်တန်းကျောင်းသူဘ၀ မနူးမနပ်အရွယ် သူနဲ့ဆူး ချစ်သူဖြစ်ခဲ့ဖူးတာ အခုအချိန်မှာ လွမ်းလောက်စရာရယ်လို့ ဆူးမခံစားရတော့တာ အချိန်ကာလကြောင့်လေလား။ ဒါမှမဟုတ် ဆူးမှာ ခံစားချက်ဆိုတာကြီးပဲ မရှိတော့လေသလား။ ဆူးရဲ့အသည်းကို ခွဲခဲ့သူရယ်လို့ ဆူးစိတ်ထဲ အခုအခါမှာ နာကျည်းစိတ် ဖြစ်မနေတော့တာကတော့ အံ့သြစရာ။ အမှန်တော့ ဆူးရဲ့ အသည်းနှလုံးတွေက ထုံကျဉ်လို့ နေခဲ့လေပြီ။ “လူလူ…နင်ရော အခု ဘယ်သွားမလို့လဲ၊ နင်.. ဘာတွေ လုပ်နေလဲ” “ ငါ.. သွားစရာကိစ္စလေးရှိလို့၊ အင်း.. ငါလား.. အခု နိုင်ငံခြားထွက်ဖို့ လုပ်နေတယ်လေ..” “သြော်…၊ အချိန်ကာလက လူတွေကို အရမ်းကို ပြောင်းလဲသွားစေတယ်နော်၊ တခြားမကြည့်နဲ့ အခုနင်နဲ့ ငါကို ကြည့်” “ ကိုယ်တော့ ဘာမှ ပြောင်းလဲတယ်လို့ မထင်မိပါဘူး၊ ပြောင်းလဲတာဆိုလို့ နှင်းက အရင်ထက်တောင် ချောလာသလိုပဲ” “တော်စမ်းပါဟာ..၊ အဲ့ဒီ ချောတယ် လှတယ်ပြောတာတွေ ငါနားအီနေပြီ.. ခံစားလို့ မရတော့ဘူး၊ ဖီလင်မလာတော့ဘူး” “ဘယ်လို.. ဘယ်လို.. အဲ့လောက်တောင် ၀ိုင်းပြောတဲ့သူတွေ များတယ်ပေါ့” “နင်မသိပါဘူးဟာ၊ ငါက လွန်ခဲ့တဲ့ ငါးနှစ်က နယ်မြို့လေးတစ်မြို့က နှင်းဆီလွင်လွင်ဆိုတဲ့ အချစ်ကို ကိုးကွယ်ခဲ့တဲ့ မနူးမနပ်ကောင်မလေး မဟုတ်တော့ဘူး၊ ငါ့နာမည်က ဆူးနှင်းဆီပါဆို၊ စဉ်းစားကြည့်ပေါ့” “ လိုက်လို့ မမှီတော့ပါလား၊ နှင်း..နင်က အရမ်းကို မြင့်နေပြီ ” “ ငါကတော့ ငါ့ကိုငါ မြင့်တယ်လို့ကို မထင်ဘူး၊ ဒီမှာတွေ့လား နှစ်လက်မအထူ ဒေါက်ဖိနပ်စီးထား ရတာ၊ အဲ့တာ မမြင့်လို့ပေါ့ လူလူရဲ့၊ နင်ကတော့ တကယ်ကို မြင့်လာတာ အမှန်ပဲ၊ ဆယ်တန်းကျောင်းသား ဘ၀တုန်းက ငါသိခဲ့ဘူးတဲ့ လူမော်အောင်ဆိုတာ အခုနဲ့တခြားစီ” ယောကျာ်းတန်မဲ့ ရှက်သွေးတွေ ဖြာသွားတာတွေ့ရတော့ ဆူးစိတ်ထဲ ရယ်ချင်ပက်ကျိ ဖြစ်လာရသည်။ ငါးနှစ်လောက် အချိန်တွေ ကြာပြီးမှ အမှတ်မထင် ဘတ်စ်ကားပေါ် ပြန်တွေ့မိတဲ့ ဆူးနဲ့သူ ပြောနေတဲ့ စကားတွေက တကယ့်ကို ကဘောက်တိကဘောက်ချာ။ “ စကားတွေ များနေတာနဲ့ မှတ်တိုင်ကျော်သွားဦးမယ်နော်” လို့ သူ့ကို ဆူးသတိပေးလိုက်မိသည်။ သူက ပြုံးရင်းက “ကိုယ်က နှင်းလိုပဲ ဂိတ်ဆုံးအထိ စီးရမှာ” လို့ ပြောသည်။ ဆူး မယုံပါ။ စပယ်ရာကို ကားခလှမ်းပေးစဉ် ပြောလိုက်တုန်းက ကြားမှတ်တိုင်တစ်ခုခု နာမည်မို့ ဆူးရဲ့ နှုတ်ခမ်းတွေ ကွေးညွတ်သွားမိသည်အထိ ပြုံးလိုက်မိ၏။ သူ့ရဲ့ မသေမသပ်စကားလုံးတွေကို အတွေ့အကြုံအရ အခုတော့ ဆူး ရိပ်စားမိနိုင်လေပြီ။ ကားထဲက အိပ်တန်းတက် ခရီးသည်တွေက တိတ်ဆိတ်ငိုက်မြည်းနေကြ၏။ အနည်းဆုံး သူ ဆူးနဲ့ကားဂိတ်ဆုံးအထိ အတူတူ ရှိနေရင်ကိုပဲ လမ်းတလျှောက် စိတ်ချလက်ချနဲ့ အပျင်းပြေစကားပြောသွားနိုင်သေးသည်။ “အပျင်းပြေ နင့်အကြောင်း ပြောပြပါဦး..” ဆူးရဲ့ တောင်းဆိုပုံကြောင့် သူက ဆူးကို မျက်လုံးဝင့်ကြည့်လာသည်။ “ သမရိုးကျပါပဲဟာ.. ဘာမှ ထူးထူးခြားခြား မရှိပါဘူး၊ ဘွဲ့တစ်ခုရခဲ့တယ်၊ အဲ့ဒီ ဘွဲ့နဲ့မသက်ဆိုင်တဲ့ အလုပ်တစ်ခု ကို ပြည်ပမှာ သွားလုပ်ဖို့ ကြိုးစားနေတယ်၊ ဒါပါဘဲ” “ ကောင်းလိုက်တာ၊ ငါကတော့ ဘ၀တက္ကသိုလ်မှာ ပိတ်ရက်မရှိ တက်နေရတုန်းပဲ၊ စာမေးပွဲတွေလဲ တဖုန်းဖုန်း ကျနေဆဲ၊ ဟ ဟ ” “ နှင်းက အရင်နဲ့ သိပ်မတူတော့သလိုပဲ၊ စကားတွေလဲ အရမ်းတတ်လာတယ် ” “ သေချာတာပေါ့၊ အရင်က နှင်းဆီလွင်လွင်ဆိုတာ အားငယ်တတ်၊ ကြောက်ရွံ့တတ်၊ စာနာတတ်၊ နှမျောတတ်၊ မြိုသိပ်တတ်တဲ့ သိုးမလေးပေါ့၊ အခု ဆူးနှင်းဆီဆိုတာက ကာကွယ်တတ်၊ လောဘကြီးတတ်၊ အတ္တများတတ်၊ ပွင့်လင်းတတ်သူ ကျားနာမလေးပေါ့၊ ဟဟဟား..” ဆူးရဲ့ တဟားဟားရယ်သံကို မျက်မှောင်ကျုံ့ ကြည့်လျှက်က “ အဲ့ဒီ ဆူးနှင်းဆီဆိုတဲ့နာမည်က ဘယ်သူပေးတာ လဲ .. ပြောပြပါဦး ” လို့ မေးလာ၏။ သူက အခုလို မေးလာတော့ ဆူး နည်းနည်းတော့ ငြိမ်ကျသွားသည်။ ဆူးအကြောင်းတွေ သူသိတော့လဲ ဘာများ ထူးမှာမို့လို့လဲ။ ဘတ်စ်ကားပေါ်လိုနေရာမှာ အခုမှပြန်ဆုံရတဲ့ ရည်းစားဟောင်းတစ်ယောက်ကို ဆူးရဲ့မလှမပဘ၀ ခင်းကျင်းပြဖို့ သင့်လျော်လို့လားလို့ ဆူးစဉ်းစားမိဆဲ ဆူးရဲ့လက်ကိုင်အိတ်ထဲက ဖုန်းက တုန်ခါလို့လာသည်။ ဖုန်းကို ထုတ်ယူကိုင်လိုက်မိ၏။ “ဒီည ခွင့်ယူထားတယ်…၊ သူဌေးမကို ဖုန်းဆက်ခွင့်တိုင်ထားပြီးပြီ..၊ ရှင့်ကို ပြောထားပြီးပြီပဲလေ…၊ ထပ်ပြီး အဲ့ဒီလို လုပ်နေမယ် ဆိုရင် အဲ့ဒီဆိုင်မှာ ရှင်နောက်ထပ် ကျွန်မကို တွေ့ရတော့မှာမဟုတ်ဘူး..” ဖုန်းကို တိုးတိုးကြိတ်ပြောရင်း သူ့ကို ဆူးလှမ်းကြည့်လိုက်တော့ သူက ဆူးကို မျက်နှာလွှဲထားသည်။ သို့သော်ငြား သူ့နားတွေက ဆူးဘာများပြောမလဲဆို နားစွင့်နေသယောင်ယောင်။ မှတ်တိုင်တစ်ခုမှာ ကားရပ်တော့ လူများ တိုးဝှေ့တက် လာပြန်သည်။ လက်ထဲက ဖုန်းကို ထပ်ခေါ်လို့ မရအောင် ပါဝါပါ ပိတ်ပစ်လိုက်၏။ “ကားက ပိုကြပ်လာသလိုပဲနော်” လို့ ဆူးပြောတော့မှ သူက အိနြေ္ဒရရ လူကြီးတစ်ယောက်လို ဆူးဘက်ကို လှည့်လာ၏။ ဆူးက အမ်ပီဖိုးပြန်နားထောင်ဖို့ လုပ်နေတုန်း “ကဲ.. ဆူးနှင်းဆီအကြောင်း ဆက်ပါဦး” လို့ သူက ထပ်မံတောင်းဆိုလိုက်ပြန်သည်။ “စပ်စုတဲ့သဘောလား လူလူ၊ ငါ့အကြောင်းတွေက သိပ်စိတ်ဝင်စားစရာ မကောင်းပါဘူးဟာ၊ သာမန် ထက်တောင် လျော့ပါတယ်၊ မသိချင်ပါနဲ့တော့” “ ငယ်သူငယ်ချင်းတစ်ယောက်လို ကိုယ့်ကို သဘောထားရင် အကြမ်းဖျဉ်းလောက်တော့ ပြောပြပေါ့” “ ဘာလဲ.. ငယ်ရည်စားဆိုတာကိုတော့ မေ့ထားရမယ်ပေါ့.. ဟုတ်လား လူလူ..ဟဟ..၊ စတာပါဟာ၊ အဖေက ငါတို့ မြို့လေးမှာ သူ့နောက်အိမ်ထောင်နဲ့ဆိုတော့ ငါ ဆယ်တန်းနှစ်ခါကျပြီးနောက်ပိုင်း အမေရှိတဲ့ ရန်ကုန်ကို ထွက်ခဲ့တဲ့ အထိ နင်သိပြီးသားပါ၊ နင့်အိမ်က အဲ့ဒီတုန်းက ငါနဲ့တွဲတာ မကြိုက်တာကိုလဲ ငါ အခု အချိန်မှာတော့ နားလည်တတ် လာတယ်၊ ဒါပေမယ့် အဲ့ဒီတုန်းကတော့ ငါ စိတ်ထဲ ကြိတ်ခံစားပြီး လမ်းခွဲခဲ့တဲ့ နင့်ကို နာကျည်းခဲ့မိသေးတာ၊ အိမ်ထောင်ကျိုးတစ်ခုမှာ ကြီးပြင်းခဲ့ရတဲ့ ငါ့စိတ်တွေက မိနဲ့ဖနဲ့ အပြည့်အစုံ နေခဲ့ရတဲ့ နင်တို့လို ငယ်စဉ်ထဲက မပြည့်စုံခဲ့ဘူး လူလူရ” သူ့ မျက်ဝန်းတွေက ဆူး ဘာတွေမျာ ဆက်ပြောမလဲဆိုတဲ့ သိချင်စိတ်တွေနဲ့ လွှမ်းနေမှန်း ဆူးရိပ်မိ လိုက်သည်။ “ ငါ ရန်ကုန်ရောက်တော့ အမေ့ဆီ အပြေးသွားခဲ့ပေမယ့်၊ အဖေ့ကို စိတ်နာပြီး ပြေးတဲ့ခဲ့တဲ့ အမေကိုယ်တိုင်က ဘ၀သစ်တစ်ခု ထူထောင်ဖို့ အစပျိုးနေတော့၊ ငါလဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်တိုင်ရပ်မှ ဖြစ်တော့မယ်ဆိုတာ သိလာရတယ်၊ ငါ သမာအာဇီဝ အကုန်လုပ်ခဲ့တယ်၊ ကံကြမ္မာက ငါ့ကို မျက်နှာသာ မပေးပါဘူးဟာ၊ အဲ့ဒီမှာ ငါအသည်းတစ်ခါ ထပ်ကွဲ ခွင့်ကြုံရပြန်တယ်၊ အသေးစိတ်တော့ မသိချင်ပါနဲ့တော့၊ ငါညံ့လို့ ခံလိုက်ရတာပါ၊ အဲ့ဒီကနေ မိတ်ဆွေတစ်ယောက်နဲ့ ဆက်စပ်ပြီး ငါ အခု အလုပ်လုပ်တဲ့ ဆီမှာ အလုပ် ၀င်ဖြစ်ခဲ့တယ်၊ အဲ့ဒီမှာ ငါ့နာမည်က ဆူးနှင်းဆီဖြစ်သွားတယ်၊ ပြောရရင် စားသောက်ဆိုင်အဆိုတော်ပေါ့ဟာ၊ သီချင်းဆိုကောင်းတော့ ပန်းကုံးများများရ၊ ပန်းကုံးများများရတော့ ၀င်ငွေလေး မဆိုးဘူးပေါ့၊ စီးပွားရေးမပြေလည်တဲ့ အမေ့မိသားစုကိုလဲ ငါနိုင်သလောက် ကြည့်ရှုရ တာပေါ့၊ အဲ့ဒီမှာ စားသောက်ဆိုင်မှာ ဂစ်တာတီးတဲ့တစ်ယောက်နဲ့ ပတ်သက်ပြီး ငါအသည်း တတိယအကြိမ် ကွဲရပြန်တယ်၊ သူ ဆိုင်က ထွက်သွားခဲ့တယ်၊ အဲ့ဒီနောက်ပိုင်း ငါလည်း သီချင်းတွေကို စက်ရုပ်တစ်ရုပ်လိုပဲ ၀တ်ကျေတမ်းကျေ ဆိုတတ်တော့တယ်၊ တကယ်တော့ အချစ်ဆိုတာကြီးက ငါ့အတွက်တော့ ခြောက်အိပ်မက်တွေပါ လူလူရာ၊ ငါ့မိသားစုထဲမှာရော၊ ငါကိုယ်တိုင်ရောအတွက် အချစ်က ရှားပါးပစ္စည်း တစ်ခုပါ” သူ့မျက်ဝန်းတွေကို ရင်ဆိုင်မကြည့်တော့ပဲ ဆူး ပြောနေလိုက်တော့သည်။ “လူလူ… စကားမစပ် စားသောက်ဆိုင်မှာ အလုပ်လုပ်တာနဲ့ အဲ့ဒီမိန်းကလေးက ပျက်စီးနေတယ်လို့ နင်တို့ ယောကျာ်းလေးတွေ ထင်တတ်ကြလားဟင်” “အဲ့လိုတော့ မဟုတ်ဘူးပေါ့၊ ကိုယ်ချစ်တဲ့ မိန်းကလေးဆိုရင်တော့ ဘယ်ယောက်ျားလေးမှ အဲ့ဒီ အလုပ်လုပ်တာ ခွင့်ပြုချင်ပါ့မလဲ ” “ လူလူ… နင်က အရင်တုန်းကလိုပဲ ဝေ့လည်ကြောင်ပတ် ဖြေနေပြန်ပါပြီ၊ စားသောက်ဆိုင်မှာ သီချင်းဆိုတိုင်း အပေါစားမဟုတ်ပဲ၊ ၀ါသနာပါတဲ့ သီချင်းဆိုတဲ့အလုပ်နဲ့ ဘ၀ကို ရိုးရိုးသားသား ဖြတ်သန်းနေကြတဲ့ မိန်းကလေးတွေလဲ ရှိနေတယ်ဆိုတာ နင်လက်ခံလား..” သူ့ မျက်နှာက မတုန်မလှုပ်။ “ နင် လက်မခံနိုင်ဘူးဆိုတာ ငါသိပါတယ်ဟာ..၊ ငါကတော့ အကောင်းအဆိုးဆိုတာ နေရာတိုင်းမှာ ရှိနေတယ်လို့ ထင်တယ်၊ မကောင်းတာလုပ်သူက မကောင်းတဲ့ လမ်းသွားလိမ့်မယ်၊ ငါ သီချင်း ကျွမ်းကျွမ်းကျင်ကျင် ဆိုတတ်တယ်၊ ငါဝါသနာပါတာနဲ့ ငါ ရိုးရိုးသားသား ရှာဖွေစားတယ်၊ လူတွေက အဲ့တာကို မသိဘူး၊ အုတ်ရောရောကျောက်ရောရော ငါ့ကို လာလာထင်နေကြတယ်၊ အများစုထဲက တစ်ယောက်က ငါမဟုတ်ဘူး၊ အဲ့တာက အလုပ်မှာ ငါ့အတွက် ပြဿနာတစ်ခု အမြဲဖြစ်ရတယ်” “နှင်း.. နင်က နင့်ကိုယ်နင် ရိုးသားမှန်းသိပေမယ့်၊ အများက ရောထွေးမြင်နိုင်တာပေါ့၊ အရက်မသောက် တတ်သူက အရက်သောက်တတ်သူနဲ့ အရက်ဆိုင်ထဲလိုက်သွားရင် ပတ်ဝန်းကျင်က အကြမ်းဖျဉ်းတော့ သူ့ကို အရက်သမားလို့ပဲ သတ်မှတ်မှာ၊ အဲ့ဒီသဘောပေါ့..” သူပြောတာ နားထောင်ရင်း ဆူး တွေခနဲဖြစ်သွားလားတောင် မပြောတတ်တော့ပေ။ အချိန်ကာလတွေက လူငယ်လေးတစ်ယောက်ကို အခုလို ရင့်ကျက်တဲ့ စကားလုံးတွေ ပြောတတ်လာနိုင်စေသလား မသိ။ “နင်က ကိုယ့်ကိုယ်ကို ဘောင်ခတ်ထားတာကိုး နှင်းရ၊ အကြောင်းကြောင့် အကျိုးဖြစ်ရတယ်ဆိုတာ ယေဘူယျ အားဖြင့်တော့ မှန်ပါတယ်၊ မိသားစုအဆင်မပြေတာနဲ့ နင်ပါ အဆင်မပြေခံစားနေရတယ်ဆိုတာ အတိုင်းအတာတော့ ရှိရမှာပေါ့၊ ဒါပေမယ့် အဲ့ဒီအပေါ် နင် အရမ်းစိတ်ထည့်မထားနဲ့လေ၊ နင်စိုက်ပျိုးတာကို နင်ရိပ်သိမ်းရမှာပဲ.. မဟုတ်ဘူး လား.. နှင်း” စကားလုံးတွေရဲ့အဓိပ္ပါယ်တွေကို ဖမ်းဆုတ်မိဖို့ နှင်းစိတ်တွေက အပြေးအလွှားနဲ့ အပမ်းတကြီး လိုက်နေရသည်။ မှတ်တိုင်တစ်ခုမှာ ကားရပ်လိုက်စဉ် ခရီးသည်အတော်များများ ဆင်းသွားသဖြင့် ကားအတော်ပင် ချောင်သွား၏။ သိပ်မကြာခင် မှတ်တိုင် ဂိတ်ဆုံးရောက်တော့မည် ထင်ရသည်။ အပြင်ဖက်တွင် ညက သိပ်သည်းလို့ နေ၏။ “ ငါ.. သီချင်းဆိုတာက လွဲလို့ တခြားဘာကိုမှ မလုပ်တတ်တာ” လို့ ဆူးရဲ့ နှုတ်ခမ်းကနေ ညည်းပြောလေး ပြောမိလိုက်သည်။ “ အဲ့ဒါ နှင်းစိတ်က ထင်လို့၊ နှင်းမလုပ်နိုင်တာ မဟုတ်ပါဘူး၊ နှင်း မလုပ်ကြည့်ဖြစ်သေးတာပါ၊ အခုတောင် တစ်ယောက်ထဲ ညကြီးမင်းကြီး ကားပတ်စီးရဲသေးတာပဲ၊ နှင်း ကြိုးစားကြည့်ဖို့ မေ့နေတာ နေမှာပါ ” အချက်ကျကျ သူပြောပြလာတော့ ဆူးကိုယ်တိုင်က ဒီလို အသိုင်းအ၀ိုင်းထဲမှာ စီးမျော ပျော်ဝင်နေမိတာကို သတိပြုမိလိုက်သည်။ ဆူးက ပိုးဖလံတစ်ကောင်မဟုတ်လို့သာ မီးကို မတိုးမိခဲ့လေတာ။ ဆူးရဲ့ ပတ်ဝန်းကျင်မှာ မီးတောက်ထဲကို ပျော်ပျော်ကြီးတိုးဝင်နေတဲ့ အတောင်ကျွတ် ဖလံကောင်တွေ နည်းမှမနည်းပဲ။ ဆူးရဲ့မာနနဲ့ ဆူးရဲ့အတ္တ တွေက ဆူးကို ပြန်အကာကွယ် ပေးနေပေလို့သာလို့ မတွေးစဖူး တွေးမိလိုက်၏။ “နှင်းက မိန်းကလေးလေ၊ အဲ့တာကြောင့် ဘာမဆို သတိထားပေါ့၊ အခုလိုမျိုး ကားလျှောက်စီးတာမျိုး ဆိုတာက လူမြင်ကွင်းမှာ အများနဲ့ရှိနေတာဆိုပေမယ့်၊ ဘုရားရင်ပြင်ပေါ်လို နေရာမျိုးမှာ ရောက်နေတာ မျိုးမှ မဟုတ်တာ၊ မဟုတ်ဖူး လား” ဆူး သူပြောနေတာ နားထောင်ရင်း မင်တက်နေမိသည်။ လျှာထိုးဦးထုတ်အောက်က သူ့မျက်ဝန်းများကို စေ့စေ့ရင်ဆိုင်ကြည့်ရင်း ဆူး သူပြောတာတွေကို အဆက်မပြတ် နားထောင်ချင်လာမိသည်။ “အလုပ်မှာ အပို့အကြို ဖယ်ရီရှိပါတယ်၊ ဒီနေ့ စောစောစီးစီး ဆိုင်ရောက်မှ မန်နေဂျာနဲ့ စကားများပြီး လစ်ထွက် လာတာ” ဆူးရဲ့အသံက တိုးလျလျသာ။ လေအတိုး စိမ့်ခနဲ အေးသွားတာမို့ လက်ကလေး ကျစ်ကျစ်ပိုက်ထားလိုက်မိသည်။ “ လူလူ.. ယောကျာ်းလေးတွေက ရွေးချယ်တာကို ခံနေရတဲ့ မိန်းမတွေရဲ့ဘ၀ကို ငါ တစ်ခါတစ်ခါ မုန်းတယ်ဟ..၊ သူတို့မှာ နှလုံးသားမရှိကြဘူးလား၊ မိန်းကလေးတွေက သူတို့ရဲ့ အရွေးချယ်ခံ ပစ္စည်းတွေလား” “ နှင်းပြောတာ ကိုယ် နားမရှင်းဘူး ” “ ရှင်းရှင်းလေးပါ.. နင်လည်း အခု နင့်စိတ်ကြိုက်ကို ရွေးချယ်ထားပြီးပြီပဲ မဟုတ်လား” “နှင်း.. နင်က သေသေချာချာ မချစ်ဘူးသေးလို့ပါ၊ နောက်ပြီး ယောက်ျားမိန်းမဆိုတာကလဲ သတ်မှတ်ချက်ပါ၊ တို့တွေမှာ အသိဥာဏ်တွေ ဦးနှောက်တွေ ရှိနေတာပဲ၊ လူတိုင်းက လုပ်သင့်တာ မလုပ်သင့်တာ၊ ဖြစ်သင့်တာ မဖြစ်သင့်တာ၊ ချစ်တယ်မချစ်ဘူး..၊ အားလုံးက ကိုယ့်တိုင် ဆောင်ရွက်ရမှာတွေချည်းပဲလေ၊ အဲ့တာကို အလုပ်တစ်ခုလို ရွေးချယ်တယ်လို့ ထင်ရင် မှားသွားမှာပေါ့..” စပယ်ရာရဲ့ “ရှေ့မှတ်တိုင်မှာ ဂိတ်ဆုံးမယ်” ဆိုတဲ့ အသံကြောင့် သူ့ခန္ဓာကိုယ် မတ်ခနဲ ဖြစ်သွားတာကို ဆူးသတိထားမိလိုက်သည်။ အချိန်တွေက အကုန်မြန်လွန်းသည်လို့ ဆူးထင်သည်။ ဂိတ်ဆုံးရောက်လျှင် သူနဲ့ လမ်းခွဲရတော့မည်။ လမ်းခွဲပြီးသား လူတစ်ယောက်နှင့် ထပ်မံလမ်းခွဲရတာ ဘာများ ထူးပြီး လွမ်းနေရဦးမှာလဲလို့ ဆူးတွေးမိလိုက်ပြန်သည်။ သူ့ဆီက ဖုန်းနံပတ်လေးပဲဖြစ်ဖြစ် ဆူး တောင်းထားလိုက် ချင်မိသည်။ သို့သော် ဆူးနှုတ်တွေက အာစေးထည့်ထားသလို တိတ်ဆိတ်လို့နေ၏။ ဘတ်စ်ကားက တရိပ်ရိပ် မောင်းနှင်နေရာမှ မှတ်တိုင်အဆုံးတွင် ရပ်လိုက်၏။ ဆူးတို့ နေရာမှထ၍ ကားပေါ်မှ ဆင်းလိုက်ကြသည်။ အောက်ရောက်တော့မှ သူ့အရပ်က ဒေါက်ဖိနပ် စီးထားတဲ့ နှင်းထက် ခေါင်းတစ်လုံးပိုမြင့်နေတာ သတိပြုလိုက်မိသည်။ “နှင်းကို လမ်းမခွဲခင် တစ်ခုလောက် ကြွားဦးမယ်” အပြုံးမျက်နှာနှင့် သူပြောလာတော့ ဆူးစိတ်ဝင်စားမိသွားရသည်။ “ကိုယ် စေ့စပ်လိုက်ပြီ နှင်း၊ သူက ကျောင်းဆရာမလေး တစ်ယောက်ပါ၊ နောက်နှစ်ထဲမှာ ကိုယ်တို့ လက်ထပ်ဖြစ်မယ် ” “ ၀ိုး…….. ဆိုင်းမဆင်းဗုံမဆင့် ကြော်ငြာဝင်လိုက်တာပါလား၊ ကွန်ကရက်ကျူလေးရှင်းပါ ” ရင်ထဲ နာကျင်သလိုကြီး ဖြစ်မသွားပေမယ့်၊ စိတ်ထဲမှာ မသက်မသာတော့ ဖြစ်သွားမိလေသလား၊ ဆူးကိုယ်ဆူး မသိတော့ပေ။ ဆတ်ခနဲ လှမ်းယူဆွဲပြီး နှုတ်ဆက်လိုက်မိတဲ့ သူ့လက်ဖ၀ါးက ဟိုးအရင်တုန်းကလို နွေးထွေးနေဆဲပေမယ့် ဆူးရင်ထဲမှာတော့ ထုံပေပေနဲ့ ဗလာနတ္ထိ။ ဆိုင်မှာ အလုပ်သဘောအရ ပန်းကုံးတက်စွပ်သူတွေကို လက်ဆွဲနှုတ်ဆက် ရတာ အကျင့်ပါနေတဲ့ ဆူးအတွက် ဒီလို လက်ဆွဲနှုတ်ဆက်ခြင်းက မဆန်း။ ရဲတင်းတဲ့ ဆူးရဲ့အပြုအမူကြောင့် သူ့မျက်နှာမှာ အံ့သြရိပ် ဖြတ်ပြေးသွားတာကိုတော့ ဆူး မြင်ဖြစ်အောင် မြင်မိလိုက်တော့ လက်ကို ချက်ချင်း ပြန်ရုပ်ရင်း လက်ဖ၀ါးနှစ်ဖက်ကို ဆူး ဆုတ်ခြေနေမိသည်။ ဆူး တစ်ခုတော့ သိချင်နေမိသည့်အတွက် သူ့ကိုမေးခွန်းထုတ်လိုက်မိ သည်။ “ လူလူ.. သူက မိဘတွေ ပေးစားမယ့်သူလား၊ ဒါမှမဟုတ်..” “ ဟင့်အင်း.. သူက ကိုယ့်ချစ်သူပါ၊ သူလည်း ပြောရရင် နှင်းလိုပဲ မိသားစု သိပ်အဆင်မပြေချင်ဘူး၊ ကိုယ်တို့နှစ်ယောက်လုံး ဒါကြောင့် ကြိုးစားနေကြတယ်လေ” “ သြော်.. ဒါကြောင့် နင်က ငါ့ကို အခုလိုမျိုး စကားလုံးတွေနဲ့ ဖြောင့်ဖျတတ်နေတာကိုး” “ နှင်းရော…ဒီအတိုင်းပဲလား၊ ချစ်သူရနေပြီလား” “ ငါလား…အင်း.. ဒီအတိုင်းပါပဲ၊ ငါက အသည်းကွဲဇာတာပါပုံရတယ်၊ စစချင်းတော့ ငါ့ကို သိပ်ချစ်ကြတာပဲ၊ နောက်တော့ ငါကို ချန်ထားခဲ့ရော၊ ငါကလဲ အနောက်ကနေ အတင်းတွယ်ဖက် မလိုက်တတ်တော့ ကျန်ခဲ့ရတာပေါ့၊ အဲ့တာ လူလူ… နင် စပြီး ဈေးဦးဖောက်လိုက်တာလေ ..ဟ..ဟ..၊ နောက်ထပ် အသည်းနှစ်ခါတိတိကြီးများတောင် ထပ်လဲ ကွဲပြီးရော ငါလဲ အတော့်ကို လန့်ဖြတ်သွားတော့တယ်၊ အချစ်ဆိုတာကြီးကိုလဲ ဆေးခါးကြီးလိုပဲ၊ အရိပ်ကလေးမြင်တာနဲ့ အဝေးဆုံးကို ပြေးတော့တာ..ဟ..ဟ..” အပြင်မှာ ဟာသလုပ်ပြောနေပေမယ့် ဆူးရဲ့ အသည်းတွေက ထပ်ကွဲစရာ နေရာလပ်တောင် မရှိတော့ပါဘူး လူလူရယ်လို့ စိတ်ထဲက ပြောလိုက်မိသည်။ “ ဟေ့..ဟေ့.. နင်..ငါ့ကို သနားအကြည့်နဲ့ လာမကြည့်နဲ့နော်၊ နင့်ရဲ့ ဆရာမလေး မြင်သွားမှ ဟုတ်ပေ့ဖြစ်နေမယ် ” လို့ ကြည်ဆယ်သလိုနဲ့ ပြောလိုက်တဲ့စကားလုံးတွေထဲမှာ ဆူးရဲ့မာနတွေက ငေါက်ခနဲခေါင်းထောင်လို့ ထလာသည်။ “ ကဲ..နှင်း.. အခုလို အမှတ်မထင် ပြန်ဆုံရတာ ၀မ်းသာတယ်၊ ကိုယ်တို့ ခရီးတိုလေးတစ်ခုကို အတူတူသွားခဲ့ဖူး သွားတာ အမှတ်တရ ဖြစ်သွားတာပေါ့..” “ အင်း… အခုတော့ ဂိတ်ဆုံးရောက်သွားပြီနော် လူလူ ” “ ဟုတ်တယ် ဂိတ်ဆုံးရောက်သွားပြီ၊ အမှန်တော့ ကိုယ်တကယ် ဆင်းရမယ့်မှတ်တိုင် ရှိနေတယ်၊ နှင်းကို အိမ်ပြန်ရောက်မယ့် ကားပေါ် အရောက်ပို့ချင်လို့ ဂိတ်ဆုံးအထိလိုက်လာခဲ့တာ၊ ကဲ..နှင်းလဲ နှင်းအိမ်ကိုပြန်ရောက်မယ့် ကားကိုသေချာရွေးစီးပြန်၊ ကိုယ်လည်း အဆင်ပြေတဲ့ ကားရွေးစီးပြီး ပြန်တော့မယ် ” နှုတ်ဆက်ကျောခိုင်းသွားတဲ့ သူ့ကို အပြုံးယဲ့ယဲ့ဖြင့်သာ ဆူး တုန့်ပြန်နိုင်တော့သည်။ သူ့ကို ကျေးဇူးစကားတွေ ပြောမနေချင်တော့။ တခဏနေတော့ အိမ်အပြန် ဘတ်စ်ကားတစ်စီးပေါ်မှာ ဆူးရောက်နေ၏။ အခုဆို သူလည်း ဆူးနဲ့ မတူညီတဲ့ ဦးတည်ရာဆီသို့ မောင်းနှင်နေသည့် ဘတ်စ်ကားတစ်စီးစီပေါ်တွင် ရှိနေပေမည်။ ဆူးတို့နှစ်ယောက်လုံး သွားရမည့် မတူညီသည့် လမ်းကိုယ်စီပေါ်သို့ ရောက်နေကြပြီ။ အမ်ပီဖိုးနားကြပ်လေးကို အသာအယာ နားထဲသို့ ပြန်တပ်လိုက်၏။ အမ်ပီဖိုးသီချင်းစာရင်းထဲမှ သီချင်းတစ်ပုဒ်ကို ဆူး ရွေးချယ်လိုက်ပြီး ကျယ်ကျယ်လောင်လောင်လေး ဖွင့်နားထောင်လိုက်မိသည်။ ဆူးရဲ့နှုတ်က သီချင်းစာသားလေး များကိုပင် နှုတ်မှ တိုးဖွဖွ ရွတ်ဆိုနေမိလျှက်သားရှိ၏။ ဘတ်စ်ကားကြီးကတော့ သူ့တာဝန်သူကျေပွန်စွာဖြင့် တအိအိရွေ့လို့။ ♫ ♫ တကယ်ဆို အသည်းကွဲမြို့က မင်း စွန့်ခွာနိုင်သူပါ…♫♫ ဒီလို အသည်းကွဲပြီးတော့ ♫ ကိုယ့်ရဲ့ ကမ္ဘာပျက်စီးသွား…♫ ♫မဆုံခင် လမ်းခွဲရပြီ.. ♫ ခုတော့လေ ကြေကွဲရ…♫ …တစ်ခါတစ်ရံ ချစ်တဲ့အချစ်များ♫ စိမ်းပြီလား….♫♫
ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကျကြပါစေ။
မြသွေးနီ
-အချစ်က ခရီးသွားဟန်လွဲ--
ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကျကြပါစေ။
မြသွေးနီ
No comments:
Post a Comment