-အချိန်မတန်ခင် -
(က)“သားကြီး ……
မင်းညီလေး မိန်းမ ခိုးပြေးသွားပြီ” တယ်လီဖုန်းထဲ မှ အမေ့အသံ ခပ်အက်အက်ကို ကျွန်တော်ကြားပြီးတော့ ကျွန်တော် စိတ်ညစ်သွားသည်။ ညီလေး..။ ကျွန်တော့် တစ်ဦးတည်းသော ညီလေး။ ပညာရေး တစ်ဝက်တပျက်နှင့် ညီလေး။ အသက်က တစ်ဆယ့်ကိုး မပြည့်သေး။ ဘ၀၏ ကြီးမားလှသော ဆုံးဖြတ်ချက်တစ်ခုကို သူ အလွယ်တကူ ဆုံးဖြတ်သွားခဲ့ပြီ။ ပြန်ပြင်လို့ ရဦးမည်လား။ မဖြစ်နိုင်တော့ပါ။ အမေ့ကိုတယ်လီဖုန်းထဲမှ ပြေရာပြေကြောင်းပြောပြီး ကျွန်တော် တွေးလိုက်သည်။ “အင်း … ငါ မန္တလေးကို ပြန်ရဦးမယ်”
(ခ)
ကျွန်တော့်ညီလေးက ကျွန်တော်နှင့် အသက် ဆယ်နှစ်လောက် ကွာပြီးမှ မွေးဖွားခဲ့သူ။ မွေးချင်းတွေထဲ သူက အငယ်ဆုံး။ ရုပ်က အချောကြီး မဟုတ်ပေမယ့် ကျွန်တော့်ထက် ချောသူ။ အလှအပကို ငယ်စဉ်ကတည်းက မက်မောသူ။ စာလုပ်ရန် ပျင်းရိသူ။ အပေါင်းအသင်း ဆက်ဆံရေး ညံ့သူ။ သူ့ကို နောက်ပြောင်ကျီစယ်လျှင် သည်းမခံတတ်သူ။ ထိုမျှ ကျွန်တော် တွေးပြီး ဆက်မတွေးတတ်တော့။ တကယ်ဆို သူ့အကြောင်းကို ကျွန်တော် ယခုထက်ပို သိသင့်တာပေါ့။ တစ်သွေးသား၊ တစ်မိသားစုတည်း ကိုယ့်ညီအကြောင်းကို ကျွန်တော် ဒီမျှပဲ သိနေသည်က ဖြစ်သင့်ပါသလား။ မဖြစ်သင့်ဟု ကျွန်တော် ကိုယ့်ကိုယ်ကို အပြစ်တင်နေမိသည်။ အသက်ဆယ်နှစ်မျှ ကွာဟ နေသည်ကလည်း ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်ကြားက ရင်းနှီးမှုကို ပြေလျော့စေခဲ့သည် ထင်သည်။ သူ ပြေးလွှား ဆော့ကစားတတ်ချိန်တွင် ကျွန်တော့်အသက်က တစ်ဆယ့်သုံးနှစ်။ ကျွန်တော်ကိုယ်တိုင်လည်း ကလေး စိတ် မပျောက်သေး၍ သူနဲ့ ကျွန်တော် အိမ်ခြံဝန်းထဲက ဘောလုံး တစ်လုံးနှင့် ကစားခဲ့ကြသည်။ မှတ်မိသလောက် ကျွန်တော်က ရှစ်တန်း၊ ညီလေး လေးနှစ်တုန်းက ကျွန်တော်တို့ ဘောလုံးကစားခဲ့ရသည်မှာ ပျော်စရာတွေချည်း။ ညီလေးက အငယ်မို့ ကျွန်တော့်သွင်းရမည့် ဂိုးပေါက်ကို ကျဉ်းကျဉ်းလေးလုပ်၍ သူသွင်းရမည့်ဂိုးကိုတော့ အကျယ်ကြီး လုပ်ကာ ကျွန်တော်တို့ ကစားခဲ့ကြသည်။ နောက်ထပ်၊ နောက်ထပ်၊ နောက်ထပ်သော အမှတ်တရကော….။ ကျွန်တော့်ရင်ထဲ အပြေးအလွှားရှာဖွေမိတော့ သိပ်မရှိလှတော့။ ယခု အချိန်ကျမှ ကျွန်တော် များစွာ ၀မ်းနည်း မိနေသည်။ ညီလေး။ ကျွန်တော့် ညီကလေး။ ကျွန်တော့် ရင်ထဲမှာ ကလေးလေး တစ်ယောက်လို ပုံရိပ်များသာ ပြေးလွှားဆော့ကစားနေသည့် ညီလေး။ ခု သူသည် မိန်းမခိုးပြေးသွားခဲ့ပြီ။
(ဂ)
ကျွန်တော် ရှစ်တန်းအောင်ပြီး ကိုးတန်းတက်တော့ ညီလေးက သူငယ်တန်း။ တစ်ကျောင်းတည်း တူတူ တက်ခဲ့ကြပေမယ့် ကျွန်တော်တို့ ညီအစ်ကို အရင်လို မရင်းနှီးကြတော့။ ကျွန်တော့်မှာ သူငယ်ချင်း အသစ်တစ်ချို့နှင့် လူပျိုပေါက်စိတ်ကလေး ၀င်ခါစ၊ ပြီးတော့ ကျွန်တော်က ကဗျာရေး၊ ၀တ္ထုတိုလေးတွေ ရေးချင်စိတ်တွေ ပေါ်ခါစ၊ အဲဒီအချိန်မှာ ညီလေး ကလည်း သူ့သူငယ်ချင်း ရွယ်တူကလေးလေးတွေ ရခါစဖြစ်သည်။ ကျွန်တော်တို့ ညီအစ်ကို အရင်လို မကစားဖြစ်ကျတော့။ အချိန်ကာလနှင့် လူတို့၏ အပြောင်းအလဲသည် ကျွန်တော်နှင့် ကျွန်တော်ညီလေးကို စတင် စိမ်းကားစေခဲ့သည်။ နောက်တစ်ရက်တွင် အမေနှင့် ကျွန်တော် ဖုန်းပြောမိသည်။ သူယူသွားသည့် မိန်းကလေးသည် သူတို့ နည်းပညာ တက္ကသိုလ်ကပင် ဖြစ်ကြောင်း၊ သူ့လိုပင် ပညာရေး တစ်ပိုင်းတစ်စနှင့်ပင် ဖြစ်ကြောင်း ကျွန်တော် သိရသည်။ ဖုန်းထဲမှ အမေ့ငိုသံကို ကျွန်တော် ကြားမိတော့ စိတ်မကောင်း။ အမေ..။ ကျွန်တော်တို့ အမေ။ သားသမီးသုံးယောက် မွေးဖွားပြီး ကျွန်တော်ကော ကျွန်တော့်အစ်မပါ အရွယ်ရောက် အိမ်ထောင်တွေ ပြုလို့။ အငယ်ဆုံး သားလေးနှင့် ကျန်ရစ်ခဲ့သူ။ ခုတော့ နောက်ဆုံး ကျန်ရစ်သော သားတစ်ယောက်ပါ အိမ်ထောင်ပြုသွားချိန်မှာ အမေနှင့် အဖေရဲ့ အထီးကျန် ကျန်ရစ်ခဲ့မှု။ ကျွန်တော်တွေးပြီး မိဘနှစ်ပါးလုံး အတွက် များစွာ ၀မ်းနည်းမိခဲ့သည်။
(ဃ)
ကျွန်တော့် အလုပ်မှ သူငယ်ချင်းများကို ဒီအကြောင်း ပြောပြမိတော့ သူတို့က ယခုလို အချိန်မတန်ခင် အိမ်ထောင်ကျသွားကြသည့် လူငယ်များအကြောင်းကို ပြောပြီး ကျွန်တော့်ကို ဖြေသိမ့်ကြသည်။ သူတို့ပြောသည့် လူငယ်များအကြောင်းကို ကျွန်တော် နားထောင်လို့ တွေးဖြစ်မိသည်။ အချိန်မတန်ခင် ပညာရေးတစ်ပိုင်းတစ်စ နှင့် အိမ်ထောင်ကျခါ တွေ့ရာ အလုပ်ဝင်လုပ်၊ ဘ၀ကို ဖြစ်သလို ဖြတ်သန်းကြသည့် လူငယ်များ ကျွန်တော်တို့ နိုင်ငံတွင် ဘယ်လောက်တောင် ရှိနေပါသနည်း။ ဖြစ်ချိန်တန်၊ လုပ်ချိန်တန်၍ အန္တရာယ်ကို ယူသောသူကို စွန့်စားသူဟု အမည်ပေးရပါလျှင် ဖြစ်ချိန်မတန်သေးဘဲ အန္တရာယ်ကို ယူသောသူကိုတော့ မိုက်ရူးရဲ ဆန်သူဟု ကျွန်တော်က ဆိုချင်ပါသည်။ ညီလေး အိမ်ပြန်ရောက်သည့်နေ့ ကျွန်တော်သူ့ကို ဖုန်းထဲမှ အပြစ်တွေ တင်နေမိသည်။ “မင်း တော်တော် မိုက်တဲ့ကောင် မင်း ဘာလုပ်တတ်လို့လဲ မင်း ဘာအလုပ်နဲ့ မင်းမိန်းမကို ရှာကျွေးမှာလဲ ပညာရေးကို ဆုံးခန်းတိုင်အောင် မသင်ဘူး တော်တော် အသုံးမကျတဲ့ကောင်” ဟု။ ညီလေးဘက်မှ အသံပြန်မကြားရ။ သူဘာတွေ တွေးနေပါသနည်း။ ချစ်သူကို မခွဲနိုင်၊ ဘာမဆိုစွန့်စားတော့မည်ဟု တွေးနေပါသလား။ သို့မဟုတ် တဒင်္ဂ သူ့ဆုံးဖြတ်ချက်ကို ခုမှ နောင်တတွေ ရနေပါသလား။ ကျွန်တော် မသိပါ။ ညီလေးကို ထိုထက်ပို၍ နာကျည်းအောင် ပြောဖြစ်လိုက်ဖို့လည်း ကျွန်တော့်မှာ အင်အားမရှိတာ အမှန်။ သူ့ကို ဒီလို ဆုံးဖြတ်ချက်ကို မချမိအောင် ကျွန်တော်တို့ကကော သေသေချာချာ ပညာပေး၊ ဆုံးမခဲ့ဖူးပါသလား။ မလုပ်ခဲ့ဖူးပါ။ အရာရာသည် ပြန်ပြုပြင်လို့ မရသော အချိန်တစ်ခုဆီသို့ ရွေ့လျားသွားခဲ့ပြီး ဖြစ်နေသည်။
(င)
“အမေ .. ဘာမှ စိတ်မပူနဲ့ ဖြစ်လာပြီးမှတော့ အကောင်းဆုံး လုပ်ပေးကြတာပေါ့ အမေတို့ မင်္ဂလာမဆောင်ပေးနိုင်လည်း ကျွန်တော်နဲ့ အစ်မရှိတာပဲ” တစ်နယ်တစ်ကျေးရောက်လို့နေသော ကျွန်တော်က အမေ့ကို ဖုန်းထဲကသာ ဖြေသိမ့်ပေးနေပေမယ့် တကယ်တော့ ကျွန်တော်တို့ ဘ၀တွေကလည်း မိဘအတွက်၊ ညီအစ်ကိုတွေအတွက် ပြည့်စုံအောင် မဟုတ်တောင် မည်မျှလောက် ကူညီနိုင်မှာနည်း။ သူငယ်ချင်းတစ်ယောက်၏ အယူအဆ တစ်ခုကတော့ ကျွန်တော့်ကို အတွေးစတွေ ပွားမိစေသည်။ “ဒီဘက်ခေတ်မှာ လူတန်းစားနှစ်မျိုး များလာတယ် တစ်ခုက အချိန်မတန်ခင် အိမ်ထောင်ပြုသွားတာနဲ့ နောက်တစ်ခုက အချိန်လွန်တဲ့ထိ စဉ်းစားလွန်းအားကြီးပြီး အိမ်ထောင်မပြုမိကြတော့တဲ့ လူတန်းစားကွ” မှန်နေပါသည်။ အထူးသဖြင့် နိုင်ငံ၏ ရာခိုင်နှုန်းများလှသော အခြေခံလူတန်းစားများထဲမှ ပညာမတတ် လူတန်းစားနှင့် ပညာတတ်ပြီး အခြေခံလူတန်းစားထဲမှ မရုန်းနိုင်သေးသော လူတန်းစားများတွင် ယခု ပြဿနာသည် တကယ်ဖြစ်ပျက်လို့ နေပါသည်။ အချို့မှာ ဘာမျှ မစဉ်းစား၊ အချိန်မတန်ခင် အိမ်ထောင်ကျကာ ဘ၀ကို ဖြစ်သလိုနေ၊ တွေ့ရာ အလုပ်လုပ်ကြသည်။ အချို့ကြတော့လည်း မဖြစ်သေး၊ မဖြစ်သေးလို့ တွေးကာ မည်မျှပင် ချစ်ကြ၊ ချစ်ကြ အိမ်ထောင် မပြုကြဘဲ ဘ၀ကို မစွန့်စားရဲကြပြန်။ နောက်ထပ်သော ဖြစ်နိုင်ခြေက မထူးဇာတ်ဟူသော စကားကို သုံးရလိမ့်မည် ဖြစ်သည်။ “မထူးပါဘူး .. ပညာရေးဆုံးလို့ ဘွဲ့ရပြီးမှ ယူတော့လည်း ဘာထူးလို့လဲ ဒီလိုပဲ ရုန်းကန်နေကြတာ ဒီတော့ မထူးဘူး ပညာရေးကို အဆုံးထိ သင်မနေတော့ဘူး” ဆိုသော လူတွေလည်း ရှိနေနိုင်သည်ပဲဟု ကျွန်တော် တွေးဖြစ်မိသည်။
(စ)
ခုတော့ ကျွန်တော့်ညီလေးကို မင်္ဂလာဆောင်ပေးလိုက်ရပါပြီ။ ကျွန်တော်လည်း အလုပ်လုပ် နေထိုင်နေသည့် ရန်ကုန်မှ နယ်မြို့လေးသို့ ပြန်ကာ မင်္ဂလာဆောင် အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ညီလေးသည် အနောက်တိုင်း ကုတ်အင်္ကျီကို ၀တ်လို့ လူကြီးတစ်ယောက်လို ကျွန်တော် ပထမဆုံး မြင်နေရသည်။ တစ်ချိန်က ကျွန်တော်နှင့် အတူ ဆော့ကစားခဲ့သည့် ကလေးတစ်ယောက်ကို ကျွန်တော် ပြေးမြင်မိသည်။ သူဟာ ကလေးတစ်ယောက်ပါပဲ။ သို့သော် လောကကြီးတွင် လူကြီးဖြစ်ချင်သွားသော ကလေးတစ်ယောက်လား။ သို့မဟုတ် လောကကြီးတွင် လမ်းမှားလျှောက်မိသော ကလေးတစ်ယောက်လား။ နောက်ဆုံး ကိုယ်လျှောက်မိသည့် လမ်းအပေါ် နောင်တမရဘဲ ရဲရဲကြီး ရွေးချယ်ထားသော လူငယ်တစ်ယောက်လား။ ကျွန်တော်မကွဲပြား။ သူ့လိုပဲ ကျွန်တော်တို့ နိုင်ငံမှ လူငယ်များလည်း ထိုကဲ့သို့ ပညာရေးမပြီးခင် အိမ်ထောင်ပြုသွားသည်များ မည်မျှ ရှိနေပါသနည်း။ ထိုလူငယ်လေးများ ဘ၀ကို မည်သို့ မည်ပုံ ဖြတ်သန်းကြပါသနည်း။ အတွေးများဖြင့် ကျွန်တော် ရှုပ်လို့နေပါသည်။ ပညာရေးနှင့် အိမ်ထောင်ရေး။ ကျွန်တော်တွေးတော ဆင်ခြင်ရင်း မဆုံးပြန်တော့။ ကျွန်တော်တို့ အိမ်ထောင်ရေးကကော။ ကျွန်တော် ဘွဲရ၊ ပညာတတ်သည့်အပြင် လုပ်ငန်းတစ်ခုတွင် အလုပ်တစ်ခု တည်မြဲချိန်မှ အိမ်ထောင်ပြုခဲ့သူကကော။ ခုချိန်ထိ ရုန်းကန်ကြိုးစားနေရမြဲသာ။ အတွေးများဖြင့် ကျွန်တော်သည် ကျွန်တော့်ညီလေးကို အပြစ်မတင်ချင်တော့။ သူ့ဆုံးဖြတ်ချက်မှားခဲ့သည်လား။ မသေချာပါ။ သို့သော် သေချာသည်က သူပင်ပန်းရတော့မည်။ ဒုက္ခများ၊ အခက်အခဲများကို စောလျင်စွာ သူရင်ဆိုင်ရတော့မည်ကတော့ သေချာနေပါသည်။
(ဆ)
“အေး .. မင်း အလုပ်လုပ်တာ တစ်လတောင် မပြည့်သေးဘူး ခု မင်းပင်ပန်းလို့ အလုပ်ထွက်မယ် ဆိုတော့ မင်းဘယ်လို လုပ်ကိုင် စားသောက်မှာလဲ မင်းယူထားတဲ့ မင်း မိန်းမကကော ဘယ်လို မင်းကို ယုံကြည်မှာလဲ” ကျွန်တော့်စကား အရှည်ကြီး ပြီးတော့ ကျွန်တော့် ညီက ပြောပါသည်။ သူမပင်ပန်းသည့် အလုပ်လုပ်ချင်သည်ဟု။ ကျွန်တော် စိတ်ညစ်သွားသည်။ ဘွဲ့တစ်ခုယူ၊ ပညာတတ်သည်က ထားတော့၊ ချမ်းသာသည့် လူတန်းစား တစ်ချို့တောင် အတန်ငယ်တော့ ပင်ပန်းမှ အလုပ်တစ်ခုကို အောင်မြင်ကြသည်။ ခုတော့ သူက မပင်ပန်းသည့် အလုပ်မျိုးသာ လုပ်ချင်သည်ဟု သူက ပြောသည်။ “မင်း အပင်ပန်း မခံနိုင်ဘူးပေါ့ ခု မင်းလုပ်နေတဲ့ လျှပ်စစ်ပစ္စည်းကုမ္ပဏီက မင်းကို ဘယ်လောက် ပင်ပန်းအောင် ခိုင်းနေလို့လဲ” သူ့ထံမှ စကားသံ ပြန်မကြားရပြန်။ ကျွန်တော် သိနေပါသည်။ အဲယားကွန်းတွေ ထမ်းရမည်။ ရေခဲသေတ္တာတွေ ထမ်းရမည်။ ထိုထက် မပိုနိုင်ပါ။ သို့သော် သူရှက်ပါလိမ့်မည်။ သူငယ်ချင်းများက ကျောင်းကို ရှိုးအပြည့်ဖြင့် ကျောင်းတက်နေချိန်၊ သူက လျှပ်စစ်ပစ္စည်းများ ထမ်းနေရပါသည်။ သူ့နေရာတွင် ကျွန်တော် ကိုယ်ချင်းစာနိုင်သော်လည်း သူ့ကို ကျွန်တော် အလိုလိုက်လို့ မဖြစ်။ “အေး .. မင်းကို မပင်ပန်းဘဲ ခု မင်းရနေတဲ့ လစာထက် ပိုရနိုင်တဲ့ လုပ်ငန်းပြောပြမယ် လုပ်မလား” ဆိုတော့ သူက ချက်ချင်း “ဘာလဲ” ဟု မေးလာသည်။ “အေး .. မင်း ကွမ်းယာရောင်းမလား အရင်းအနှီး ငါပေးမယ် … တရားတဲ့ အလုပ်လည်း ဖြစ်တယ် ပင်လည်း မပင်ပန်းဘူး .. ၀င်ငွေလည်း မဆိုးဘူး” ဆိုတော့ သူ့ထံမှ အသံ ထွက်မလာပြန်တော့။
(ဇ)
ကိုယ့်ညီကိုယ် ကွမ်းယာရောင်းဖို့အထိ ချိုးနှိမ်ရကောင်းလားဟု အချို့ကလည်းတွေးနိုင်သလို အချို့ကလည်း ကွမ်းယာ ရောင်းတာများ ကောင်းရာ ကောင်းကြောင်းလုပ်တာပဲ၊ လုပ်ပါစေဟု တွေးမည့်သူများလည်း ရှိနေနိုင်ပါသည်။ ကျွန်တော့်စကား ဆုံးတော့ ကျွန်တော့် ညီလေးသည် ဘာမျှ ပြန်မပြောတော့ပါ။ လူငယ်များ၊ ကျွန်တော်တို့ နိုင်ငံမှ လူငယ်များ။ အချိန်မတန်ခင် ဘ၀ကို မစဉ်းစား မဆင်ခြင် အိမ်ထောင်ပြုခဲ့ကြသော လူငယ်များ။ ကျွန်တော် တွေးရင်း ရင်လေးမိနေသည်။ ဘ၀ကို ကြုံရာနေရာမှ ဖြစ်သည့်အတိုင်း လုပ်ကိုင်ရင်း အောင်မြင်ခဲ့သူများလည်း တွေ့ခဲ့ဖူးသလို ဘ၀ကို အပင်ပန်း မခံနိုင်၊ ကြုံရာကြာပန်း လုပ်ကိုင်ရင်း ဒုက္ခပေါင်းစုံ ရင်ဆိုင်နေရသော လူငယ်များလည်း ရှိနေနိုင်ပါသည်။ ထိုမျှမက ယောက်ျားက စပယ်ရာလိုက်၊ မိန်းမက ဈေးရောင်းနေကြသော လူငယ်များ၊ အချို့ ငယ်စဉ်ကပင် စားသောက်ဆိုင် စားပွဲထိုးလုပ်၊ ပညာရေးဆိုသည်မှာ လေးတန်းပင် မအောင်ကြသော လူငယ်များ၏ ဘ၀အနာဂတ်များ။ ကျွန်တော် တွေးရင်း တွေးရင်းဖြင့် မည်သို့သော စကားလုံး၊ မည်သို့သော အမှန်တရားတို့ဖြင့် ကျွန်တော့် ညီလေးကို ဆုံးမ၊ လမ်းပြပေးရမည်နည်း။ ထိုအတွေးများဖြင့် ကျွန်တော် ဝေ့လည်နေပါတော့သည်။
---------------------------------------------------------------
**ရင်နင့်အောင်**
-
- Posted By Blogger လူဗိုလ်

No comments:
Post a Comment